(မောင်ကျော်စွာ)
(၂၀၁၇ခုနှစ်၊ မေလ ၁ဝရက်)
“ဖက်ဒရယ်တစ္ဆေ” သည် “ခွဲမထွက်ရ” ဟူသော ဝတ်ရုံသစ်လဲကာ “၂၁ ရာစုပင်လုံ စင်မြင့်”ပေါ်ကနေ ပွဲထွက်လာခဲ့ပြီ။ ပို၍ လူလည်ကျသော အသုံးအနှုန်းကို တမင်တကာရွေးသုံးပုံ ပေါ်ပါတယ်။ “ခွဲမထွက်ရ” ဆိုတာကို လက်မခံ/ငြင်းပယ်ရင် “ခွဲထွက် ရေးသမား/ခွဲထွက်ရေးလှုပ်ရှားမှု” ဆိုတဲ့ ချောက်ထဲ တမင်တွန်းချဖို့ အကွက်ချ ကြံစည်ထားတဲ့ အသုံးအနှုန်းဖြစ်ပါတယ်။
ဤသည်မှာ ဘက်တစ်ဖက်သာဖြစ်ပြီး အခြားဘက်တစ်ဖက်မှာ “ပြည်ထောင်စုက ခွဲမထွက်ဘူး” ဆိုတဲ့ ကတိ၊ အာမခံချက်ကို မပေးဘူးဆိုရင် “ကိုယ်ပိုင်အခြေခံဥပဒေ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင်တို့” မပေးနိုင်ဘူးဆိုတဲ့ အကြပ်ကိုင်မှုဘက် ဖြစ်ပါတယ်။
သို့ဖြင့် စစ်အုပ်စုက ဒီချုပ်အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို အသုံးချ၊ မြှူဆွယ်၊ တောချောက်ခိုင်းပြီး NCA ပိုက်ကွန်ထဲ၊ ထိုမှတဆင့် “၂၀၀၈အခြေခံဥပဒေ” ကျုံးထဲ မောင်းသွင်းနေခြင်းဖြစ်ပါတယ်။ ဒီကျော့ကွင်း ဒီအခင်းအကျင်း၊ ဒီအကွက်ကို မြင်တဲ့ (UWSP/UWSA) ဝပြည်သွေးစည်းညီညွတ်ရေးပါတီ အမှူးပြုတဲ့ မြောက်ပိုင်းမဟာမိတ်များက NCA မဟုတ်တဲ့ အခြားလမ်းကို စင်ပြိုင် တင်လာခြင်းဖြစ်မယ်လို့ ယူဆပါတယ်။
စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို စဉ်းစားတဲ့အခါ လုံးဝ အခြေမခံသင့်တဲ့ (ဖျက်သိမ်းပစ်ရမယ့်) ရပ်တည် ချက် ၃ခု ရှိပါတယ်။
၁။ စစ်အုပ်စုအတိတ်၊ ပစ္စုပ္ပန် ၊ အနာဂတ် အကျိုးစီးပွားကို ရေရှည်ထိန်းသိမ်းကာကွယ်ရေးဆိုတဲ့ ရပ်တည်ချက်
၂။ စစ်အုပ်စုက စစ်တပ်ကို တစ်လက်ကိုင်တပ်အဖြစ် ချုပ်ကိုင်ပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမျိုးရေး၊ ဘာသာရေး၊ ယဉ်ကျေးမှု စတဲ့ နယ်ပယ်ပေါင်းစုံကို ထာဝစဉ်ဗိုလ်ကျ လွှမ်းမိုးချုပ်ကိုင်ထားနိုင်ရေးဆိုတဲ့ ရပ်တည်ချက်
၃။ ဗမာလူမျိုးကြီးဝါဒကို ပုံစံမျိုးစုံနဲ့ ကျင့်သုံးနိုင်ရေးကို ဦးတည်ဇောင်းပေးတဲ့ ရပ်တည်ချက်
ထာဝစဉ် မျက်နှာမူပြီး အစဉ်ရပ်တည်ကိုင်စွဲရမယ့် ဦးတည်ချက် (ဝါ) ရပ်တည်ချက် ၃ခုမှာ
၁။ လူမျိုးပေါင်းစုံပြည်သူများ၏ တန်းတူရေး၊ ညီညွတ်သွေးစည်းရေး၊ ငြိမ်းချမ်းရေးနဲ့ ဘက်စုံအကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို စဉ်ဆက်မပြတ် မျက်နှာမူရေး။
