(စောခါးစူးညား)
ဇန်နဝါရီ ၃၁ရက်၊ ၂၀၁၇ခုနှစ်။
တောင်တွေ ဝိုင်းရံထားပြီး တောခေါင်ခေါင် ကဝါထာ့ဆိုတဲ့ ကျေးရွာရဲ့ ဆောင်းရာသီ ကျောင်းပိတ်ရက် ညနေခင်းလေးတစ်ခုမှာ လုံချည်ကွင်းထဲကို စပါးအိတ်ကြီးတစ်အိတ်ထည့်ပြီး တောင်ယာခင်းကနေ အိမ်ကို ထမ်းပြန်လာတဲ့ အသက် ၃ဝ ဝန်းကျင်အရွယ် ကျောင်းဆရာ စောဖားဒူရဲ့ မျက်နှာပြင်ကြီးတစ်ခုလုံးမှာ ဇောချွေးလုံးကြီးတွေ တရစပ် စီးကျနေပါတယ်။ ပင်ပမ်းခြင်း၊ မောပန်း ခြင်းတွေနဲ့ အသက်ပြင်းပြင်းရှူလိုက်ပြီး အိမ်ကိုအရောက် စပါးအိတ်ကြီးကို ဘုန်းခနဲ ပစ်ချ၊ ထိုင်ချမယ့်အခိုက်…
ပြုံးပန်းတွေနဲ့ သားသမီးသုံးယောက်က “ပါးပါး ပြန်လာပြီ။ ပါးပါး ပြန်လာပြီ”ဆိုတဲ့ အသံပြိုင်အော် ခရီးဦးကြိုတော့ သူ့ခမျာ မမောနိုင်၊ မပမ်းနိုင်ဘဲ အငယ်ဆုံး ၂နှစ်ခန့်အရွယ် သမီးငယ်ကို ကောက်ချီပြီး တစ်ချက် နမ်းလိုက်ပါတယ်။
တောင်ယာခင်းကနေ အိမ်ကို သူပြန်မရောက်ခင် တစ်နာရီလောက်အကြာ ကဝါထာ့ရွာကို ရောက်နှင့်ပြီဖြစ်တဲ့ ကျနော်က သူ့အစ်ကိုရဲ့အိမ်မှာ သူ့အပြန်ကို စောင့်ကြည့်နေရင်း မြင်လိုက်ရတဲ့ မြင်ကွင်းလေးတစ်ခုပါ။
စောင့်နေတဲ့ အိမ်ပေါ်ကနေ သူ့ရှိရာ အိမ်ကို ကျနော်ရောက်လာတော့ သူ့သမီးငယ်ကို ချီထားပြီး “ဘယ်တုန်းက ရောက်လဲ”လို့ မေးပြီး ပြုံးနေပါတယ်။ သူနဲ့ အလ္လာပ သလ္လာပ စကားပြောပြီး ကဝါထာ့ရွာကို ရောက်လာရတဲ့အကြောင်း ပြောပြပါတယ်။ အဲဒီည သူ့အိမ်မှာတည်းပြီး သူတို့မိသားစု ကျွေးမွေးဧည့်ခံတဲ့ ထမင်းဟင်းလျာတို့ကို အဝစားပြီး မိမိသိလိုရာ ရပ်ရွာ စားဝတ်နေရေး၊ ပညာရေး အခြေအနေတွေ မေးမြန်းခွင့်ရခဲ့သလို သူနဲ့ အတွေးအမြင်လည်း အပြန်အလှန် ဖလှယ်ခဲ့ရပါတယ်။
ငယ်ရွယ်စဉ်တုန်းက ကျနော်နဲ့ အသိမိတ်ဆွေဖြစ်ခဲ့သူ စောဖားဒူ နေထိုင်တဲ့ရွာဟာ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေအတွင်း လူသူအရောက်ပေါက်နည်းတဲ့ ဘီးလင်းမြို့နယ် နို့ဘဲဘောကျေးရွာအုပ်စုက တောခေါင်ခေါင် ကရင်လူ မျိုးစုအိမ်ခြေ (၅၀)ကျော်ရှိ ရွာလေးတစ်ရွာ ဖြစ်ပါတယ်။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး မိုးတွင်းဘက်မှာ လှည်း၊ ကား၊ ဆိုင် ကယ် သွားမရသလို အနီးအနားရွာတွေလောက်သာ သွားလာကြပါတယ်။
