Home ဆောင်းပါး “‌မေတ္တာ”ကို လူမျိုး‌ပေါင်းစုံ ပြည်သူလူထုအင်အားနဲ့ ‌ပေါင်းစပ်ပါ

“‌မေတ္တာ”ကို လူမျိုး‌ပေါင်းစုံ ပြည်သူလူထုအင်အားနဲ့ ‌ပေါင်းစပ်ပါ

2635

(‌မောင်‌ကျော်စွာ)

(၂ဝ – ၂- ၂၀၁၆)

ဒီချုပ်ပါတီ ဥက္ကဋ္ဌ အပါအဝင် ပုဂ္ဂိုလ် ၃ ဦးနဲ့ ကာချုပ်အပါအဝင် စစ်ဗိုလ်ချုပ် ၃ ဦးတို့ ‌ဖေ‌ဖေါ်ဝါရီ ၁၇ ရက်‌နေ့မှာ ‌တွေ့ဆုံခဲ့ကြပါတယ်။ ဒီလို ဒီချုပ်ပါတီဥက္ကဋ္ဌနဲ့ ကာချုပ်‌တွေ့ဆုံမှုဟာ တတိယအကြိမ်‌မြောက် ‌တွေ့ဆုံမှုလည်း ဖြစ်ပါတယ်။

ဘယ်လို‌ခေါင်းစဉ်‌တွေနဲ့ နှစ်ဖက် အပြန်အလှန်‌ဆွေး‌နွေးခဲ့ကြပြီး ဘယ်ကိစ္စ‌တွေမှာ ဘယ်လိုသ‌ဘောတူကြတယ်၊ ဘယ်လိုကိစ္စ ‌တွေမှာ‌တော့သ‌ဘောတူညီမှုမရ‌သေးဘူး စသဖြင့် ‌ဆွေး‌နွေး‌နေတဲ့ အ‌ကြောင်းအရာ‌တွေကို ‌ဆွေး‌နွေး‌နေတဲ့ နှစ်ဖက်ကလွဲပြီး ဘယ်သူမှ တိတိကျကျမသိနိုင်ပါဘူး။ သို့‌သော်လည်း မီဒီယာ‌ပေါင်းစုံက‌နေ ထုံးစံအတိုင်း သန်ရာသန်ရာ ‌ဟောကိန်းမျိုးစုံက‌တော့ အဆက်မပြတ် ပလုံစီထပြီး ကျန်ရစ်ခဲ့ပါတယ်။ အစိုးရပိုင် သတင်းစာ‌တွေက‌တော့ “တရားဥပ‌ဒေစိုးမိုး‌ရေးဆိုင်ရာကိစ္စရပ်များနှင့် ထာဝရငြိမ်းချမ်း‌ရေးရရှိရန် ဆက်လက် ‌ဆောင်ရွက်ရမည့်ကိစ္စရပ်များကို ‌ဆွေး‌နွေးခဲ့ကြသည်” လို့ အလွန်‌ယေဘုယျကျစွာ ‌ဖော်ခဲ့ပါတယ်။

ဘယ်လိုပဲ သတင်း‌တွေ ပိတ်ဆို့ထား၊ အ‌မှောင်ချထားပါ‌စေ။ “ပုဒ်မ ၅၉ (စ)” အ‌ပေါ် စစ်တပ်နဲ့ အစိုးရတို့ တစ်ထပ်တည်း တူညီ‌နေတဲ့ အာ‌ဘော်နဲ့သ‌ဘောထားကို ပြည်သူအများက တိကျရှင်းလင်းစွာ သိရှိလိုက်ရပါတယ်။ စစ်တပ်ရဲ့သ‌ဘောထားကို စစ်တပ်ပိုင်မြဝတီ သတင်းစာ ( ‌ဖေ‌ဖေါ်ဝါရီ ၁)မှာ “ပုဒ်မ ၅၉ (စ) ကို ထာဝရ မ‌ပြောင်းလဲ တည်ရှိ‌စေလို”လို့ ‌ဖော်ပြခဲ့ပါတယ်။

‌ဖေ‌ဖေါ်ဝါရီ ၁ ရက်‌နေ့ဟာ ဒုတိယအကြိမ် ပြည်သူ့လွှတ်‌တော် ပုံမှန်အစည်းအ‌ဝေး‌တွေ စတင်တဲ့‌နေ့ရက်၊ ဒီချုပ်ပါတီအတွက် အင်မတန်မဂင်္လာရှိတဲ့‌နေ့ ဖြစ်ပါတယ်။ ဒီလို‌နေ့ရက်မျိုးမှာ စစ်တပ်ပိုင်သတင်းစာက ဒီလို အာ‌ဘော်မျိုး‌ဖော်ပြတာဟာ သာမန်တိုက်ဆိုင်မှု မဟုတ်ပါ။ တမင်ရည်ရွယ်ပြီး ‌ဖော်ပြတာလို့ ယူဆရမှာပါ။ ပုဒ်မ ၅၉ (စ) ကိစ္စကို စစ်တပ်ဘက်က အ‌လျှော့မ‌ပေးဘူးလို့ ထပ်မံအတည်ပြု ‌ပြောလိုက်တာပါ။

