စက်တင်ဘာ ၉ရက်၊ ၂၀၁၇ခုနှစ်။ ကေအိုင်စီ
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် -NCA နောက်ဆက်တွဲ အကောင်အထည်ဖော်မှုအရ ဖြစ်လာသည့် JMC-L ၏ စောင့်ကြည့်ရေးလုပ်ငန်းစဉ်များနှင့် အရပ်ဘက်လူမှုအဖွဲ့တို့လုပ်ဆောင်သည့် အဆိုပါစောင့်ကြည့်ရေး လုပ်ငန်းစဉ်များအကြား ရေရှည်တွင် အခက်အခဲများဖြစ်ပေါ်လာနိုင်ကြောင်း အရပ်ဘက် လူမှုအဖွဲ့အစည်းများက သုံးသပ်ပြော ဆိုမှုများ ရှိနေသည်။
ကရင်အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့-KWEG နှင့် ဘယ်လ်ဂျီယံနိုင်ငံ အခြေစိုက် Nonviolent Peace force အဖွဲ့တို့ ကမကထ ပြုလုပ်ပေးသည့် ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် ကရင်ပြည်နယ်ရှိ ရပ်ရွာလူထုများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှု မြှင့်တင်ခြင်း ခေါင်း စဉ်ဖြင့် စက်တင်ဘာလ ၈ရက်နေ့က ဖားအံမြို့တွင် ပြုလုပ်ခဲ့သည့် တစ်ရက်တာ တွေ့ဆုံဆွေးနွေးမှုတွင် ယခုလို ပြောဆိုဆွေး နွေးမှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။
ကော့ကရိတ်အခြေစိုက် THWEE အဖွဲ့ဥက္ကဌ မန်းသိန်းဇော်က “ကျနော်တို့ အရပ်ဘက်လူမှုအဖွဲ့အစည်းကလည်း လုပ်နေတယ်။ ကျနော်တို့ ပူးပေါင်းလုပ်ဆောင်နေတာတွေလည်း ရှိတယ်။ JMC မှာလည်း သူတို့လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေရှိတယ်။ နောက်ပိုင်း JMC-L တွေ ပိုဖွဲ့လာနိုင်လို့ရှိရင် ပူးပေါင်းဆောင်ရွက်မှုအပိုင်းတွေမှာ ကျနော်တို့အတွက် ကန့်သတ်မှုတွေ ဖြစ် ကောင်း ဖြစ်လာနိုင်တယ်”ဟု ပြောဆိုသည်။
ယမန်နေ့က ပြုလုပ်သည့် တွေ့ဆုံဆွေးနွေးမှုတွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဗဟိုအလုပ်အမှုဆောင် ကော်မတီ ဝင် နော်ဒါးဒါး၊ ပဲခူးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ် JMC-S အရပ်သားကိုယ်စားလှယ်များအပြင် KWEG၊ THWEE၊ Hsar Mu Htaw စသည့် အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ၎င်းတို့၏ စောင့်ကြည့်လေ့လာရေး အဖွဲ့ဝင်များ အပါအ ဝင် စုစုပေါင်း လူဦးရေ ၅၀ကျော် တက်ရောက်ခဲ့ကြသည်။
ပြည်နယ်/တိုင်းဒေသကြီးအဆင့် JMC-S အရပ်သားကိုယ်စားလှယ်၊ KNU နှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းတို့ တွေ့ဆုံဆွေးနွေး ရာတွင် NCA ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ စောင့်ကြည့်ရေးလုပ်ငန်းများကို လုပ်ဆောင်နေသည့် ၎င်းတို့၏ လုပ်ငန်းစဉ် များနှင့် အရပ်ဘက်လူမှုအဖွဲ့တို့၏ အခက်အခဲများ၊ စိန်ခေါ်မှုများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများအဖြေရှာခြင်း စသည့်အချက်များကို အဓိကထားကာ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
JMC-S (ကရင်ပြည်နယ်) အရပ်သားကိုယ်စားလှယ် နန်းမြင့်တင်က “ကျမတို့အနေနဲ့ ဒေသတွေမှာဖြစ်တဲ့ အကြောင်းအရာတွေ ကို သေသေချာချာ မသိနိုင်ပါဘူး။ လူထုတွေအနေနဲ့ ငြိမ်းချမ်းရေးကို လိုချင်တယ်။ လူမှုအဖွဲ့အစည်းတွေအနေနဲ့ကလည်း လုပ် ပေးချင်တဲ့ ဆန္ဒလည်းရှိတော့ ကျမတို့လည်း ဖိတ်ခေါ်ပါတယ်။ ဒါကြောင့် ဒေသတွင်းမှာဖြစ်တဲ့ အကြောင်းအရာတွေကို ပွင့်ပွင့် လင်းလင်း၊ မှန်မှန်ကန်ကန်နဲ့ ဘက်မလိုက်ဘဲ ပေးပို့ရမှာ ဖြစ်ပါတယ်”ဟု ဆွေးနွေးမှုတွင် ထည့်သွင်းပြောဆိုသည်။