နောက်တစ်နေ့မနက် သူ့ရဲ့ကျောင်းဆရာဘဝကို ဆက်မေးတဲ့အခါ “ကဝါထာ့လိုရွာမှာ ကျောင်းဆရာဖြစ်ရတဲ့ဘဝဟာ ဝမ်းစာ တစ်ဖက်၊ သင်ကြားရေးတစ်ဖက်နဲ့ လွယ်လှတာ မဟုတ်ပါဘူး။ ဒါပေမယ့် အနာဂတ်ကလေးငယ်တွေအတွက် ပညာရေးထက် အရေးကြီးတာ ဘာရှိသေးလို့လဲ”လို့ အိမ်အပြင် တောင်ကုန်းပေါ်က တောင်ယာခင်းတစ်ခုဆီကို အဓိပ္ပါယ်ပါတဲ့ မျက်လုံးနဲ့ ငေးကြည့်ရင်း သူ ပြောနေပါတယ်။
ဒါ့အပြင် “ကြွက်ကြောင့် ကျနော်တို့ရွာက အခုနှစ် တောင်ယာစပါးရာသီမှာ စပါးထွက်နှုန်း အရမ်းကျဆင်းလို့ တချို့တောင်ယာ ခင်းတွေဆို လုံးဝ စွန့်လွှတ်လိုက်ရတာတွေ ရှိနေပါတယ်။ ကျနော်ကတော့ ဒီနှစ်မှာ တင်း ၂၀လောက်ပဲ ထွက်တယ်။ ပုံမှန်နှစ်ဆို တင်း ရာချီပါတယ်။ ဒါကြောင့် ဆန်ဝယ်စားရမှာကလွဲလိုု့ ရွေးစရာလမ်း မရှိပါဘူး။ ဒီနှစ်တော့ ကျနော်တို့ ဒေသခံတွေ ရိက္ခာရှား ပါးမှုဒဏ်နဲ့ ကြုံရမှာပဲ ဖြစ်တဲ့အတွက် တကယ်စိတ်မကောင်းပါဘူး”လို့ သူက ဆိုပါတယ်။
ကဝါထာ့ကျေးရွာ ဒေသခံ အားလုံးနီးပါးဟာ တောင်ယာလုပ်ငန်းနဲ့ အဓိက အသက်မွေးဝမ်းကျောင်းပြုနေကြပါတယ်။ ရွာမှာ အခြေစိုက်နေထိုင်တဲ့သူတွေဟာ စာတတ်ပေတတ် ဖြစ်ဖြစ်၊ စာမတတ် ပေမတတ်ဖြစ်ဖြစ် တပြေးညီ လုပ်နေရတဲ့ အလုပ်က တော့ တောင်ယာလုပ်ငန်းပဲ ဖြစ်ပါတယ်။
ဆယ်စုနှစ် ငါးခုကျော် သက်တမ်းရှိပြီဖြစ်တဲ့ ကဝါထာ့ ကိုယ်ထူကိုယ်ထ မူလတန်းစာသင်ကျောင်းမှာ စောဖားဒူဟာ လွန်ခဲ့တဲ့ ၂၀၀၈ခုနှစ်က စတင်စာသင်လာကတည်းက အခုချိန်အထိ ကျောင်းအုပ်အဖြစ် လုပ်ခဲ့ပါတယ်။ ကျောင်းဆရာဖြစ်လာကတည်း က ရာသီအလိုက် တောင်ယာလုပ်ရင်း စာသင်တဲ့ဘဝကို နှစ်စဉ် ရုန်းကန်ဖြတ်သန်းခဲ့ရတာပါ။ သူဟာ ငယ်ရွယ်စဉ်က ရွာစာသင် ကျောင်းမှာ စတုတ္ထတန်းအထိ ပညာသင်ကြားခဲ့ပြီး ထိုင်း-မြန်မာနယ်စပ်ကျောင်းတွေမှာ ဆက်လက် ပညာသင်ကြားခဲ့ပါတယ်။ ၂၀၀၁ခုနှစ်က မယ်လအူးဒုက္ခသည်စခန်းမှာ အထက်တန်းအောင်မြင်ခဲ့ပြီးနောက် ဌာနေ ကဝါထာ့ရွာကို အလည်ပြန်လာခဲ့ပါ တယ်။
ရွာကိုအလည်သဘော ပြန်ရောက်လာချိန်မှာ တောခေါင်ခေါင်နဲ့ ကျောင်းဆရာ ရှားပါးနေတဲ့ သူတို့ရွာ စာသင်ကျောင်း အခြေအ နေကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရတာကြောင့် သက်ဆိုင်ရာ ကရင်လူကြီးတွေရဲ့ အနူးအညွှတ် မေတ္တာရပ်ခံ တောင်းဆိုမှု ကြောင့်ကော၊ ရွာရဲ့လိုအပ်ချက်အရပါ နဂိုရည်မှန်းချက်ကို စွ့န်ပြီး ကျောင်းဆရာဘဝကို သူရွေးချယ်ခဲ့ပါတယ်။