ပုဒ်မ ၅၉(စ)နဲ့ပတ်သက်ပြီး အစိုးရရဲ့သ‌ဘောထားကို‌တော့ ပြန်ကြား‌ရေးဝန်ကြီးက‌နေ တဆင့် ထုတ်‌ဖော်‌ပြောဆိုခဲ့ပါတယ်။ ဒီ‌ပြောဆိုချက်ပါတဲ့(VOA)သတင်းဌာနနဲ့ ပြန်ကြား‌ရေးဝန်ကြီးရဲ့အင်တာဗျူးကို (‌ဖေ‌ဖေါ်ဝါရီ ၁၈) အစိုးရပိုင်သတင်းစာ‌တွေမှာ အပြည့်အစုံ ‌ဖော်ပြထားပါတယ်။ ပြန်ကြား‌ရေးဝန်ကြီးရဲ့ အင်တာဗျူးထဲမှာ “ပုဒ်မ ၅၉(စ)”အ‌ပေါ် သူတို့အစိုးရရဲ့ အင်မတန်ပက်စက်တဲ့ သ‌ဘောထား ရပ်တည်ချက်ကို ခပ်‌ပြောင်‌ပြောင်ပဲ ‌ပြောထားပါတယ်။ လူပုဂ္ဂိုလ်တစ်ဦးတစ်‌ယောက်ကို ရည်ရွယ်ပြီး ‌ရေးထားတာ မဟုတ်ဘူးဆိုတဲ့ လိမ်ညာမှုဟာ ဆက်ပြီး ဟန်မ‌ဆောင်နိုင်‌တော့ပါဘူး။

ယခင်က ပြန်ကြား‌ရေးဝန်ကြီးနဲ့ ပြည်ပအသံလွှင့်ဌာန‌တွေ အင်တာဗျူး‌တွေ ကြိမ်ဖန်များစွာ လုပ်ခဲ့ကြဖူးပါတယ်။ ဒါ‌ပေမယ့် အစိုးရပိုင်သတင်းစာ‌တွေမှာ အခုလို ပြန်လည်‌ဖော်ပြတာမျိုး မရှိခဲ့ပါ။ သမ္မတ၊ ကာချုပ်တို့ အင်တာဗျူး‌တွေကို‌တော့ ပြန်လည်‌ဖော်ပြဖူးပါတယ်။ ဒီတခါ‌ဖော်ပြတာက‌တော့ “ပုဒ်မ ၅၉(စ)”အ‌ပေါ် ကြံ့ဖွံ့ပါတီအစိုးရရဲ့ သ‌ဘောထားရပ်တည်ချက်ကို တမင်ကို ရည်ရွယ်ချက်ရှိရှိနဲ့ တိုင်းသိပြည်သိ‌ကြေညာလိုက်တာပဲ ဖြစ်ပါတယ်။

ဒါ‌ကြောင့် စစ်တပ်ပိုင်သတင်းစာ‌ဆောင်းပါးအာ‌ဘော်၊ ကာချုပ်ရဲ့စစ်သားအမတ်‌တွေဖြစ်တဲ့ ဗိုလ်ချုပ် ‌သောင်းထိုက်နဲ့ ဗိုလ်မှူးချုပ် တင်နိုင်စန်းတို့ရဲ့‌ပြောဆိုချက်‌တွေ၊ အစိုးရပြန်ကြား‌ရေးဝန်ကြီးရဲ့ သ‌ဘောထား ‌ပြောဆိုချက်‌တွေဟာ မ‌တော်တဆသ‌ဘောထား တိုက်ဆိုင်‌နေတာမဟုတ်ပါဘူး။ စစ်အုပ်စုရဲ့ ပင်မအကျိုးစီးပွားကို အ‌ပေါ်ယံသဏ္ဍာန်အားဖြင့် (စစ်တပ်ပိုင်သတင်းစာ/ စစ်သားအမတ်/ဝန်ကြီး စတဲ့ ) ကွဲပြားတဲ့ ‌နေရာချထားမှု အထိုင်‌ပေါ်က‌နေ ကိုယ်စီကိုုယ်ငှရပ်တည်၊ ‌ဖော်ပြလိုက်ကြတာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် အခြားရည်ရွယ်ချက်တစ်ခုလည်း ရှိပါလိမ့်ဦးမယ်။ အဲဒါက‌တော့ လက်ရှိလွှတ်‌တော်နဲ့ ‌ပေါ်လာ‌တော့မယ့် အစိုးရသစ်ကို ကြိုတင်ဟန့်တား ခြိမ်း‌ခြောက်လိုက်တဲ့သ‌ဘောလည်း ဖြစ်ပါလိမ့်မယ်။

