Home သတင်း ကရင်နီ‌ဒေသတွင် တိုက်ပွဲဖြစ်ပွား နအဖ စစ်‌ကြောင်းမှူးတဦးအပါအဝင် တပ်သား(၉)ဦး ကျဆုံး

ကရင်နီ‌ဒေသတွင် တိုက်ပွဲဖြစ်ပွား နအဖ စစ်‌ကြောင်းမှူးတဦးအပါအဝင် တပ်သား(၉)ဦး ကျဆုံး

2212
‌အောက်တိုဘာ ၃၁။ နန်းထူးစံ (‌ကေအိုင်စီ)

ကရင်ပြည်နယ်‌မြောက်ပိုင်း၊ သံလွင်မြစ်၏ အ‌ရှေ့ဘက်ခြမ်းရှိ ကရင်နီ‌ဒေသတွင် နအဖ တပ်နှင့် ကရင်အမျိုးသား လွတ်‌မြောက်‌ရေး တပ်မ‌တော် (‌ကေအဲန်အယ်လ်‌အေ)နှင့် ကရင်နီအမျိုးသား တိုးတက်‌ရေးပါတီ(‌ကေအဲန်ပီပီ) ပူး‌ပေါင်းတပ်ဖွဲ့တို့အကြား ယမန်‌နေ့ညက တိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖတပ်ဘက်မှ စစ်‌ကြောင်းမှူး တဦးအပါအဝင် တပ်သား ၉ဦး ကျဆုံးသွားခဲ့ပြီး ၄ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု ထို‌ဒေသမှ လာသည့်သတင်းအရ သိရသည်။

ထို‌နေ့ည ၇းဝဝနာရီအချိန်တွင် ကရင်နီပြည်နယ် ‌လောပိတအ‌ခြေစိုက် အ‌ရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် လက်‌အောက်ခံတပ်ရင်း ခမရ (၅၃၀)မှ စစ်‌ကြောင်း(၂)က သံလွင်မြစ်အ‌ရှေ့ခြမ်း မယ်ဆက်မြို့‌ဒေသအတွင်း လှုပ်ရှားလှည့်လည်စဉ် ‌ဒေသခံ ‌ကေအဲန်ပီပီနှင့် ‌ကေအဲန်ယူ တပ်မဟာ (၂)မှ ‌ကေအဲန်အယ်လ်‌အေ ပူး‌ပေါင်းတပ်တို့နှင့် ‌တွေ့ဆုံ တိုက်ပွဲဖြစ်ပွားခဲ့ခြင်း‌ကြောင့် နအဖဘက်က စစ်‌ကြောင်းမှူး ဗိုလ်ကြီး တင်ထွန်း‌အောင်၊ ဗိုလ်ဉာဏ်လင်းဦးနှင့် အကြပ်တပ်သား (၇)ဦးတို့ တိုက်ပွဲအတွင်း ကျဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု ‌ကေအဲန်ယူ တွဲဖက်အတွင်း‌ရေးမှူး (၁) ဗိုလ်မှူး ‌စောလှ‌ငွေက ‌ကေအိုင်စီကို ‌ပြောဆိုသွားသည်။

သူက “ခမရ (၅၃၀)မှ ဗိုလ်ကြီးတင်ထွန်း‌အောင် ဦးစီးတဲ့ စစ်‌ကြောင်း(၂)က အင်အား ၄၀ဝန်းကျင်‌လောက်ရှိမယ်။ သူတို့က အဲဒီမယ်ဆက်မြို့ ‌ဒေသ‌တွေမှာ ဝင်‌ရောက်လှုပ်ရှားတာ။ မ‌နေ့ည ၇းဝဝနာရီအချိန်‌လောက်မှာ အဲဒီ ဗိုလ်ကြီးတင်ထွန်း‌အောင်အဖွဲ့နဲ့ ‌ဒေသခံ ‌ကေအဲန်ပီပီ၊ ‌ကေအဲန်အယ်လ်‌အေ ပူး‌ပေါင်းတပ်နဲ့ မယ်ဆက်မြို့အနီးတဝိုက်မှာရှိ ‌ထောပလာရိုကားလမ်း‌ပေါ်မှာ ‌တွေ့ဆုံပြီး‌တော့ တိုက်ပွဲဖြစ်တာ။ တိုက်ပွဲက နာရီဝက်‌လောက်ကြာတယ်။ နအဖ ဘက်က‌တော့ စစ်‌ကြောင်း မှူးအပါအဝင် (၉)ဦး ကျဆုံးတယ်။ (၄) ဦး ဒဏ်ရာရတယ်လို့ ကြားတယ်” ဟု ဆိုသည်။

ထိုတိုက်ပွဲတွင် နအဖ ဘက်မှ ကျဆုံးဒဏ်ရာရမှု ရှိ‌သော်လည်း ‌ကေအဲန်ပီပီနှင့် ‌ကေအဲန်အယ်လ်‌အေ ပူး‌ပေါင်းတပ်ဘက်တွင် ထိခိုက်ဒဏ်ရာရမှု မရှိဘူးဟု သိရသည်။

ကရင်ပြည်နယ်နှင့် ကရင်နီပြည်နယ်ရှိ ‌ဒေသခံတပ်များနှင့် နအဖ တပ်များအကြား ‌အောက်တိုဘာလအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအနက် ယခုအကြိမ် ဖြစ်ပွားသည့်တိုက်ပွဲသည် နအဖ တပ်ဖွဲ့ဝင်များ အကျအဆုံးအများဆုံးနှင့် တိုက်ပွဲဖြစ်ပွားချိန်အကြာဆုံးဖြစ်သည်ဟု သိရသည်။