တိုင်းရင်းစာပေတိုးတက်ပြန့်ပွားရေး နိုင်ငံတော်စီမံကိန်းပမာ ဆောင်ရွက်သင့်
ယခုနှစ်ဆန်းပိုင်းတွင် သက်ဆိုင်ရာ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှု ကော်မတီဝင်များက တိုင်းရင်းသားစာပေ သင်ရိုးညွှန်း တမ်းဆိုင်ရာ ရေးဆွဲပြုစုရေး လုပ်ငန်းတွင် အားစိုက် ဆောင်ရွက်နေကြသည်။ အစည်းအဝေးများ၊ တွေ့ဆုံမှုများ၊ ဖလှယ်မှုများအ ပြင် ပြည်နယ်ရေးရာ လေ့လာစရာ သင်ရိုးညွှန်းတမ်းကိုလည်း အခြေခံပညာကျောင်းများ၏ အဆင့်ဆင့်သော အတန်းတိုင်းတွင် သင်ကြားပို့ချနိုင်ရန် ဒေသပေါင်းစုံမှ စာပေဆိုင်ရာ ပါဝင်ပတ်သက်သူများက ကြိုးစားအားထုတ် ဆောင်ရွက်လျှက်ရှိကြသည်။
အလားတူ တိုင်းရင်းသားစာပေသင်ရိုးညွှန်းတမ်း ရေးဆွဲရေးကဏ္ဍ၊ ရေးဆွဲထားသည့် သင်ရိုးညွှန်းတမ်းကို ချပြရှင်းလင်းသည့် ကဏ္ဍများကိုလည်း ကရင့်ရေးရာလှုပ်ရှားမှုထဲတွင် တွေ့ရှိလာရသည်။ သို့သော် လက်တွေ့ အခြေအနေနှင့် ကိုက်ညီအပ်စပ်မှု အပိုင်းကိုလည်း ပါဝင်ပတ်သက် ဆောင်ရွက်ခဲ့ကြသူများက ထည့်သွင်းစဉ်းစားရမည့် အချက်တစ်ချက်လည်း ဖြစ်ပေသည်။
ပြီးခဲ့သည့် ဦးသိန်းစိန် သမ္မတ အစိုးရအဖွဲ့သက်တမ်းကတည်းက တိုင်းရင်းသားစာပေများကို စာသင်ကျောင်းများတွင် သင်ကြား ပို့ချပေးရန် နီးစပ်ရာ ကျေးရွာ၊ မြို့နယ်များ၌ အနည်းငယ် ဆောင်ရွက်လာခဲ့ပြီး အရပ်သားအစိုးရတဖြစ်လည်း သမ္မတနှစ်ဦးဖြင့် တာဝန်ယူလာခဲ့သည့် လက်ရှိ NLD အစိုးရသက်တမ်းအထိ ကျောင်းချိန်ပြင်ပမှ၊ ကျောင်းချိန်တွင်းရှိ စာသင်ချိန်၌ စတင်သင် ကြားလာသည်ကို တွေ့ရှိလာခဲ့ရသော်လည်း လက်တွေ့ပိုင်းတွင် လိုအပ်ချက်များစွာ ရှိနေဆဲဖြစ်သည်။
၁) စာသင်ချိန်ပြင်ပ သင်ကြားခဲ့ရသည့် ကျောင်းများမှ ကျောင်းသူကျောင်းသားများ နားချိန်နည်းပါးခြင်း
၂) ဒေသအလိုက် သင်ကြားပို့ချသူ အခက်အခဲနှင့် ၎င်းတို့အတွက် လုံလောက် ထိရောက်သော လုပ်အားခ
၃) သင်ရိုးညွှန်းတမ်း တစ်ပြေးညီ မပြဌာန်းနိုင်သေးခြင်း
၄) သင်ကြားပို့ချပေးသူများ၏ သင်ကြားမှုအရည်အသွေး တစ်ပြေးညီ မရှိသေးခြင်း
၅) မြို့ကျောင်းထက် ရွာကျောင်းများ၌သာ သင်ကြားနိုင်သေးခြင်း
၆) သင်ကြားသူများအနေဖြင့် ရရှိသည့် လုပ်အားခကို နှစ်ကုန်ပိုင်းမှသာ ခံစားရခြင်း
