မယ်ဗမာတဦးလည်းဖြစ်၊ ရုပ်ရှင်သရုပ်ဆောင်တဦးလည်းဖြစ်၊ မြန်မာပြည် ဒီမိုကရေစီအရေးနဲ့ တိုင်းရင်းသားအရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့ နော်လွီဇာဘင်ဆင် (၆၉)နှစ်ဟာ ဖေဖော်ဝါရီလ ၂ရက်နေ့၊ မွန်းလွဲပိုင်းမှာ အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိစ်မြို့မှာ ဦးဏှောက်ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။
ကရင်လူမျိုးအတော်များများကတော့ နော်လွီဇာဘင်ဆင်ကို မယ်ဗမာတဦး၊ ရုပ်ရှင်သရုပ်ဆောင်တဦးဆိုတာထက် မြန်မာ ပြည် ဒီမိုကရေစီအရေးနဲ့ တိုင်းရင်းသားအရေးကို တက်ကြွစွာ လှုပ်ရှားနေတဲ့ ခေါင်းဆောင်တဦးလို့ပဲ အသိများကြပါတယ်။
နော်လွီဇာဘင်ဆင် ကိုယ်တိုင်ကလည်း ကရင်အမျိုးသားတွေရဲ့အရေး၊ တိုင်းရင်းသားတွေရဲ့အရေးနဲ့ မြန်မာပြည် ဒီမိုကရေ စီအရေးအတွက် သူမ တတ်နိုင်တဲ့ဘက်က လှုပ်ရှားဆောင်ရွက်သွားမယ်လို့ စိတ်ပိုင်းဖြတ်ထားသူပါ။
နော်လွီဇာရဲ့ ဘဝကောက်ကြောင်းတွေကို ပြန်ပြောင်းကြည့်ရင် မိဘတွေက ကြွယ်ဝချမ်းသာကြပါတယ်။ ပေါ်တူဂီနိုင်ငံသား ဖခင်နဲ့ ကရင်လူမျိုး မိခင်က မွေးဖွားလာတဲ့ နော်လွီဇာဟာ ရုပ်ဆင်းအဂင်္ါ ချောမောလှပသူပါ။ ၁၉၆၅ ခုနှစ်မှာ မယ်ဗမာဖြစ် လာပြီး အဲဒီအချိန်ကစလို့ ရုပ်ရှင်လောကထဲကို ရောက်ခဲ့သူလည်း ဖြစ်ပါတယ်။ ၁၉၅၆-၆ဝ ကာလတွေဟာ နော်လွီဇာ နာမည်ကျော်ခဲ့တဲ့ ကာလတွေပဲလို့ နော်လွီဇာရဲ့ခေတ်ကို မှီခဲ့သူတွေက ပြောကြပါတယ်။
နော်လွီဇာကိုယ်တိုင်ကတော့ နာမည်ကျော် လူသိများတဲ့ဘဝထက် ရိုးစင်းတဲ့ဘဝတခုကိုပဲ ပိုင်ဆိုင်ချင်ခဲ့တာပါ။ နိုင်ငံခြားမှာ ဘွဲ့တခုရအောင် ပညာသင်မယ်။ ပညာနဲ့ပဲ အသက်မွေးဝမ်းကြောင်းမယ်ဆိုတဲ့ စိတ်ကူးလည်း နော်လွီဇာမှာ ရှိခဲ့ဖူးပါတယ်။ ဒီစိတ်ကူးတွေကို နော်လွီဇာ ကြိုးစားပြီး အကောင်အထည် ဖော်ခဲ့ပါသေးတယ်။ နော်လွီဇာဟာ သူမစိတ်ကူးအတွက် အမေ ရိကန်ပြည်ထောင်စု၊ ဘော်စတွန်မြို့မှာ ပညာသင်ကြားခဲ့ပါတယ်။ ဘွဲ့ရလို့ မြန်မာပြည် ပြန်ရောက်လာတော့ ရုပ်ရှင်လော ကထဲကို ခြေဦးမလှည့်တော့ဘဲ တက္ကသိုလ်မှာ နည်းပြဆရာမအလုပ်ကိုပဲ နော်လွီဇာ လုပ်ခဲ့ပါတယ်။
အေးအေးချမ်းချမ်း၊ ရိုးရိုးစင်းစင်းပဲ ဘဝကို လျှောက်လှမ်းမယ်လို့ စိတ်ကူးရှိပေမယ့် နော်လွီဇာရဲ့ဘဝမှာ မထင်မှတ်တဲ့ အ လှည့်အပြောင်းတခုနဲ့ ကြုံခဲ့ရပါတယ်။ ဒါကတော့ ကေအဲန်ယူ တပ်မဟာ(၅)က ဗိုလ်မှူးလင်းထင်နဲ့ အကြောင်းပါခဲ့ရာက စခဲ့တာပါ။ အဲဒီနောက်မှာတော့ နော်လွီဇာဘဝမှာ အလှည့်အပြောင်းတွေ အများကြီး ဖြစ်ခဲ့ရပါတယ်။
