မတ်လ ၁၃ရက်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီမြို့တွင် လိုင်စင်ရရှေ့နေတဦးအား ငွေကျပ်တစ်ထောင်တန်အတုကို လက်ဝယ်ထားရှိမှု ပုဒ်မ ၄၈၉-က ဖြင့် ယမန်နေ့က ဖမ်းဆီးချုပ်နှောင်လိုက်သည်ဟု ရဲစခန်းနှင့် နီးစပ်သည့် အသိုင်းအဝိုင်းများမှ သိရှိရသည်။
“အဲဒီရှေ့နေက သူ အမှုလိုက်လို့ရတဲ့ အကျိုးဆောင်ခကို မိသားစုတွေဆီ ဘဏ်မှာသွားလွဲပို့ရင်း ငွေတုမှန်းပေါ်သွားပြီး ဖမ်းမိ သွားတာ။ သူ့ကို ပုဒ်မ ၄၈၉-က နဲ့ တရားစွဲထားတယ်”ဟု နီးစပ်သူတဦးက ပြောပြသည်။
အသက် ၆၀ကျော်အရွယ်ရှိ ရှေ့နေဦးဘိုးမောင်သည် မတ်လ (၁၂)ရက်နေ့ မနက် ၁ဝနာရီဝန်းကျင်တွင် မြဝတီမြို့၊ ဘုရင့်နောင် လမ်းမရှိ မွေးမြူရေးနှင့် ရေလုပ်ငန်းဘဏ်တွင် ကျပ်တစ်ထောင်တန် ငွေအတု ငါးသောင်းကို ငွေလွဲလာရောက်ပို့ဆောင်ရာမှ စစ်ဆေးသိမ်းဆည်းမိခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ ဘဏ်ဝန်ထမ်းတဦးက ပြောသည်။
“ငွေလာလွဲတဲ့သူက တစ်ထောင်တန်အတုတွေချည်းပါတဲ့ ငွေကျပ် ငါးသောင်းကို လာလွဲတယ်။ ဘဏ်က စစ်ဆေးကြည့်တော့ အတုတွေ ဖြစ်နေတယ်။ ဒါနဲ့ ဘဏ်က ရဲစခန်းကို လှမ်းအကြောင်းကြားလိုက်တာ”ဟု ၎င်းဘဏ်ဝန်ထမ်းက ဆိုသည်။
ရှေ့နေအား အကျိုးဆောင်ခ ပေးသူမှာ မြဝတီမြို့၊ အမှတ် ၄ရပ်ကွက်ရှိ “သန့်ဇင်”စားသောက်ဆိုင်ပိုင်ရှင် ဒေါ်အေးသန့်ဖြစ်ပြီး လက်ရှိအချိန်တွင် အဆိုပါရှေ့နေကို မြဝတီအချုပ်ခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားကာ ငွေလွဲခိုင်းသူကိုမူ လိုက်လံရှာဖွေလျှက် ရှိကြောင်း သိရသည်။
ငွေတုကိုင်ဆောင်မှုဖြင့် ဖမ်းဆီးခံထားရသူ ရှေ့နေဦးဘိုးမောင်သည် လွန်ခဲ့သည့်နှစ် အနည်းငယ်ခန့်က ကေအဲန်ယူ-ကေအဲန် အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီမှ စောသီဟမျိုးနှင့် နန်းသန်းမြင့်တို့၏ ကျပ်ငွေနှင့် ဘတ်ငွေအတု ဖမ်းဆီးရမှုကို အကျိုး ဆောင်ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ပေးခဲ့ဖူးကြောင်း ကေအိုင်စီက စုံစမ်းသိရှိရသည်။
မြဝတီမြို့တွင် ယခင်က အလားတူ ငွေအတုပြဿနာများ ရှိခဲ့ဖူးသော်လည်း ငွေစက္ကူတထပ်တွင် ငွေတု တရွက်၊ နှစ်ရွက်စမျှ သာ သိမ်းဆည်းမိခဲ့ဖူးသည်။