၂။ လက်ရှိပကတိတည်ရှိနေတဲ့ လူမျိုးရေးဖွဲ့တည်မှု၊ နေထိုင်မှုများအပေါ် လက်တွေ့မူတည်ပြီး (သမိုင်းကြောင်း၊ ပထဝီ၊ ပကတိ လူမှုဘဝဖွဲ့တည်မှု အနေအထား) စဉ်းစားဖော်ဆောင်ရေး။
၃။ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုရဲ့ ပုံစံနဲ့အနှစ်သာရဟာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံပြည်သူများရဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အပြည့်အဝအာမခံနိုင်ပြီး ဘက်ပေါင်းစုံ တိုးတက်ဖွံ့ဖြိုးမှုကို ဘက်ညီမျှတစေပြီး အစဉ် ဦးတည်သွားစေနိုင်ရေး။
အထက်ပါ ဦးတည်ချက်(ဝါ) ရပ်တည်ချက်များကနေ အစချီပြီး အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုကို စဉ်းစားကြံဆရပါလိမ့်မယ်။ သို့မှသာ လူမျိုးပေါင်းစုံ ပြည်သူများဘုံအကျိုးစီးပွားကို တကယ်တမ်း လက်တွေ့ဖော်ဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်ယူဆ မျှော် လင့်ပါတယ်။
ထိုသို့မဟုတ်ဘဲ။
အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုကို “၂၀၀၈ အခြေခံဥပဒေ”၊ “တပ်မတော်၏ ငြိမ်းချမ်းရေမူ ၆ ချက် ”၊ “(NCA) စာချုပ် ဘောင်” တို့ကို အသေရပ်တည်ဆုပ်ကိုင်ပြီး ပါဝင်ဆွေးနွေးမယ်။ သို့တည်းမဟုတ် အခြေခံအဖြစ် အတင်းအကြပ် ထည့်သွင်းရမယ်လို့ဆို ရင် ဘယ်ခရီးမှ ပေါက်ရောက်နိုင်လိမ့်မယ် မဟုတ်ပါဘူး။ တကယ်တန်းတူတဲ့၊ သွေးစည်းညီညွတ်တဲ့ အနာဂတ်ဖက်ဒရယ် ပြည် ထောင်စုကို သွေးရိုးသားရိုး ဦးတည်ရိုး မှန်တယ်ဆိုရင် ဒီအချက် ၃ချက်ကို ပြတ်ပြတ်သားသား စွန့်လွှတ်ရဲဖို့ လိုပါတယ်။
ဒီအခြေခံအချက် ၃ချက်ကို အသေကိုင်စွဲထားနေသမျှ အခြားတစ်ဖက်ကနေ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး သွေး ရိုးသားရိုး ပါဝင်ဆွေးနွေးသူတွေကို “ပြည်ထောင်စုဖြိုခွဲသူတွေ၊ ခွဲထွက်ရေးသမားတွေအဖြစ်” အဆိုးမြင်ပြီး သုံးသပ် အကဲဖြတ် နေမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် မျက်မှန်စိမ်းနဲ့တူတဲ့ အဆိုပါ အခြေခံအချက် ၃ချက် (၂၀၀၈ အခြေခံဥပဒေ၊ တပ်မတော်၏ ငြိမ်း ချမ်းရေးမူ ၆ချက်၊ (NCA)စာချုပ်ဘောင်)ကို စွန့်ပယ်ဖို့ သို့တည်းမဟုတ် ဖက်ဒရယ်အရေး ဦးတည်ဆွေးနွေးတဲ့အခါ အစည်းအ ဝေးခမ်းမ အပြင်ဘက်မှာ ခေတ္တခဏဖြစ်ဖြစ် ထားပစ်ခဲ့ကြဖို့ မုချ လိုအပ်ပါတယ်။