၇) စေတနာ၊ အနစ်နာ၊ ဝါသနာဖြင့် ရေရှည် လုပ်ဆောင်မည့် လူ့အရင်းအမြစ်ရရှိရေး … စသည့် အခြေအနေများသည် လုပ်ငန်း ထိရောက်မှုကို တိုင်းတာရာတွင် အားနည်းချက်ဖြစ်စေခဲ့သည်။
မြန်မာနိုင်ငံအတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးတွင် ဒေသကြီးတစ်ခု၊ လူမျိုးတစ်စုသာ နေထိုင်နေကြသည်မဟုတ်။ လူဦးရေပမာဏ အနည်းအများအလိုက် အတူယှဉ်တွဲ နေထိုင်လျှက်ရှိသည်ဖြစ်ရာ ၎င်းတို့အချင်းချင်း၏ အပြန်အလှန် လေးစားမှု ဖြင့် ဆက်ဆံ၊ ဆက်သွယ်၊ ဆောင်ရွက်မှုများကလည်း ယုံကြည်မှုဖြင့် တည်ဆောက်ယူရမည့် အခန်းကဏ္ဍတခု ဖြစ်နေသည်။ လူမှုဆက်ဆံရေးနှင့် ယဉ်ကျေးမှု၊ စာပေ ဖလှယ်ခြင်းများကလည်း ရင်းနှီးပွင့်လင်း ယိုင်းပင်းမှုဖြင့် ရေရှည် ငြိမ်းချမ်းသော လူမှုအ ဖွဲ့အစည်းတစ်ခုကို တည်ဆောက်ရေး၏ အုတ်တစ်ချပ်၊ သဲတစ်ပွင့်အဆင့် စတင်ပါဝင်ရသော အမျိုးသားရေးစီမံကိန်းဖြစ်သည်။
သာဓကအားဖြင့် ကရင်ပြည်နယ်တွင် ကရင်တိုင်းရင်းသား အပါအဝင် ဗမာ၊ မွန်၊ ပအိုဝ်း၊ သျှမ်း စသည့် လူမျိုးစုများလည်း နေထိုင်လျှက်ရှိသကဲ့သို့ သျှမ်း(ရှမ်း)ပြည်နယ်တွင်လည်း ပအိုဝ်း၊ သျှမ်း၊ လားဟူ၊ ဝ၊ တအာင်း(ပလောင်)၊ ဓနု၊ အာခါ စသည့် တိုင်းရင်းသားလူမျိုးစုများက ရင်းနှီးစွာ နေထိုင်လျှက်ရှိကြသည်။ ထိုကဲ့သို့ ဖြစ်တည်နေသော အခြေအနေတွင် ဒေသအသီးသီး၌ လူနည်းစု၏ ဘာသာစကား၊ စာပေကို လူများစုက လေ့လာသင်ယူခြင်း၊ လူများစု၏ ဘာသာစကား၊ စာပေကို လူနည်းစုကလည်း သင်ယူလေ့လာခြင်းမျိုးဖြင့် ဆောင်ရွက်လာနိုင်သည်အထိ ဦးတည်မျှော်မှန်းထားကာ စနစ်ကျသော လုပ်ငန်းစဉ်ဖြင့် အကောင် အထည်ဖော်ဆောင်သင့်သည်ဟု ရှုမြင်မိသည်။
ထိုသို့ဖြစ်လာစေရန်လည်း ဒေသအသီးသီးမှ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီများ၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းပါဝင်သော တိုင်းရင်းသားစာပေ ပြန့်ပွားရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲတစ်ခုကို နိုင်ငံတော်အဆင့် စီမံကိန်းတစ်ခုအဖြစ် ယခုအစိုးရသက်တမ်းတွင် ပထမအဆင့် အုတ်မြစ်ချကာ ဆောင်ရွက်သွားသင့်ပါ ကြောင်း တိုက်တွန်းလိုပါသည်။