သူ့ရဲ့မူလရည်မှန်းချက်က ထိုင်း-မြန်မာနယ်စပ်မှာ ဖွင့်လှစ်တဲ့ ဆယ်တန်းလွန်ကျောင်းတစ်ခုခုကို တက်ရောက်ပြီး ဆေးပညာမှာ ဒေါက်တာအထိ ကြိုးစားတက်လှမ်းဖို့ ရည်ရွယ်ခဲ့ပေမယ့် ပညာရေး၊ ကျန်းမာရေး၊ စားဝတ်နေရေး အဖက်ဖက် ချွတ်ခြုံကျနေတဲ့ ရွာရဲ့အခြေအနေကိုသိတော့ သင့်တင့်လျောက်ပတ်တဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချခဲ့တယ်လို့ပဲ ယူဆတယ်လို့ သူက ဆိုပါတယ်။
ရွာခံဖြစ်တဲ့ သူဟာ ကဝါထာ့ကိုယ်ထူကိုယ်ထကျောင်းမှာ စတင် စာသင်ကြားရတာနဲ့ တခါတည်း ကျောင်းအုပ်အဖြစ် တာဝန်ယူ ပေးရပါတယ်။ ရွာရဲ့ ကျောင်းဆရာ၊ ဆရာမတွေဟာ သူစတင် စာသင်ကြားတဲ့အချိန်ကနေ ယခု ၂၀၁၆-၁၇ ပညာသင်နှစ်အထိ တိုးများလာခြင်းမရှိဘဲ နှစ်စဉ် ကျောင်းဆရာ လေးဦးတည်းနဲ့ ကျောင်းလုပ်ငန်းကို လည်ပတ်နေရပါတယ်။ ကျောင်းဆရာသက် တမ်း ဒုတိယနှစ်မှာ ဘဝတူ ကျောင်းဆရာမလေးတစ်ယောက်နဲ့ အိမ်ထောင်ပြုခဲ့ပြီး အခုဆိုရင် သားသမီး သုံးယောက် ထွန်း ကားခဲ့ပြီ ဖြစ်ပါတယ်။
ဒီကိုယ်ထူကိုယ်ထ ကျောင်းမှာ စာသင်ရတဲ့ ကျောင်းဆရာတွေဟာ တစ်နှစ်လုံးမှ ကရင်ပညာရေးဌာန-KED က တတ်စွမ်းသမျှ ကူညီထောက်ပံ့ပေးတဲ့ ကျပ်ငွေ သုံးသိန်းဝန်းကျင်နဲ့ ဘဝကို ရပ်တည်ခဲ့ကြပါတယ်။ သူတို့တွေဟာ ဘွဲ့ရပညာတတ်တွေ မဟုတ် ဘဲ ဝါသနာ၊ စေတနာ၊ အနစ်နာတွေ အရင်းခံပြီး အမျိုးသားရေးတာဝန်ကို ပီတိတွေနဲ့ ထမ်းဆောင်နေကြသူတွေပါ။ ဒီအခြေအ နေအောက်မှာ အိမ်ထောင်သည် ကျောင်းဆရာ၊ ဆရာမတွေအနေနဲ့ ပိုပြီး ရုန်းကန်ရပါတယ်။
“ခေတ်အခြေအနေအပေါ် ကျနော်တို့က ကလေးတွေ ပညာရေးအတွက် စွမ်းဆောင်နိုင်သမျှ ကိုယ်တတ်ထားတဲ့ ပညာနဲ့ ပြန် လည် ဝေငှတာပါ။ သင်ရိုးညွှန်းတမ်းကတော့ ကရင်ဘာသာ ထည့်သွင်းသင်ကြားပေးတယ်။ ကျန်တာ အစိုးရသင်ရိုးညွှန်းတမ်း စာတွေ ဖြစ်ပါတယ်။ ကျနော်တို့ကျောင်းမှာ လေးတန်းအောင်မြင်ပြီးတဲ့ ကလေးတွေ အများအားဖြင့် ကေအဲန်ယူ တည်ထောင် ထားတဲ့ ကွီးလေးကျောင်းမှာ ကျောင်းဆက်တက်ကြတယ်။ တချို့ဆို တော်လှန်ရေးမှာဝင်ပြီး တိုးပေါက်တဲ့သူတွေ တွေ့ရလို့ ဝမ်း သာမိတယ်”လို့ ဆရာစောဖားဒူက ဆိုပါတယ်။