တကယ်တော့ တမျိူးသားလုံးနဲ့ သက်ဆိုင်တဲ့ အရေးအရာညီလာခံဆိုတာမှာ အသေးစိတ်တွေ ဆွေးနွေးဖို့ မဟုတ်ပါဘူး။ မူ သဘောဆောင်တဲ့ ကျယ်ပြန့်လွှမ်းခြုံတဲ့အချက်တွေကိုသာ “အားလုံး”အကြားမှာ အကျေအလည် ညှိနှိုင်းဆွေးနွေးရမှာ ဖြစ်ပါ တယ်။ အဲဒီလို မူတွေ၊ ကျယ်ပြန့်လွှမ်းခြုံနိုင်ပြီး အားလုံးက တညီတညွတ်တည်း သဘောတူတဲ့ အချက်တွေအပေါ်မှာ လမ်းညွန် ချက်တွေအပေါ်မှာ ဥပဒေကိစ္စအသေးစိတ်တွေကို သက်ဆိုင်ရာ ဘာသာရပ်အလိုက် ကျွမ်းကျင်သူတွေက လိုအပ်သလို အသေး စိတ် ဖြည့်ဆည်းဆောင်ရွက်ပေးကြဖို့ပဲ ဖြစ်ပါတယ်။
မိမိတို့ တမျိုးသားလုံးဆိုင်ရာ ညီလာခံကြီးကနေ ဆုံးဖြတ်၊ သတ်မှတ်၊ ချမှတ်ပေးလိုက်တဲ့ မူတွေ၊ လမ်းညွန်တွေနဲ့ ကိုက်ညီ၏၊ မညီ၏ဆိုတာကိုသာ သက်ဆိုင်ရာ နိုင်ငံရေးခေါင်းဆောင်များ၊ လူမျိုးစုခေါင်းဆောင်များက အသေအချာ စစ်ဆေးကြည့်ရှုကြရ မှာဖြစ်ပြီး မကိုက်ညီပါက လိုအပ်လျှင် လိုအပ်သလို ပြင်ဆင်တည့်မတ်ဖြည့်စွက် ညွန်ပြပေးရမှာပဲဖြစ်ပါတယ်။
ဆွေးနွေးဖက်တဦး၊ ဆွေးနွေးဖက်ပါတီ၊ ဆွေးနွေးဖက်အစုအဖွဲ့တစ်ခုက တင်ပြနေတာကို စိတ်ရှည်လက်ရှည် လေ့လာနား ထောင် ဆန်းစစ်ခြင်းမပြုသေးဘဲ “ပြည်ထောင်စုဖြိုခွဲရေးသမား၊ ခွဲထွက်ရေးသမား” လို့ အလွယ်တကူ တံဆိပ်မကပ်သင့်ပါဘူး။ ထို့အပြင် သတင်းစာ၊ ရေဒီယို၊ ရုပ်သံ၊ ဆိုရှယ်မီဒီယာမျိုးစုံကနေပြီးတော့ “ခွဲထွက်ရေးအန္တရာယ်” ဆိုပြီး ဆေးလိပ်မီးပွားလေး ကျ တာလောက်ကို ဟီရိုးရှီးမားမြို့ပေါ် အနုမြူဗုံးကြဲချလိုက်သလိုမျိုး ရေးကြီးခွင်ကျယ် မလုပ်သင့်ပါဘူး။
ဒီလိုလုပ်ရပ်မျိုး၊ ဒီလိုအာဘော်မျိုး “ကြေးမုံသတင်းစာ” ကနေ စဖြန့်နေတာ သတိပြုမိပါတယ်။
ရဲထွန်း(သီပေါ) ရဲ့ “ဆိုဗီယက်ခေတ် လူမျိုးအခြေပြု ဖက်ဒရယ်နှင့် ပြိုကွဲမှုအန္တရာယ်” —ဆိုတဲ့ ဆောင်းပါးမျိုးဖြစ်ပါတယ်။ ဒီလို ဆောင်းပါးတွေ ဆက်တိုက် ဖော်ပြလာလိမ့်မယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ “သက်ဆိုင်ရာ ဆောင်းပါးရှင်ရဲ့ အာ ဘော်ပါလို့ မည်သို့ပင်ဆိုနေစေကာမူ” အစိုးရပိုင်သတင်းစာက အရေးတယူဖော်ပြတယ်ဆိုတာ အစိုးရအာဘော်နဲ့နီးစပ်လို့၊ အစိုး ရက သဘောတူ၊ အစိုးရက နှစ်ခြိုက်လို့ဖော်ပြတာပဲ မဟုတ်ပါလား။
ရဲထွန်း(သီပေါ)ရဲ့ဆောင်းပါးအာဘော်က “လူမျိုးအခြေပြုဖက်ဒရယ်”ကို “ပြိုကွဲမှုအန္တရာယ်”နဲ့ ခြောက်လှန့်ထားတဲ့ ဆောင်းပါး ဖြစ်ပါတယ်။ ရဲထွန်း(သီပေါ)က ကြိုးစားပမ်းစား ဝီကီအားကိုးနဲ့ ဆိုဗီယက်ပြည်ထောင်စုကြီးပြိုကွဲရတာကို လူမျိုးစုတွေခွဲထွက် တာကြောင့်လိုလို အရှက်မဲ့စွာဆိုထားလေရဲ့။ တန်းရှိတဲ့လေ့လာသူ၊ လေ့လာရေးသမားက ဆိုဗီယက်ပြည်ထောင်စု ဘာကြောင့် ပြိုကွဲရတယ်ဆိုတာ ချက်ခနဲသိပေမယ့် ရဲထွန်း(သီပေါ)မှာ ဖက်ဒရယ်ပြိုကွဲမှု အစိမ်းသရဲပူးဝင်နေလေတော့ ဒါကို မြင်ရှာပုံ မရ ဘူး။ မြင်သော်လည်း ကျားကျား မီးယပ်လုပ်ချင်ပုံ ပေါ်နေပါတယ်။