NCA စာချုပ်ချုပ်ဆိုပြီးနောက် ဖွဲ့စည်းရမည့် ပြည်ထောင်စုအဆင့် JMC-U၊ ပြည်နယ်/တိုင်းအဆင့်-State နှင့် ဒေသဆိုင်ရာအ ဆင့်- Local တို့တွင် သက်ဆိုင်ရာအဆင့်လိုက် ဖွဲ့စည်းပုံ၊ လုပ်ပိုင်ခွင့်၊ လုပ်ငန်းတာဝန်နှင့် လုပ်ငန်းလမ်းညွှန်များ ရှိပြီးဖြစ်သလို ပြီးခဲ့သည့် ဩဂုတ်လကုန်တွင် ကရင်ပြည်နယ်၌ ပထမဆုံး ဒေသဆိုင်ရာအဆင့် JMC-L ကော်မတီကို ဖွဲ့စည်းကာ ဖာပွန်မြို့တွင် ရုံးဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။
ထို့အတူ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စောင့်ကြည့်လေ့လာမှုများကို THWEE ၊ KWEG၊ Hsar Mu Htaw အဖွဲ့တို့မှ ကရင်ပြည် နယ်အတွင်းရှိ ဖားအံ၊ ကော့ကရိတ်၊ လှိုင်းဘွဲ၊ ကြာအင်းဆိပ်ကြီး၊ ကျုံဒိုးတို့အပြင် သံတောင်နှင့် ပဲခူးတိုင်းဒေသကြီး ဧရိယာအ တွင်း လုပ်ဆောင်နေကြသည့်အတွက် ရေရှည် အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ အခန်းဏ္ဍများတွင် ကန့်သတ်မှုများ ဖြစ်ပေါ် လာမည်ကို စိုးရိမ်နေကြခြင်း ဖြစ်သည်။
NCA စာချုပ်တွင် ပါရှိသည့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များအရ ဒေသဆိုင်ရာအဆင့် JMC-L အနေဖြင့် ပဋိပက္ခဖြစ်ပွားရာ ဒေသတွင်ရှိသော နိုင်ငံရေး ပါတီဝင်များ၊ ဘာသာရေးအကြီးအကဲများ၊ ရပ်မိရပ်ဖများ၊ လှုပ်ရှားတက်ကြွသူများ၊ CSO များထံမှ ပဋိပက္ခသဘောသဘာဝနှင့် ဖြေရှင်းမှုဆိုင်ရာ အကြံပြုချက်များကို ရယူ နိုင်သည်ဟု ထည့်သွင်း ဖော်ပြထားသည်။
Hsar Mu Htaw အဖွဲ့ ဥက္ကဌ စောကလိုထူးက “အစိုးရအနေနဲ့ သူတို့နဲ့ သဘောထားကိုက်ညီမယ့် ကိုယ်စားပြုမယ့်သူကို သူတို့ ရွေးချယ်လိမ့်မယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေဘက်ကလည်း အဲဒီသဘောပဲ ရှိမယ်။ တစ်ခုပဲ အကြံပြုချင်တာကတော့ ဘယ်သူပဲ ကိုယ်စားလှယ်ဖြစ်ဖြစ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ကောင်းမွန်စွာ သိမယ့်သူ ဖြစ်မယ်။ တစိုက်မတ်မတ် လုပ်ဆောင် သွားမယ့် စွမ်းဆောင်ရည်ပြည့်မှီတဲ့ ကိုယ်စားလှယ်မျိုး ရနိုင်ခဲ့လို့ရှိရင်တော့ အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်လို့ ရနိုင်မယ်လို့ ကျနော် ယုံကြည်ပါတယ်”ဟု ပြောသည်။
ဒေသတွင်း အရပ်ဘက်အဖွဲ့အစည်းများအနေဖြင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် အစိုးရတပ်နှင့် လက်နက်ကိုင်အဖွဲ့များ၏ တိကျသည့်နယ်မြေသတ်မှတ်နိုင်မှု မရှိသေးခြင်း၊ NCA လက်မှတ်ထိုးမထားသေးသည့် အဖွဲ့အစည်း များရှိနေသေးခြင်း၊ အရပ်ဘက်အဖွဲ့အစည်းများ သတင်းချက်အလက် ကောက်ယူရာတွင် ကန့်သတ်မှုများရှိနေခြင်း စသည့်အ ခက်အခဲများရှိနေသေးကြောင်းလည်း အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ ပြောပြချက်များအရ သိရသည်။
ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ စောင့်ကြည့်မှုများကို အဆိုပါ အရပ်ဘက်လူမှုအဖွဲ့အစည်းများက ဧရိယာအလိုက် ဒေသ တွင်း အောက်ခြေလူထု ဖြစ်ပျက်၊ ခံစားနေရသည့်အခြေအနေများ၊ NCA စာချုပ်အရ နှစ်ဖက်တပ်များ လိုက်နာမည့် ကျင့်ဝတ် စည်းကမ်းများအား လိုက်နာမှုရှိမရှိ စသည်တို့ကို စောင့်ကြည့်လေ့လာပြီး အစီရင်ခံစာရေးသားခြင်း၊ သက်ဆိုင်ရာ JMC-S တာ ဝန်ရှိသူများထံ တင်ပြခြင်းများ လုပ်ဆောင်ပေးနေသည်ဟု သိရသည်။