“အဲဒီအချိန်ကစပြီး ကရင့်တော်လှန်ရေးအကြောင်းကို ကျမ ပိုပြီး သိခဲ့ရတယ်။ ကရင်လူမျိုးတွေ ကြုံတွေ့ခံစားနေရတာ တွေကိုလည်း ကျမ ပိုပြီး သဘောပေါက်လာတယ်။ ကိုယ့်လူမျိုးတွေ ဒုက္ခဆင်းရဲ ခံစားနေရတာကို တွေ့ရတော့ ကျမ စိတ် ထဲမကောင်းဘူး။ ကျမနိုင်သလောက် ကူညီလုပ်ပေးချင်တဲ့စိတ်တွေ ရင်ထဲမှာ ဖြစ်ပေါ်လာတယ်”လို့ နော်လွီဇာဘင်ဆင်က သူ့ဘဝ အချိုးအကွေ့တခုက ရလာတဲ့ အမျိုးသားရေးချစ်စိတ်ကို ကျမကို ပြန်ပြောင်း ပြောပြဖူးပါတယ်။
ဗိုလ်မှူးလင်းထင် ဆုံးပြီးနောက်မှာ နော်လွီဇာဟာ အမေရိကန်ပြည်ထောင်စုကို ပြန်ရောက်လာပါတယ်။ ရေစက်မကုန် တော့ ဘော်စတွန်မှာ ကျောင်းတက်တုန်းက မေတ္တာမျှခဲ့တဲ့ ရည်းစားဦး အမေရိကန်နိုင်ငံသားနဲ့ ပြန်ဆုံတွေ့ပြီး နော်လွီဇာ နောက် အိမ်ထောင်ထူထောင်ခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုကို ရောက်လာတဲ့အချိန်ကစပြီး မြန်မာ့အရေးအတွက် နော်လွီဇာ ကြိုးပမ်းခဲ့ပါတယ်။ အိမ်ထောင် ဖက်ဖြစ်သူကလည်း နော်လွီဇာရဲ့ ခံစားချက်နဲ့၊ နော်လွီဇာရဲ့ ဆောင်ရွက်မှုတွေကို နားလည်မှု အပြည့်အဝ ပေးခဲ့တယ်လို့ နော်လွီဇာက ပြောဖူးပါတယ်။
မြန်မာ့နိုင်ငံရေး၊ မြန်မာပြည်သူတွေနဲ့ မြန်မာဒုက္ခသည်တွေရဲ့ အခြေအနေတွေကို နိုင်ငံတကာက စိတ်ဝင်တစားရှိလာဖို့နဲ့ ကူညီဆောင်ရွက်နိုင်ဖို့အတွက်လည်း အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပနိုင်ငံတွေမှာ မြန်မာ့အရေး ကြားနာပွဲတွေ ဖြစ်ပေါ် လာအောင် တိုင်းရင်းသားခေါင်းဆောင်တွေ၊ ဒီမိုကရေစီခေါင်းဆောင်တွေနဲ့အတူ နော်လွီဇာ လက်တွဲဆောင်ရွက်ခဲ့ပါတယ်။
ကေအဲန်ယူရဲ့ အမေရိကန်ပြည်ထောင်စု ကိုယ်စားလှယ်တဦးလည်းဖြစ်၊ အမျိုးသားဒီမိုကရေစီတပ်ပေါင်းစုရဲ့ ခေါင်းဆောင် တဦးလည်းဖြစ်တဲ့ နော်လွီဇာဟာ တောတွေတောင်တွေထဲက တော်လှန်ရေးနယ်မြေဒေသ ဆွေးနွေးပွဲတွေမှာလည်း တက် ကြွစွာ ဆွေးနွေးအကြံပေးခဲ့သူပါ။ အနေအထိုင် ကျစ်လစ်နှိမ့်ချပြီး တော်လှန်ရေးရဲဘော်တွေ၊ အမျိုးသမီးတွေနဲ့ လူငယ်တွေ ကိုလည်း ရင်းနှီးနွေးထွေးစွာ အားပေးပြောဆိုတတ်သူပါ။
နော်လွီဇာခေတ်ကို မှီခဲ့၊ နော်လွီဇာကို Crazy ဖြစ်ခဲ့ဖူးတဲ့ တိုင်းရင်းသားခေါင်းဆောင်တချို့က နော်လွီဇာဘင်ဆင်ကို သူတို့ ခေတ်ရဲ့ ကြယ်တပွင့်လို့ တင်စားပြောဆိုကြသလို မျက်မှောက်ခေတ် ကရင်လူမျိုးတွေကလည်း ကရင်တိုင်းရင်းသားအရေး သာမက မြန်မာပြည် ဒီမိုကရေစီအရေးနဲ့ ဘဝတူ တိုင်းရင်းသားများရဲ့အရေးကို နောက်ဆုံးထွက်သက်အထိ ကြိုးပမ်း ဆောင်ရွက်သွားခဲ့တဲ့ နော်လွီဇာဘင်ဆင်ကို ကရင်အမျိုးသားတို့ရဲ့ ငွေကြယ်တပွင့်လို့ စူးနစ်စွာ ယုံကြည်ပြီးတော့ အမြဲ သတိတရ ရှိနေအုံးတော့မှာပါ။
ခိုင်မာကျော်ဇော
ဖေဖော်ဝါရီ (၃)ရက်၊ ၂၀၁ဝခုနှစ်။