နောက်တစ်ချက် ရဲထွန်း(သီပေါ) နှပ်ကြောင်းပေးထားတဲ့အချက်က “ခွဲထွက်ခွင့်”ကို အခြေခံဥပဒေထဲမှာ တရားဝင်ထည့်သွင်း ရေးဆွဲခဲ့လို့၊ လီနင်နောက်ပိုင်းခေတ်လူတွေက “ခွဲထွက်ခွင့်ပြဋ္ဌာန်းချက်”ကို စောစောစီးစီး ဘာကြောင့် မပြင်ဆင်ခဲ့သလဲ ဆိုတဲ့ အချက် ဖြစ်တယ်။
ဒီအချက်က တကယ်တော့ ၁၉၄၇ အခြေခံဥပဒေ၊ အခန်း ၁ဝ (ခွဲထွက်နိုင်သောအခွင့်အရေး – Right of Secession) ပုဒ်မ ၂၀၁ နဲ့ ၂၀၂ ကို ပြောချင်တာဖြစ်တယ်။ ရဲထွန်း (သီပေါ) က ခွဲထွက်ခွင့်ပေးခဲ့တဲ့ “ဗိုလ်ချုပ်အောင်ဆန်း”ကို အပြစ်ပုံချချင်လို့ “လီနင်” ကနေ အစချီနေတာဖြစ်တယ်။ ဆိုဗီယက်ပြည်ထောင်စုက ၁၉၂၂ မှာ ခွဲထွက်ခွင့်ရှိတာကို ထည့်သွင်းပြဋ္ဌာန်းခဲ့ပြီး နောက်ပိုင်း ရေးသားပြဋ္ဌာန်းတဲ့ ၁၉၂၄၊ ၁၉၃၆၊ ၁၉၇၇ ဆိုဗီယက်ယူနီယံ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ဆက်လက်ထည့်သွင်းပြဋ္ဌာန်းခဲ့တာကို ရဲထွန်း(သီပေါ)အနေနဲ့ မကြည်မဖြူ မလိုမုန်းထားဖြစ်နေတာက မဖုံးနိုင်မဖိနိုင်အောင် ထင်ရှားပါတယ်။
ဒီအခါမှာ ရဲထွန်း(သီပေါ) ဆက်လက် ဟန်မဆောင်နိုင်တော့ဘဲ သူ့ရပ်တည်ချက်နဲ့ သူ့သဘောထား ပွင့်ကျသွားစေတဲ့ မေးခွန်း ကို မိုက်မိုက်ကန်းကန်း ထုတ်ဖော်မေးတဲ့ ဘဝကို သက်ဆင်းကျရောက်သွားတော့တာပါပဲ။
သူ့ရဲ့အလွန် နလဗိန်းတုန်းဆန်ပြီး မိုက်မဲလှတဲ့မေးခွန်းကတော့ “မြန်မာနိုင်ငံ၏ ၁၉၄၇ အခြေခံဥပဒေပါ ခွဲထွက်ခွင့်နှင့် ၁၉၆၂ ခုနှစ် အာဏာသိမ်းပွဲအပေါ် မည်သို့မှတ်ချက်ပေးလိုပါသလဲ”တဲ့။
“မိုက်မဲတဲ့ မေးခွန်းအတွက် လိမ္မာတဲ့အဖြေပေးရန် မလို” ဆိုတဲ့ မောင်ကောင်းထိုက်(နှီးပဒေါ)ရဲ့ စကားလေးနဲ့ နိဂုံးချုပ် ပေးလိုက်ပါတယ်။
ရဲထွန်း(သီပေါ)ကား သူ၏ မေးခွန်းဖြင့် သူ၏ နဗိန်းတုံးဆန်မှုကို အတိအလင်း ဖော်ပြခဲ့လေပြီ။
အစိုးရပိုင် “ကြေးမုံသတင်းစာ”သည်လည်း ရဲထွန်း(သီပေါ)၏ နလုံးဗိန်းတုံးအမြင်ကို စက်တင် ပုံနှိပ် ဖော်ပြ ဖြန့်ဝေခဲ့လေပြီတ ကား။
ညွန်း –
– ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ (၁၉၄၇)
– ကြေးမုံသတင်းစာ (၁၀-၆-၂၀၁၇)