Home သတင်း ရွာသားများ ၂၄နာရီ အဓမ္မ လုပ်အား‌ပေး‌နေရ

ရွာသားများ ၂၄နာရီ အဓမ္မ လုပ်အား‌ပေး‌နေရ

2169
နိုဝင်ဘာ ၁၄ရက်။ (‌ကေအိုင်စီ)

ကရင်ပြည်နယ် ဖာပွန်ခရိုင်ရှိ နအဖနှင့် ဒီ‌ကေဘီ‌အေတပ်ဖွဲ့များက ၎င်းတို့ လှုပ်ရှားရာ ‌ဒေသများအတွင်း ‌နေထိုင်ကြသည့် ရွာ သူရွာသားများအား ယခုလဆန်းပိုင်းမှစ၍ ‌နေ့‌ရောညပါ အချိန်ပြည့် ‌ခေါ်ယူခိုင်း‌စေလျှက်ရှိ‌ကြောင်း သိရသည်။

ဖာပွန်မြို့တွင် အ‌ခြေစိုက်သည့် နအဖ စစ်ဗျူဟာဌာနချုပ်-စဗခ(၁)မှ ဗျူဟာမှူး ဗိုလ်မှူးကြီး‌ဝေလင်းက ၎င်းတို့တပ်ဖွဲ့နှင့် တပ် စခန်းများအတွက် ရိက္ခာနှင့် စစ်လက်နက်ပစ္စည်းများ ပို့‌ဆောင်ရန်နှင့် သွားလာ‌ရေး လွယ်ကူ‌စေရန်အတွက် လမ်း၊ တံတားများ ပြုပြင်ရန် ဘူးသိုနှင့် ဒွဲလိုးမြို့နယ်အတွင်း လှုပ်ရှား‌နေ‌သော ဒီ‌ကေဘီ‌အေ တပ်ဖွဲ့များကို ညွန်ကြားခဲ့သည့်အတွက် ‌ဒေသခံ ရွာ သူရွာသားများ ယခုလို ‌ခေါ်ယူခိုင်း‌စေခံ‌နေရခြင်းဖြစ်သည်။

ယခုလ ၄ရက်‌နေ့က ဗိုလ်မှူးကြီး‌ဝေလင်း၏ ညွန်ကြားချက်အတိုင်း ဒီ‌ကေဘီ‌အေ(၇၇၇) က‌ဆောဝါးတပ်ရင်းမှ ဘချစ်နှင့် စိုးမြင့် ဦး ဦးစီး‌သောအဖွဲ့သည် ဖာပွန်မြို့၏‌တောင်ဘက်ခြမ်းရှိ ပျက်စီး‌နေ‌သော လမ်းတံတားများကို စတင်ပြုပြင်‌နေပြီး လမ်းတံတားပြု ပြင်‌ရေးနှင့် ၎င်းတို့ တပ်လုံခြုံ‌ရေးအတွက် ‌ဒေသခံ ရွာသူရွာသားများကို ‌နေ့တမျိုး၊ ညတမျိုး ‌ခေါ်ယူခိုင်း‌စေလျှက်ရှိသည်ဟု နယ်ခံတဦးက ယခုလို ‌ပြောသည်။

သူက “ဘူးသိုနှင့် ဒွဲလိုးမြို့နယ် စပ်ကြား‌ဒေသဖြစ်တဲ့ မယ်ညိုနှင့် မယ်က‌လော‌ကျေးနယ်‌ဒေသအတွင်းမှာရှိတဲ့ လမ်း‌တွေ၊ တံတား‌တွေ ပြုပြင်ဖို့ ဒီ‌ကေဘီ‌အေက ဒီလ ၄ရက်‌နေ့ကစပြီး‌တော့ ‌ဒေသခံရွာသား‌တွေကို ‌ခေါ်ခိုင်း‌တော့တာပဲ။ ‌နေ့ဘက်ဆိုရင် တရက်ကို ရွာသူရွာသား အ‌ယောက် ၂၀‌လောက်‌ခေါ်ခိုင်းတယ်။ ညဘက်ဆိုရင် သူတို့လုံခြုံ‌ရေးအတွက် တညကို ၅‌ယောက်စီ ‌ခေါ်ပြီး‌တော့ ကင်း‌စောင့်ခိုင်းတယ်။ ‌နေ့ဘက်မှာလည်း ရွာသား‌တွေ လုံခြုံ‌ရေးယူ‌ပေး‌နေရ‌သေးတယ်။ အခုလည်း လမ်းတံတား ပြုပြင်‌နေတုန်းပဲ”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

