မတ်လ ၂၇ရက်။ ကေအိုင်စီ
တောင်ငူမြို့နှင့် ၄၅မိုင်ခန့် ကွာဝေးသော ရေသိုးကြီး(ကော်သေးဒဲ)ရွာမှ ရွာသူတဦးသည် မတ်လ ၂၆ရက် နေ့တွင် ထင်းခွေသွားရင်း နအဖတပ်များ ထောင်ထားသည့်မိုင်းကို နင်းမိကာ ခြေတဖက်ပြတ်သွားခဲ့သည် ဟု ဒေသခံတဦးက ပြောသည်။
“အဲဒီနေ့ မနက် ၇နာရီခွဲလောက်မှာ ရေသိုးကြီးရွာသူ နော်ဟဲခရီဟာ ရွာအနီးအနားမှာ ထင်းသွားခွေရင်း မိုင်းနင်းမိပြီး ခြေထောက်တဖက် ပြတ်ထွက်သွားတယ်။ အဲဒီတဝိုက်က နအဖတပ်တွေပဲ ထိန်းချုပ်ထား တော့ ဒီဗုံးဟာ နအဖထောင်ထားတဲ့ ဗုံးပဲဆိုတာ တပ်အပ်ပြောနိုင်တယ်”ဟု အဆိုပါဒေသခံက ဆိုသည်။
အဆိုပါဒေသတွင် နအဖ ခမရ(၄၂၇)တပ်ဖွဲ့ဝင်များ အခြေစိုက် လှုပ်ရှားလျှက်ရှိပြီး လက်ရှိအချိန်တွင် မိုင်း နင်းမိသည့် အသက် ၄ဝအရွယ်ရှိ နော်ဟဲခရီကို ရေသိုးကြီးရွာသားများက တောင်ငူဆေးရုံသို့ ပို့ဆောင် လိုက်သည်ဟု သိရသည်။
၎င်းအပြင် ယနေ့နံနက် ၅နာရီခန့်တွင် ရေသိုးကြီးရွာသူ နော်လာ့၏ ဝက်တကောင်မှာ ရွာတွင်းရှိ အစိုးရ မူလတန်းကျောင်းအနီးတွင် ဗုံးထိမှန်သွားခဲ့သေးသည်။
ယခုကာလသည် နအဖတပ်များ တောမီးရှို့နေသည့်အတွက် ရွာသားများ လာရောက်မီးမငြိမ်းသတ်နိုင် အောင် ဗုံးများကို ရွာတွင်းရွာပြင်၌ ထောင်ထားခြင်းဖြစ်သည်ဟု ကေအဲန်ယူ တပ်မဟာ(၂)မှ တပ်မှူးတဦး က ကေအိုင်စီကို ပြောသည်။
သူက “နအဖတပ်တွေဟာ အခုလိုရာသီမှာ တောမီးတွေ လိုက်ရှို့နေတယ်။ တချို့ရွာသားတွေကလည်း သူတို့ဥယျာဉ်ခြံတွေ ပါသွားမှာစိုးလို့ ပြန်ကြည့်တော့ စစ်တပ်က ထောင်ထားတဲ့မိုင်းဗုံးကို နင်းမိတာတွေ ရှိ တယ်လေ။ အဲဒီ ခမရ(၄၂၇)တပ်ဖွဲ့က ဒီဒေသမှာ အတော်သောင်းကျန်းနေတယ်”ဟု ဆိုသည်။
ခမရ(၄၂၇)တပ်ရင်းသည် ပြီးခဲ့လ ၂၄ရက်နေ့က ၎င်းဒေသတဝိုက်ရှိ ရွာများသို့ လက်နက်ကြီးများဖြင့် ပစ် ခတ်ခဲ့သည့်အပြင် ဇန်နဝါရီလ ၁၉ရက်နေ့တွင် ဟောတူထိုးရွာသားတဦးနှင့် ဖေဖော်ဝါရီလ ၂၃ရက်နေ့ တွင် စေခဲဒဲရွာသားတဦးကို ပစ်သတ်သွားခဲ့သည်။
ရေသိုးကြီးကျေးရွာသည် တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် တည်ရှိပြီး နအဖ အမှတ်(၇) စစ်ကွပ်ကဲ ရေးဌာနချုပ် လက်အောက်ခံ ခမရ(၄၂၅)နှင့် ခမရ(၄၂၇)တပ်ရင်းများက ဖေဖော်ဝါရီနှင့် မတ်လအတွင်း တောင်ငူမှ ဘောဂလိ၊ ရေသိုးကြီး၊ ဘူဆာခီးသို့သွားရာ ကားလမ်းတဖက်တချက် တလျှောက်လုံးကို မီးရှို့ မှုများ ပိုမိုလုပ်ဆောင်လာသည်ဟု သိရသည်။
တောင်ငူခရိုင်တွင် စကခ(၇) လက်အောက်ခံ ခလရ(၂၆၁)၊ ခမရ(၄၂၁)တပ်များကလည်း ယခုနှစ်အ တွင်း မော်နီဘွားမျိုးနွယ်စုများ နေထိုင်သည့် စုစည်းကျေးရွာများ၊ ရွှေ့ပြောင်းကျေးရွာနေရာများကို မီးရှို့ ခြင်း၊ သွားလာရာတွင် ထောက်ခံစာရေးရခြင်း၊ ရွာကို ခြံစည်းရိုးကာရံခိုင်းခြင်းအပြင် ရွာအတွင်း ဝင် ရောက်တည်းခိုပြီး ရွာသားများကို လမ်းပြအဖြစ်လည်းကောင်း၊ ပေါ်တာအဖြစ်လည်းကောင်း ခေါ်ယူခိုင်း စေလျှက်ရှိသည်ဟု သိရသည်။