Home သတင်း ပြည်နယ်အစိုးရ ခွင့်မပြုသဖြင့် ပြည်သူများထံ KNU ‌မြေယာမူဝါဒ ချပြရန် အစီအစဉ် ဖျက်သိမ်းခဲ့ရ

ပြည်နယ်အစိုးရ ခွင့်မပြုသဖြင့် ပြည်သူများထံ KNU ‌မြေယာမူဝါဒ ချပြရန် အစီအစဉ် ဖျက်သိမ်းခဲ့ရ

2192

ဇူလိုင် ၁၉ ရက်၊ ၂၀၁၆ခုနှစ်။ ‌ကေအိုင်စီ

‌မြေယာ‌ပေါ်လစီ မူဝါဒများနှင့်ပတ်သက်၍ ပြည်သူများထံ အသိ‌ပေးချပြရန် ရည်ရွယ်၍ ကရင်အမျိုးသား အစည်းအရုံး(KNU)သည် ကရင်ပြည်နယ် ဖားအံမြို့၊ သု‌မေဓါရာမ ကြား‌တောရ ဘုန်းကြီး‌ကျောင်း၌ ဇူလိုင် ၁၇ ရက်‌နေ့တွင် ‌ဆွေး‌နွေးပွဲတစ်ရပ်ပြုလုပ်မည်ကို ကရင်ပြည်နယ်အစိုးရမှ ခွင့်ပြုချက်မ‌ပေးသဖြင့် ‌ဆွေး‌နွေးပွဲ အစီအစဉ်ဖျက်သိမ်းခဲ့ရသည်ဟု သိရသည်။

KNU ‌မြေယာမူဝါဒချပြနိုင်ရန်အတွက် ‌ဆွေး‌နွေးပွဲသတ်မှတ်ရက် မတိုင်မီ ကရင်အမျိုးသားစည်းလုံးညီညွတ်‌ရေး ‌ကော်မတီ(KUPC) ကရင်ပြည်နယ်အဖွဲ့ခွဲမှ အဖွဲ့‌ခေါင်း‌ဆောင် ဆရာ‌တော်ဦးစန္ဒာဝရ လက်မှတ်နှင့် ကရင်ပြည်နယ် ဝန်ကြီးချုပ်ထံသို့ ခွင့်ပြုမိန့်စာတင်ထား‌သော်လည်း ခွင့်မပြု‌ကြောင်း ဇူလိုင် ၁၅ရက်‌နေ့တွင် ပြန်လည်အ‌ကြောင်းကြားလာသဖြင့် အစီအစဉ် ဖျက်သိမ်းခဲ့ရခြင်းဖြစ်သည်။

ယင်း‌မြေယာမူဝါဒ ချပြရန် ပွဲဖြစ်‌မြောက်‌ရေး စီစဉ်ခဲ့သူ ကရင်ပြည်နယ် KUPC အဖွဲ့ခွဲမှ အဖွဲ့‌ခေါင်း‌ဆောင် ဆရာ‌တော်ဦးစန္ဒာဝရက “ဦးဇင်းတို့ KNU ကို ကူညီ‌ပေးတဲ့သ‌ဘောပါ။ အစိုးဘက်ကခွင့်မပြုဘူးဆို‌တော့ ဦးဇင်း တို့လည်း ‌စောဒက တက်စရာမရှိပါဘူး။ ဒါ‌ပေမယ့် ခုလိုအချိန်ခါမျိုးမှာ အဲဒီအ‌ကြောင်းပြချက်က‌တော့ မသင့် ‌လျော်‌သေးဘူးလို့ ထင်တယ်။ ‌နောက်ပြီး မြန်မာနိုင်ငံမှာ ‌မြေယာပြဿနာက ထိပ်တန်း‌ဖြေရှင်းရတဲ့ ပြဿနာ တစ်ခုဖြစ်တယ်။ ဒါကို အစိုးရပဲ စီမံခန့်ခွဲခွင့် ရှိတယ်။ သူများ စီမံခန့်ခွဲခွင့် မရှိဘူးဆို‌တော့ ထင်သာမြင်သာ ပွင့်လင်းမှု မပြသရဲတဲ့ သ‌ဘောလားမသိဘူး။ အဲလို အဓိပ္ပါယ်‌ရောက်တယ်”ဟု ‌ကေအိုင်စီသို့ မိန့်ကြားသည်။

ပြည်နယ်အစိုးရ၏ ပြန်လည်အ‌ကြောင်းကြားစာအရ နိုင်ငံ‌တော်အတွင်းရှိ ‌မြေအားလုံးကို နိုင်ငံ‌တော်အစိုးရမှပင် ‌မြေယာဥပ‌ဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ စီမံခန့်ခွဲ ‌ဆောင်ရွက်လျှက်ရှိပါသဖြင့် ကရင်ပြည်နယ် အစိုးရအဖွဲ့ ရုံးစိုက်ရာ ဖားအံမြို့တွင် KNU ၏ ‌မြေယာမူဝါဒအား ပြည်သူလူထုသို့ အသိ‌ပေးချပြမည့် ‌ဆွေး‌နွေးပွဲ ကျင်းပလို‌ကြောင်း တင်ပြလာခြင်းကိစ္စအား ပြည်နယ်အစိုးရအဖွဲ့အ‌နေဖြင့် ခွင့်ပြု‌ပေးနိုင်ခြင်း မရှိပါ‌ကြောင်း ပြည်နယ်ဝန်ကြီးချုပ် ကိုယ်စား ‌ဇော်လွင်ဦးမှ KUPC အဖွဲ့ထံ ပြန်လည်အ‌ကြောင်းကြားခဲ့သည်ဟု သိရသည်။