၎င်းပျက်စီးသွား‌သော လမ်း၊ တံတားများမှာ ဒီ‌ကေဘီ‌အေနှင့် နအဖတပ်များ ပူး‌ပေါင်းပြီး ဖာပွန်ခရိုင် ‌ကေအဲန်ယူ တပ်မဟာ(၅) နယ်‌မြေကို ထိုးစစ်ဆင်မည့်သတင်း‌ကြောင့် အဆိုပါတပ်များ သွားလာ‌ရေးကို ဟန့်တားသည့်အ‌နေဖြင့် စက်တင်ဘာလ ဒုတိယ ပတ်အတွင်းက နယ်‌မြေခံ ‌ကေအဲန်အယ်လ်‌အေတပ်မှ ဖျက်ဆီးထားခဲ့သည့် တံတားများဖြစ်သည်။

ဖါပွန်ခရိုင်တွင်း ယွန်းစလင်း‌ချောင်း
ဖါပွန်ခရိုင်တွင်း ယွန်းစလင်း‌ချောင်း

ယင်းသို့ ပျက်စီးသွားခဲ့သည့် တံတားများကို ၎င်းဒီ‌ကေဘီ‌အေအဖွဲ့က လွန်ခဲ့‌သောလအတွင်း ပြုပြင်ရန် လုပ်‌ဆောင်‌နေစဉ် မိုင်း နင်းမိ၍ ထိခိုက်ဒဏ်ရာမှုများ ရှိသဖြင့် ယခုလို ‌ဒေသခံရွာသူရွာသားများကို ‌ခေါ်ယူပြီး ၎င်းတို့နှင့်တူ သွားလာလှုပ်ရှားကာ လမ်း တံတားများ ပြုပြင်ခြင်းဖြစ်သည်။

‌ဒေသခံ ရွာသူရွာသားများကို ‌ခေါ်ယူခိုင်း‌စေသည့်ကိစ္စနှင့် ပတ်သက်၍ ဖာပွန်‌ဒေသအတွင်း လှုပ်ရှား‌နေ‌သော ဒီ‌ကေဘီ‌အေ တပ်ဖွဲ့ထံ ‌ကေအိုင်စီက ဆက်သွယ်‌မေးမြန်း‌သော်လည်း အဆက်အသွယ်မရပါ။

‌ကေအဲန်ယူ တပ်မဟာ(၅)‌ဒေသကို နအဖနှင့် ဒီ‌ကေဘီ‌အေ ပူး‌ပေါင်းထိုးစစ်ဆင်မည့်သတင်း ထွက်‌ပေါ်လာပြီး‌နောက် ဖာပွန်-ကမ‌မောင်း ကားလမ်းကို စက်တင်ဘာလ ၁ရက်‌နေ့ကစ၍ ‌ကေအဲန်ယူက ပိတ်ထားလိုက်ပြီး‌နောက် ထို‌ဒေသအတွင်းရှိ လူထု များ သွားလာ‌နေသည့် ယွန်းစလင်း‌ချောင်း ‌ရေလမ်း‌ကြောင်းကိုလည်း နအဖ တပ်တို့ဘက်က ‌အောက်တိုဘာလတွင် ထပ်မံ ပိတ်ပစ်လိုက်သည်။