Home သတင်း ရဲတပ်ဖွဲ့၊ BGFနှင့် KNU/KNLA (PC) တပ်ဖွဲ့ဝင်တို့ကြား အပြန်အလှန်ပစ်ခတ်မှု‌ကြောင့် နှစ်ဘက်ထိခိုက်မှုရှိ

ရဲတပ်ဖွဲ့၊ BGFနှင့် KNU/KNLA (PC) တပ်ဖွဲ့ဝင်တို့ကြား အပြန်အလှန်ပစ်ခတ်မှု‌ကြောင့် နှစ်ဘက်ထိခိုက်မှုရှိ

3550

ဇန်နဝါရီ ၂၄ ရက်၊ ၂၀၁၈ ခုနှစ်။ ‌ကေအိုင်စီ

ဖားအံမြို့နယ်၊ ‌နောင်ကမြိုင်‌ကျေးရွာတွင် ဇန်နဝါရီ ၂၃ ရက်‌နေ့က ကရင်ပြည်နယ် ရဲတပ်ဖွဲ့၊ နယ်ခြား‌စောင့်တပ်ဖွဲ့ (BGF) တို့၏ ပူး‌ပေါင်းအဖွဲ့နှင့် ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီ-KNU/KNLA(PC) မှ တပ်ဖွဲ့ဝင်အချို့ ကြား အပြန် အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ နှစ်ဘက်ထိခိုက်မှုရှိသည်ဟု ‌နောင်ကမြိုင်‌ကျေးရွာအုပ်စု တွဲဖက်အုပ်ချုပ်‌ရေးမှူး ‌စောတင်‌အောင်မှ ‌ကေအိုင်စီသို့ ယ‌နေ့တွင် ‌ပြောသည်။

ဖြစ်စဉ်မှာ ရဲတပ်ဖွဲ့၊ နယ်ခြား‌စောင့်တပ်ဖွဲ့ တို့၏ ပူး‌ပေါင်းအဖွဲ့များက မူးယစ်‌ဆေးဝါး‌ရောင်းချ‌နေသူများအား လာ ‌ရောက် ဖမ်းဆီးရာမှ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ‌စောတင်‌အောင်က ယခုလို ‌ပြောသည်။

“ မ‌ပြေးနဲ့။ ‌မေးစရာ ‌ပြောစရာရှိတယ်လို့ ‌ပြောပြီးတာနဲ့ ခဏ‌နေကျ‌တော့ ‌သေနတ်သံ အချက် ၂ဝ ‌လောက် ကြားပါ‌လေ‌ရော။ အလုံးကြီးတစ်လုံးလည်း ပါတယ်။ အဲဒါပြီး ‌နောက်ထပ် ‌သေနတ်သံ ၂ ချက်ထပ်ကြား‌သေး တယ်။” ဟု ၎င်းက ‌ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ရွာအုပ်ချုပ်‌ရေးအဖွဲ့ဝင်များက တစုံတရာ ကြိုတင်သိရှိထားခြင်းမရှိဘဲ ပစ်ခတ်မှုဖြစ်ပွားပြီး‌နောက်ပိုင်းတွင် ရဲတပ်ဖွဲ့နှင့် BGF ပူး‌ပေါင်းအဖွဲ့မှ သတင်းအရ မူးယစ်‌ဆေးဝါး ‌ရောင်းချ‌နေသူ များအား လာ‌ရောက်ဖမ်းဆီးမှုများ လုပ်‌ဆောင်မှသာ သိရှိရ‌ကြောင်း ‌နောင်ကမြိုင်‌ကျေးရွာအုပ်စု တွဲဖက်အုပ်ချုပ်‌ရေးမှူး ‌စောတင်‌အောင်က ဆက်‌ပြောသည်။

၎င်းပစ်ခတ်မှု‌ကြောင့် ရဲတပ်ဖွဲ့ဝင် ၃ ဦးနှင့် မူးယစ်‌ဆေးဝါး ‌ရောင်းချသူ KNU/KNLA (PC) မှ တပ်ဖွဲ့ဝင် ၃ ဦး ‌သေနတ်ထိမှန် ဒဏ်ရာရရှိခဲ့ခြင်း‌ကြောင့် ဖားအံ‌ဆေးရုံကြီးတွင် ‌ဆေးကုသ‌နေ‌သော်လည်း ဒဏ်ရာပြင်းထန် ‌သော နယ်ခြား‌စောင့်တပ်ဖွဲ့ဝင် ‌စောချစ်ဝင်းမှာ ရန်ကုန်‌ဆေးရုံကြီးတွင် ဆက်လက် ကုသ‌နေသည်ဟု ကရင်ပြည်နယ်ရဲတပ်ဖွဲ့တာဝန်ရှိသူက ဒီဗွီဘီ သတင်းဌာနသို့ ‌ပြောဆိုထားသည်။

ထိုဖြစ်စဉ်တွင် မူးယစ်‌ဆေးဝါး‌ရောင်းချသူ KNU/KNLA (PC) ဗျူဟာ (၂) ၊ တပ်ရင်း(၇၀၈) မှ ဗိုလ်ကြီးအဆင့်ရှိ ‌စောလွှီညွန့်အပါအဝင် တပ်ဖွဲ့ဝင်(၇)ဦး၊ စိတ်ကြွမူးယစ်‌ဆေးပြား ၆,၀၀ဝ ‌ကျော်၊ M 16 (၄)လက်၊ 40 MM ဗုံးပစ်‌လောင်ချာ(၁)လက်၊ ဒဿမ ၂၂ ‌ပြောင်းရှည်(၁)လက်၊ ဗုံးသီး(၂၄)လုံးနှင့် ဆက်စပ်ပစ္စည်းများကိုပါ ဖမ်းဆီးရမိခဲ့သည်ဟုလည်း ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

KNU/KNLA (PC) တွဲဖက်အတွင်း‌ရေးမှူး ဗိုလ်မှူးကြီး ‌စော‌ကျော်ညွန့်က “အခု ကျ‌နော်က ဌာနချုပ် ထို့‌ကော်ကိုးမှာပဲရှိ‌နေတယ်။ အတိအကျ‌တော့ ဘာမှ မသိရ‌သေးဘူး‌လေ။ ကြား‌တော့ ကြားတယ်။” ဟု ‌ကေအိုင်စီသို့ ယ‌နေ့တွင် ‌ပြောသည်။

KNU/KNLA (PC)သည် ယခင် KNU-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၇)၏ တပ်မဟာ မှူး‌ဟောင်း ဗိုလ်မှူးချုပ် ‌စောထိန်‌မောင် (ခ) ‌စော‌ဌေး‌မောင် ဦး‌ဆောင်ပြီး လွန်ခဲ့သည့်၂၀၀၇ ခုနှစ်က KNUမှ ခွဲထွက်ကာ နိုင်ငံ‌တော် ‌အေးချမ်းသာ ယာ‌ရေး နှင့်ဖွံ့ဖြိုး‌ရေး ‌ကောင်စီ (နအဖ) စစ်အစိုးရ လက်ထက်တွင် ငြိမ်းချမ်း‌ရေး ရယူခဲ့သည့် ကရင်လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ ဖြစ်သည်။ လက်ရှိတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေး သ‌ဘောတူစာချုပ် (NCA)ကို လက်မှတ်‌ရေး ထိုးထား‌သော အဖွဲ့လည်းဖြစ်သည်။