သူ့ရဲ့စာသင်ကျောင်းလေးဟာ သက်တမ်းနှစ် ၅ဝ ကျော်လာတာနဲ့အမျှ အမိုးပေါက်၊ အခင်းပြဲ၊ အကာကွာကျပြီး တိုင်တွေ ယိုင်နဲ့ နေတဲ့အတွက် လာမယ့် ၂၀၁၇-၁၈ စာသင်နှစ်အမှီ ပြုပြင်သွားဖို့ လိုအပ်နေပါတယ်။ ဒါကို တည်ဆောက်သွားဖို့ ရွာမှာရှိတဲ့ တာဝန်ရှိသူတွေ၊ ကျောင်းကော်မတီနဲ့ ရွာသားတွေကို တိုင်ပင်ပြီး ကျောင်းအတွက် သစ်တွေ စုဆောင်းထားကြောင်း၊ လိုအပ်တဲ့ အကူအညီရဖို့လည်း မျှော်လင့်ကြောင်းနဲ့ ကျောင်းသစ် တည်ဆောက်မယ့်အပေါ် သက်ဆိုင်ရာ ကေအဲန်ယူကို အကူအညီ တောင်းခံခဲ့ဖူးကြောင်း ကျေးရွာ ကျောင်းကော်မတီဝင်တွေက ကျနော့်ကို ပြောပြပါတယ်။
ကျောင်းကော်မတီဝင်တစ်ဦးဖြစ်တဲ့ စောဖားဘွဲ့က “ကျောင်းကတော့ ယိုယွင်းပျက်စီးနေပြီ။ အကြိမ်ပေါင်းများစွာ ပြုပြင်မှုလည်း လုပ်ခဲ့ပြီ။ ခု အခြေအနေက လုံးဝ မဟန်တော့ဘူး။ ကလေးတွေ စာကောင်းကောင်းသင်နိုင်ဖို့ ကျောင်းဆောင်သစ်ဆောက်ဖို့ အချိန်တန်ပြီ။ ဆောက်မယ့်အခါ အကူအညီတော့ လိုနေပါတယ်။ နောက်ဆုံး ကျနော်တို့ စဉ်းစားထားတာ ကိုယ်ထူကိုယ်ထ လုပ်သွားနိုင်ဖို့ပါပဲ”လို့ အခြေအနေကို ရှင်းပြပါတယ်။
အနာဂတ်မှာ ပညာရေးဟာ မရှိမဖြစ် လိုအပ်နေတဲ့ တစ်ခုတည်းသောအရာဆိုတာ ကျေးရွာဒေသခံတွေက ကောင်းကောင်း နား လည်ထားကြတာတယ်။ ဒါပေမယ့် ခေတ်စနစ်ကြောင့် ဘဝပေးအခြေအနေအောက်မှာ သက်ရှင်ရုန်းကန်နေကြတဲ့အတွက် ပညာရေးမြှင့်တင်ဖို့ဟာ လက်တွေ့မှာ ရှေ့မတိုး နောက်မဆုတ် ဖြစ်နေရတယ်။
စောဖားဒူကတော့ “ကျနော်ဘာမှ မလုပ်နိုင်ရင် နေပါစေ။ ကျနော့်ရွာ ပညာရေးအတွက် တတ်နိုင်တဲ့ဘက်ကနေ အသက်ထက် ဆုံးအထိ ကျနော် ကြိုးပမ်းသွားမယ်လို့ စိတ်ပိုင်းဖြတ်ထားပါတယ်။”လို့ သူ့ရင်ထဲက ခံစားချက်အမှန်ကို ပြောဆိုပါတယ်။
ကေအဲန်ယူ ဘီးလင်းမြို့နယ်ထဲက နို့ဘဲဘောကျေးရွာအုပ်စုမှာ ကဝါထာ့ အပါအဝင် နို့ဘဲဘော၊ ဘောနော်ဝါ့၊ ထီးစုခီး၊ တာမဲခီး၊ လာကျိုးခို့၊ လာကျိုးခေါ်ထိ၊ မယ်ဘောခီး၊ ထော်ကလော်ခီး၊ ထော်ကလော်ဖိုးခီး၊ ဝါ့ခယ်ထာ့နဲ့ ကွီးလေးတဝေါဖျာရွာတွေရှိပြီး ရွာ သူရွာသားတွေဟာ တောင်ယာလုပ်ငန်းနဲ့ အသက်မွေးကြပါတယ်။ ဒီလိုရွာတွေရဲ့ စာသင်ကျောင်းတွေမှာ သင်ကြားပို့ချပေးနေရ တဲ့ ကျောင်းဆရာ၊ဆရာမတွေဟာ ကရင်ပညာရေးဌာနရဲ့ ထောက်ပံ့မှုတစ်ခုတည်းနဲ့တော့ မိသားစုဝမ်းစာ ဘယ်လိုမှ မလောက် ငှနိုင်ပါဘူး။ သို့ပေမယ့် သူတို့တွေဟာ ပီတိကိုအဖော်ပြုနေကြသူတွေမို့ ကလေးတွေကို ပညာအလင်းတံခါးဖွင့်ပေးရင်း ဝမ်းစာ တိုက်ပွဲကိုဆင်နွဲနေကြသူတွေလို့ဆိုရင် မှားမယ်မထင်ပါဘူး။