မတ်လ ၃၁ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ စအိုင်ဆူး
ကရင်ပြည်နယ်၊ မြိုင်ကလေး ဘိလပ်မြေစက်ရုံ အနီးဝန်းကျင်ရှိ ကျေးရွာများ လတ်တလော ကြုံတွေ့နေရသည့် ရေထုညစ်ညမ်းမှု (ရေမဲ) ကိစ္စရပ်အပေါ် အစိုးရ အပါအဝင် သက်ဆိုင်ရာ အစုအဖွဲ့အားလုံးပါဝင်သည့် ယန္တရား ဖြင့် ဖြေရှင်းပေးရန် ကရင်မြစ်ချောင်းများ စောင့်ကြည့်ရေးအဖွဲ့-(Karen Rivers Watch)မှ ယမန်နေ့ မတ်လ ၃ဝ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်တောင်းဆိုလိုက်သည်။
လတ်တလောတွင် ဒေသခံများကြုံတွေ့နေရသည့် ရေထုညစ်ညမ်းမှု ပြဿနာကို ထိရောက်သည့် ဖြေရှင်း ပေးမှု မရှိသေးသည့်အပေါ် ရေများသုံးစွဲသောက်သုံးရန်အတွက် ပြင်ပရေအလှူရှင်များအပေါ်တွင်သာအား ထားနေရသေးကြောင်း KRW က ပြောသည်။
KRW၏ ပြောခွင့်ရ စောအားနေမူးက “ဒီရေမဲတဲ့ ဖြစ်စဉ်အပေါ်မှာ အစိုးရရယ်၊ MEC (မြန်မာ့စီးပွားရေး ကော်ပို ရေးရှင်း)ရယ်၊ ပြီးတော့ KNUရယ်၊ ပြီးတော့ လူထု၊ ပြီးတော့ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေ နဲ့ ပူးပေါင်းပြီး တော့ တာဝန်ယူမှု တာဝန်ခံမှုရှိဖို့ ပွင့်လင်းမြင်သာမှု ရှိဖို့အတွက် ပူးပေါင်းဆောင်ရွက်နိုင်တဲ့ ယန္တရားတစ်ခု အမြန်ဆုံး ကိုင်တွယ်ဖြေရှင်းဖို့ လိုတယ်”ဟု ကေအိုင်စီသို့ပြောသည်။
ထို့အပြင် သောက်သုံးရေ အခက်အခဲ ကြုံတွေ့နေရသည့် ဒေသခံများအတွက် ရေရရှိရန် အစိုးရအနေဖြင့် အမြန် ဆုံး ဖြေရှင်းပေးရန်အပြင် ရေထုညစ်ညမ်းမှုနှင့် ဆက်စပ်သည့် MEC ကုမ္ပဏီ၏ ကျောက်မီးသွေး လောင် စာ အသုံးပြုမှုအပေါ် ဥပဒေနှင့်အညီ နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အညီ တာဝန်ယူဆောင်ရွက်ပေးရန်နှင့် သဘာ ဝပတ်ဝန်းကျင်အရေးလှုပ်ရှားသူ စောသာဘိုးအပေါ် တရားစွဲဆိုထားမှုကို အမြန်ဆုံး ပြန်လည်ရုပ်သိမ်းသင့် ကြောင်းလည်း စောအားနေမူးက ဆက်ပြောသည်။
အဆိုပါ ရေအခက်အခဲဖြစ်နေသည့် နတ်ကုန်း၊ ငှက်ပျောတောနှင့် ကော့ပတိုင်ကျေးရွာ ဒေသခံများအတွက် အစိုးရမှ အဝီစိတွင်းရေများနှင့် ရေသိုလှောင်ကန်များကို ရေမဲဖြစ်စဉ်နောက်ပိုင်း လာရောက်စီစဉ်ပေးခဲ့ မှုများရှိသည်။ ၎င်းတွင်းများမှ ထွက်ပေါ်လာသည့် ရေများကို စမ်းသပ်စစ်ဆေးမှုများပြုလုပ်ရန် ရေနမူနာ ယူသွားပြီး ယနေ့ အချိန်ထိ စစ်ဆေးမှု ရလဒ်ကို ဒေသခံများအား လာရောက်ရှင်းလင်းချပြခြင်းမရှိသေး သည့်အပေါ် ဒေသခံများမှာ အဆိုပါ ရေသုံးစွဲရန် စိုးရိမ်မှုရှိနေကြောင်း ဒေသခံများက ဆိုသည်။
ငှက်ပျောတော ရွာသားတစ်ဦးက “ အဝတ်လျှော်ဘာလျှော်အတွက်က ဒီတုန်ကင်ရေပဲသုံးတာပေါ့။ ချက်ပြုတ်ဖို့ အတွက်ကျတော့ ဒီရေတွေ မသုံးရဲဘူးလေ။ ရေဝယ်သုံးရတာပေါ့။ တချို့က ဝယ်မသုံးနိုင်တဲ့သူက အဲ့ရေကိုပဲ သုံးကြရတာပဲ။ ဆရာတော်က ရေလာလှူတာရှိတယ်။ အဲ့လို ဆရာတော်လာလှူတဲ့အခါ သောက်ရေ အတွက် ထားထားတယ်” ဟုကေအိုင်စီသို့ပြောသည်။
