Home သတင်း စာသင်‌ဆောင် မလုံ‌လောက်၍ ပယ်ဝါထ ကိုယ်ထူကိုယ်ထ‌ကျောင်းတွင် ဝါးတဲထိုး စာသင်ကြားရန် ဆုံးဖြတ်

စာသင်‌ဆောင် မလုံ‌လောက်၍ ပယ်ဝါထ ကိုယ်ထူကိုယ်ထ‌ကျောင်းတွင် ဝါးတဲထိုး စာသင်ကြားရန် ဆုံးဖြတ်

2080

ဇွန် ၁ ရက်၊ ၂၀၁၇ ခုနှစ်။ ‌ကေအိုင်စီ

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ရှိ ပယ်ဝါထ(ပဝဲထ)ကိုယ်ထူကိုယ်ထ စာသင်‌ကျောင်းတွင် ယခု ၂၀၁၇-၁၈ ခုနှစ် စာသင်နှစ်အတွင်း အတန်းနှင့် ‌ကျောင်းသားဦး‌ရေ တိုးမြှင့်လာ‌သော်လည်း စာသင်‌ဆောင် အလုံအ‌လောက်မရှိ သဖြင့် ‌မြေပြင်‌ပေါ်တွင် ဝါးတဲထိုးပြီး စာသင်ကြားရန် ယင်း‌ကျောင်း‌ကော်မတီများက ‌မေလအကုန်တွင် ဆုံးဖြတ်လိုက်သည်ဟု စုံစမ်းသိရှိရသည်။

“‌ကျောင်း‌ဆောင်သစ် ‌ဆောက်ဖို့ ကျ‌နော်တို့ ‌ဒေသခံ‌တွေ စု‌ပေါင်းပြီး သစ်‌တွေ စု‌ဆောင်းခဲ့ပါတယ်။ လိုအပ်တဲ့ ‌ကျောင်း‌ဆောက်ပစ္စည်းအတွက် သက်ဆိုင်ရာ တာဝန်ရှိသူ‌တွေကို တင်ပြခဲ့ပါတယ်။ ဒီ‌နွေရာသီမှာ တည်‌ဆောက်မယ်‌ပေါ့။ ‌လော‌လောဆယ် မတတ်နိုင်‌သေး‌တော့ ရွာသား‌တွေအားနဲ့ ကိုယ့်အားကိုယ်ကိုးပြီး ဒီလို ယာယီတဲ စာသင်ခန်းနဲ့ပဲ ဆက်လုပ်သွားဖို့ ဆုံးဖြတ်လိုက်ကြာတာ ဖြစ်ပါတယ်”ဟု ဆရာ ‌စော‌ကျော်ထွန်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

အနာဂတ် က‌လေးများပညာ‌ရေးအတွက် ‌ရှေးရှု၍ ပယ်ဝါထ ကိုယ်ထူကိုယ်‌ကျောင်းသည် ပြီးခဲ့သည့် နှစ်အနည်းငယ်မှစ၍ မူလတန်းအဆင့်မှ တိုးကာ ပဉ်စမတန်း၊ ဆဋ္ဌမတန်းနှင့် ယခုနှစ်တွင် သတ္တမတန်းအထိ အတန်းမြင့်မားလာသလို ‌ကျောင်းသား‌ကျောင်းသူ ဦး‌ရေ ၁၇ဝ အထိ ရှိလာသည်ဟု သူက ဆက်‌ပြောသည်။

လက်ရှိ ပယ်ဝါထ ကိုယ်ထူကိုယ်ထ‌ကျောင်းတွင် သစ်ဖြင့် ‌ဆောက်လုပ်ထားသည့် ‌ကျောင်းအ‌ဆောင်ငယ် နှစ်လုံး၊ ယခုနှစ် ‌နွေရာသီအတွင်း လူထုဗဟိုပြု စီမံကိန်းမှ တည်‌ဆောက်‌ပေးသည့် ‌ကျောင်းရုံးခန်း တစ်လုံးနှင့် ဝါးတဲ စာသင်‌ဆောင် တစ်လုံး တည်ရှိပြီး ရုံးခန်းအ‌ဆောင်ကိုမူ စာသင်ခန်းအဖြစ် အသုံးပြုကာ စတုတ္ထတန်းအား သင်ကြားသွားမည်ဟု ပယ်ဝါထ ‌ကျောင်းဆရာများ၏ ‌ပြောဆိုချက်အရ သိရသည်။

ထို့အပြင် ဆဋ္ဌမတန်းနှင့် သတ္တမတန်းကို သင်ကြားမည့် ယာယီတဲ စာသင်ခန်းကို ‌မေလ ၃၁ ရက်‌နေ့က ‌ဒေသခံရွာသားများ စု‌ပေါင်း တည်‌ဆောက်လျှက်ရှိပြီး ဇွန်လ ၂ရက်‌နေ့တွင် အပြီးတည်‌ဆောက်ကာ ‌ကျောင်းသားများ အမြန်စာသင်ကြားနိုင်ရန် ပယ်ဝါထ‌ကျောင်း‌ကော်မတီများ စီစဉ်‌ဆောင်ရွက်လျှက်ရှိသည်။

ပယ်ဝါထ ကိုယ်ထူကိုယ်ထ စာသင်‌ကျောင်းတွင် ၂၀၁၇-၁၈ စာသင်နှစ်အတွက် ‌ကျောင်းဆရာ၊ ဆရာမ ၁ဝ ဦး ရှိပြီး ဇွန် ၁ရက်‌နေ့(ယ‌နေ့)တွင် စတင်‌ကျောင်းဖွင့်ကာ ‌ကျောင်းသားအချို့ ‌ကျောင်းတက်‌နေကြပြီ ဖြစ်သည်။

ပယ်ဝါထ‌ကျေးရွာသည် ပြီးခဲ့သည့် ၁၉၉ဝ ခုနှစ် ဝန်းကျင်က စာသင်‌ကျောင်းမရှိသဖြင့် ရွာဘုန်း‌တော်ကြီးတွင် က‌လေးများကို စာသင်‌ပေး‌နေရပြီး အစိုးရစစ်တပ်၏ ထိုးစစ်ဆင်မှု‌ကြောင့် စစ်‌ဘေး‌ရှောင် ဖြစ်ခဲ့ဖူးသည့် ‌ကျေးရွာဖြစ်သည်။