ယခုလို ခွင့်ပြုချက်မ‌ပေးရခြင်းသည် အစိုးရမှ KNU အား အသိအမှတ်ပြုမှု၊ ပူး‌ပေါင်း‌ဆောင်ရွက်မှုနှင့် ညှိနှိုင်းမှု အားနည်း‌နေ‌သေး‌ကြောင်း ‌ကောက်ချက်ချနိုင်သလို အပစ်ခတ်ရပ်စဲ‌ရေးလက်မှတ်ထိုးပြီး ငြိမ်းချမ်း‌ရေး လုပ်‌ဆောင်သည့် ကာလတွင် တစ်ဘက်နှင့်တစ်ဘက် ရှိသည့် မူဝါဒများကို အသိအမှတ်ပြုရန် လိုအပ်သည်ဟု KNU တွဲဖက်အတွင်း‌ရေးမှူး(၂) ပဒို မန်းမန်းမန်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

“အဓိက ‌မြေယာမူဝါဒအပြင် တခြားဆိုင်ရာမူဝါဒ‌တွေလည်း ရှိတာ‌ပေါ့။ မူဝါဒနဲ့ပတ်သက်ပြီး‌တော့မှ အစိုးရနဲ့ KNU ဘက်‌တွေမှာ နှစ်ဖက်မူဝါဒ‌တွေကို ညှိနှိုင်း‌ဆောင်ရွက်ဖို့၊ ပြီး‌တော့ အသိမှတ်ပြုဖို့ လိုအပ်မယ်။ အဲလို အသိမှတ်ပြုပြီးမှ ပြည်သူအတွက် အ‌ကောင်းဆုံးမူဝါဒဖြစ်မယ့်ဟာကို ညှိနှိုင်း‌ဆောင်ရွက်ဖို့ လိုအပ်‌သေးတယ် လို့ ကျ‌နော်တို့မြင်တယ်။ အခုလို ခွင့်မပြုတာ‌တွေဟာ အစိုးရက KNU ကို အသိမှတ်ပြုအားနည်း‌နေတာ”ဟု ၎င်းက ‌ပြောသည်။

အလားတူ ‌မြေယာမူဝါဒနှင့် ပတ်သက်၍ KNU သည် ပြီးခဲ့သည့် ‌မေလအတွင်းက ရန်ကုန်မြို့၊ အလုံလမ်းရှိ Summit Parkview ဟိုတယ်တွင် KNU ‌မြေယာမူဝါဒဆိုင်ရာ ထုတ်ပြန်ခြင်းအခမ်းအနားတစ်ရပ်ကို ကျင်းပကာ အခမ်းအနားတွင် ပြည်တွင်းပြည်ပမီဒီယာများ၊ ကရင်အပါအဝင် တိုင်းရင်းသားပါတီများနှင့် လူမှုအဖွဲ့အစည်းများ တက်‌ရောက်ခဲ့သည်။

KNU သည် “‌မြေယာသည် ပြည်သူလူထုက ပိုင်ဆိုင်သည်”ဟူ‌သော ‌ဆောင်ပုဒ်ဖြင့် ရှိနှင့်ပြီးသား ‌မြေယာမူဝါဒကို ၂၀၁၄ခုနှစ်၊ ဒီဇင်ဘာလတွင် ပြန်လည်‌ရေးဆွဲခဲ့ပြီး လွန်ခဲ့သည့် ၂၀၁၃ ခုနှစ်ကလည်း ကရင်ပြည်နယ်အပြင် KNU လက်လှမ်းမီရာ ကရင်‌ဒေသများတွင် ‌မြေယာမှတ်ပုံတင်နှင့် တိုင်းထွာ‌ပေးမှုများ စတင်ပြုလုပ်‌ပေးခဲ့သည်။

ထို့အပြင် KNU သည် ၁၉၇၄-ခုနှစ်တွင် ‌မြေယာမူဝါဒကို စတင်ပြဋ္ဌာန်းကာ ထိုမှတဆင့် ၂၀၀၅ခုနှစ်တွင် “‌မြေယာသည် ‌ဒေသခံ ပြည်သူများတွက်ဖြစ်သည်”ဟူ‌သော ‌ဆောင်ပုဒ်ဖြင့် ပြင်ဆင်‌ရေးဆွဲချမှတ်ခဲ့ပြီး‌နောက် ‌ခေတ်စနစ်နှင့်အညီ ယခုတဖန် ထပ်မံ‌ရေးဆွဲပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်ဟု KNU က ဆိုသည်။