ယမန်နေ့က ထုတ်ပြန်သည့် KRW၏ ထုတ်ပြန်ချက်၌ လတ်တလော ဒေသခံများ ရင်ဆိုင်နေရသည့် ရေညစ် ညမ်းမှု ပြဿနာသည် တန် (၄,၀၀၀) ထုတ်လုပ်နေသည့် ဘိလပ်မြေစက်ရုံမှ ကျောက်မီးသွေးသုံး လောင်စာ အသုံးပြုမှုနှင့် ဆက်စပ်ကြောင်း သုတေသန ပြုမှုများပါဝင်သည့် အကျဉ်းချုပ်ရှင်းလင်းချက်များကိုပါ ပူးတွဲပါရှိ သည်။
“အဆိပ်သင့် အသက်ရေ နှင့် ဥပက္ခာပြုခံရသောဆုတောင်းသံများ” ဟူသည့် ခေါင်းစဉ်ဖြင့် ပူးတွဲပါရှိသည့် အဆိုပါ ရှင်းလင်းချက်များတွင်လည်း လတ်တလောရေမဲပြဿနာသည် ကျောက်မီးသွေး လောင်စာသုံး ဘိ လပ်မြေ စက်ရုံကြောင့်ဟု ဒေသခံများယုံကြည်ကြောင်းနှင့် ၎င်းရေမဲဖြစ်စဉ်၏ နောက်ဆက်တွဲ ဆိုးကျိုး များ အပြင် ရေစမ်းသပ်စစ်ဆေးမှု အဖြေရလဒ်များနှင့် ၎င်းရေမဲကိစ္စအပေါ် ကူညီလှုပ်ရှားဆောင်ရွက်သည့် စောသာ ဘိုးအပေါ် တရားစွဲဆိုမှုကိစ္စရပ်များကိုပါ အသေးစိတ်ထည့်သွင်းဖော်ပြရှင်းလင်းထားသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁၇ရက်နေ့က အဆိုပါ ရေထုညစ်ညမ်းမှုကိစ္စရပ်အပေါ် ဒေသခံလူထုများနှင့် သံဃာ တော်များစုပေါင်း၍ ဆုတောင်းပွဲပြုလုပ်ခဲ့သည့် ကိစ္စရပ်နှင့်ပတ်သက်ပြီး KRWအဖွဲ့ဝင် စောသာဘိုးကို ပုဒ်မ (၅၀၅) (ခ)နိုင်ငံတော် အကြည်အညိုပျက်စေမှုဖြင့် တရားစွဲဆိုခဲ့ပြီး လက်ရှိအချိန်တွင် ဖမ်းဝရမ်းထုတ်ထားကာ ၎င်းတရားစွဲဆိုမှုသည် ကျိုးကြောင်း ဆီလျော်မှုမရှိကြောင်းလည်း KRWက ဆိုသည်။
ယခင် သဘာဝ ဓါတ်ငွေ့ဖြင့် လည်ပတ်သည့် တန် (၄၀၀၀) ဘိလပ်မြေစက်ရုံကို ၂၀၁၈ခုနှစ်တွင် ကျောက်မီး သွေးလောင်စာဖြင့် စတင်ပြောင်းလဲသုံးစွဲချိန်မှစ၍ ၎င်းစက်ရုံအနီးဝန်းကျင်ရှိ ကျေးရွာပေါင်း (၁၅)ရွာ ခန့်သည် ပြီးခဲ့သည့် နှစ် ၂၀၁၉ ခုနှစ် အောက်တိုဘာလမှစ၍ အင်းအိုင်များအတွင်း ရေမဲဖြစ်စဉ်များ၊ ငါးသေဆုံးမှု ဖြစ်စဉ် များအပြင် ဒေသခံရွာသားအချို့ အရည်ပြား ရောဂါများစတင်ရရှိလာခဲ့သည့် ဖြစ်စဉ်များဖြစ်ပေါ်ခဲ့သည်ဟု KRWက ပြောသည်။
၎င်းဖြစ်စဉ်များအပေါ် ပြီးခဲ့သည့် နှစ် အောက်တိုဘာလ ၁၁ ရက်နေ့၌ ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့် ကိုယ်တိုင် ကျေးရွာ(၃)ရွာသို့ ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ၎င်းဒေသရှိ တွင်းရေ၊ အင်းရေ များသည် အန္တရာယ်မရှိကြောင်းနှင့် သောက်သုံးရန် သင့်တော်ကြောင်းဆိုခဲ့သလို နမူနာ သောက်သုံးပြမှုများ လည်း ပြုလုပ်ခဲ့သေးသည်။
၂ဝဝဝ ခုနှစ်မှစပြီး ကရင်ပြည်နယ်၊ သံလွင်မြစ်ပေါ်တွင် မြန်မာအစိုးရနှင့် ထိုင်းနိုင်ငံအစိုးရတို့မှ ယခင်ကတည်း က တည်ဆောက်ရန်စီစဉ်ခဲ့သော ရေကာတာအချို့နှင့်ပတ်သက်ပြီး ပြန်လည်ပြောဆို ဆွေးနွေးမှုများရှိလာခဲ့ သည့်အပေါ် အဆိုပါရေကာတာစီမံကိန်းများကို စောင့်ကြည့်လေ့လာရန်အတွက် ၂ဝဝ၃ ခုနှစ်၌ ကရင်မြစ်ချောင်းများစောင့်ကြည့်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။