၂၁ရာစုပင်လုံနဲ့ တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးရောင်ခြည်
၂၀၁၅ခုနှစ်၊ အောက်တိုဘာလ ၁၅ရက်နေ့တွင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း(EAO) ၈ဖွဲ့က တစ် နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်(NCA)ကို ကြံ့ခိုင်ဖွံ့ဖြိုးရေး ဦးသိန်းစိန်အစိုးရနှင့် လက်မှတ်ထိုးခဲ့ပြီးနောက်ပိုင်း စာချုပ်ပါ အတိုင်း နိုင်ငံရေးဆွေးနွေးပွဲဟု မှတ်ယူရသည့် ၂၁ရာစု ပင်လုံညီလာခံတစ်ဖြစ်လည်း ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံက ၂၀၁၆ခုနှစ်၊ ဩဂုတ်လ ၃၁ရက်နေ့တွင် စတင်လိုက်ပြီဖြစ်သည်။ သတင်းစာမျက်နှာများနှင့် လူတိုင်း ပါးစပ်ဖျားတွင် ရေပန်းစား နေသည်မှာ ၂၁ရာစုပင်လုံညီလာခံဖြစ်သော်လည်း တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း(EAO)နှင့် တိုင်းရင်း သားနိုင်ငံရေးခေါင်းဆောင်များအတွက်မူ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံသာ ဖြစ်သည်။
ဤညီလာခံမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ချမှတ်ရေးဆွဲကာ မဖြစ်မနေ အကောင်အထည်ဖော်ခဲ့မှုကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ များနှင့် တိုင်းရင်းသားနိုင်ငံရေးပါတီများမှ တိုင်းရင်းသားခေါင်းဆောင်များကပါ လိုက်ပါနေရသကဲ့သို့ ဖြစ်နေ သည်ဟုလည်း ဝေဖန်သုံးသပ်ပြောဆိုသူများ ရှိနေသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၆ရက်မှ ၃ဝရက်နေ့အထိ ကချင်ပြည်နယ်၊ မိုင် ဂျာယာန်မြို့တွင် ကျင်းပပြုလုပ်ခဲ့သော တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၏ စုံညီအစည်းအဝေးတွင် ၂၁ပင်လုံ ခေါ် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို သုံးပွင့်ဆိုင်ပုံစံဖြင့်သာ ဖော်ဆောင်သွားမည်ဟု ဆုံးဖြတ်ခဲ့ကြသည်။
သုံးပွင့်ဆိုင် ဆိုသည်မှာ ဘက်တစ်ဖက်တည်း သို့မဟုတ် နှစ်ဖက်တည်း သို့မဟုတ် တစ်ဦးတစ်ယောက်တည်းက လုပ်ဆောင်ရ သည်ဟူသော အဓိပ္ပါယ်မဟုတ်ပေ။ လုပ်ငန်းစဉ်တစ်ခုခုကို အကောင်အထည်ဖော်ရာ၌ ဘက်သုံးဖက်ဟု သတ်မှတ်လျှင် စီစဉ် ဆောင်ရွက်သွားမည့် လုပ်ငန်းအတွက် အဆိုပါဘက်သုံးဖက်က ခေါင်းချင်းဆိုင်၍ အစီအစဉ်များကို အကျေအလည် ဆွေးနွေး တိုင်ပင်ခြင်း၊ ဆုံးဖြတ်ရေးဆွဲခြင်း၊ ဒိုးတူဘောင်ဖက် အကောင်အထည်ဖော်ခြင်းဟုပင် နားလည်မိသည်။
လတ်တလော အခြေအနေမှာ အပစ်ရပ်စာချုပ်ကို ချုပ်ဆိုလက်မှတ်ရေးထိုးပြီးသည့်အဖွဲ့များ ရှိသော်ငြားလည်း မြန်မာပြည် မြောက်ပိုင်းတွင် ဗုံးသံ၊ သေနတ်သံနှင့် ယမ်းငွေ့များက မပြယ်သေး၊ မပျောက်သေးဘဲ အနံ့ထွက်နေဆဲဖြစ်သည်။ ပြည်တွင်းစစ် သည် တစ်ချိန်က အိမ်နီးချင်းနိုင်ငံများထက် တိုးတက်ခဲ့သော အမိမြန်မာပြည်ကို စီးပွားရေးအရ ချွတ်ခြုံကျစေခြင်း၊ ပညာရေး၊ ကျန်းမာရေး နိမ့်ကျစေခြင်း၊ နိုင်ငံသူနိုင်ငံသားများ၏ စိတ်ဓာတ်နှင့် အကျင့်စာရိတ္တပိုင်းဆိုင်ရာ ပျက်စီးခြင်း စသော ဖွံ့ဖြိုးတိုးတက် မှု ကဏ္ဍပေါင်းများစွာကို ဆုတ်ယုတ်စေခြင်းဖြင့် နိုင်ငံကို ဆင်းရဲမွဲတေမှုအဆင့်သို့ ထိုးဆင်းလာစေခဲ့သည်။ ထို့အတွက် ၂၁ရာစု ပင်လုံညီလာခံကြီးမှာ နှစ်ပေါင်း ၇ဝနီးပါး ကြာမြင့်ခဲ့သည့် မြန်မာပြည်၏ ပြည်တွင်းစစ်မီးကို ငြိမ်းစေမည့်ရလဒ်များ ယူဆောင်လာ လေမလား ဟူသည့် မျှော်လင့်ချက်ရောင်ခြည်ကို တိုင်းရင်းသားပြည်သူတိုင်းက အားပေး၊ ကြိုဆို၊ စောင့်ဆိုင်းနေပေသည်။
စစ်မှန်တည်တံ့သော ငြိမ်းချမ်းရေးကို မည်သူတို့က နှလုံးစိတ်ဝမ်းတွင်းမှ အမှန်တကယ် လိုလားသနည်း။ မည်သူတို့က စစ်မက် ခိုက်ရန်ကို ဆက်လက် လိုလားသနည်းဆိုသည်ကိုလည်း ဤညီလာခံက ကွက်ကွက်ကွင်းကွင်း အဖြေပေးလိမ့်မည်ဟု ထင်ပါ သည်။ အလားတူ တိုင်းရင်းသားလူမျိုးအားလုံးမှာ နှစ်ရှည်ကြာလာသော ပြည်တွင်းစစ်ကို ငြီးငွေ့ကြောက်ရွံ့လာခဲ့ကြပြီးဖြစ်၍ ဩဂုတ်လ ၃၁ရက်မှ စက်တင်ဘာလ ၄ရက်နေ့အထိ နေပြည်တော်တွင် ကျင်းပသည့် ၂၁ရာစုပင်လုံညီလာခံ သို့မဟုတ် ပြည် ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ ၁၉၄၇ပင်လုံညီလာခံထက် ပိုမို၍ အဓိပ္ပါယ်ပြည့်ဝသော၊ သာ၍ပြည့်စုံသော၊ တိုင်းသူပြည်သား အားလုံး၏ ဆန္ဒနှင့် တစ်ထပ်တည်းဖြစ်စေမည့် ရလဒ်ကို အောင်မြင်စွာ ဆောင်ကြဉ်းလာနိုင်စေကြောင်း မျှော်လင့်မိပါသည်။