‌ဖေ‌ဖေါ်ဝါရီ ၁၇ ရက်‌နေ့မှာ ဖြစ်ရပ် ၃ ခု တပြိုင်ထဲ ဖြစ်‌ပေါ်ခဲ့ပါတယ်။ ဒီချုပ်ပါတီမှ ထိပ်သီးများနဲ့ စစ်တပ်ထိပ်သီး‌တွေ ‌တွေ့ဆုံ‌နေကြသလို ပြည်သူ့လွှတ်‌တော်အတွင်းမှာလည်း “တိုက်ပွဲများအမြန်ဆုံးရပ်ဆိုင်‌ရေး – အ‌ရေးကြီးအဆို” တစ်ရပ်ကို တင်သွင်း‌ဆွေး‌နွေး‌နေကြပါတယ်။ ဒါ့အပြင် ရှမ်းပြည်နယ်‌မြောက်ပိုင်းမှာ စစ်တပ်က လက်နက်ကြီးနဲ့ပစ်ပြီး၊ တိုက်ခိုက်‌ရေးရဟတ်ယာဉ်နဲ့ဗုံးကြဲ တိုက်ခိုက်‌နေတယ်ဆိုတဲ့ သတင်း‌တွေ ဖြစ်ပွား‌ပေါ်‌ပေါက်ခဲ့ပါတယ်။

ဒီဖြစ်ရပ်မှာလည်း လွှတ်‌တော်ထဲက “အ‌ရေးကြီးအဆို”နဲ့ ရှမ်းပြည်နယ်‌မြောက်ပိုင်းမှာ တိုက်ခိုက်‌ရေး ရဟတ်ယာဉ်‌ပေါ်က‌နေ ပစ်ခတ်‌နေတဲ့ ဗုံးသံ‌သေနတ်သံ‌တွေဟာလည်း သာမန်တိုက်ဆိုင်မှု မဟုတ်ပါဘူး။

“အ‌ရေးကြီးအဆို” ရဲ့ရည်ရွယ်ချက်ကို အဆိုရှင် စိုင်းထွန်း‌အောင်က အချက်အမှတ် (၂)မှာ “ရှမ်းပြည်နယ် ‌မြောက်ပိုင်း၊ ပ‌လောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသ၊ ‌ကျောက်မဲမြို့နယ်၊ နမ့်ခမ်းမြို့‌ဒေသအတွင်း လက်နက်ကိုင် တပ်ဖွဲ့များအချင်းချင်းအကြား ၂၀၁၆ ခုနှစ်၊ ‌ဖေ‌ဖေါ်ဝါရီလ ၇ ရက်‌နေ့မှ စတင်ဖြစ်ပွားခဲ့‌သော တိုက်ပွဲများ‌ကြောင့်” လို့ တိတိလင်းလင်း‌ဖော်ပြထားပါတယ်။ ဒီလိုတိတိလင်းလင်း‌ဖော်ပြတာ အ‌ကြောင်းနှစ်ချက် ရှိပါတယ်။

ပထမအချက်က ဒီတိုက်ပွဲ‌တွေဟာ အစိုးရစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အကြား ဖြစ်ပွား‌နေတာ မဟုတ်ဘူးဆိုတာ ‌ပေါ်လွင်‌စေဖို့ဖြစ်ပြီး၊ ဒုတိယအချက်က လက်နက်ကိုင်တပ်ဖွဲ့အချင်းချင်းဖြစ်‌နေတာ (RCSS) နဲ့ (TNLA) အကြားဖြစ်ပွား‌နေတာဖြစ်တယ်ဆိုတာ ထင်ရှား‌စေဖို့ပဲ ဖြစ်တယ်။

ဒီလိုဖြစ်‌နေတာကို ဘယ်သူက‌ဖြေရှင်း‌ပေးရမလဲဆိုတာ ဘယ်သူ့ကိုတိုင်ကြား‌နေသလဲဆိုတာကို စိုင်းထွန်း‌အောင်ရဲ့ အဆိုအချက် အမှတ် (၆) မှာ ဖတ်ကြည့်တာနဲ့ သိနိုင်တယ်။ ငါးကြင်းဝမ်းပျဉ်းသားကို စားလိုတဲ့ ဖျံနှစ်‌ကောင်အငြင်းပွားမှုမှာ တရားသူကြီး ‌မြေ‌ခွေးက ငါးကြင်းဝမ်းပျဉ်းသားကို ကြားက‌နေ စားသွားတဲ့ ကိန်းမျိုး‌ပေါ့။

‌ရေးထားပုံက သင်းတယ်။ “ပ‌လောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသ နှင့်‌ကျောက်မဲမြို့နယ်၊ နမ့်ခမ်းမြို့နယ် ‌ဒေသအတွင်း ဖြစ်ပွား‌နေ‌သောတိုက်ပွဲများ‌ကြောင့် ဆရာ/ဆရာမများ၊ ‌ကျောင်းသား/သူများမိဘပြည်သူများ ဒုက္ခများစွာ ကြုံ‌တွေ့‌နေရပါသဖြင့် အမြန်ဆုံး တိုက်ပွဲများရပ်ဆိုင်းနိုင်‌ရေး၊ စစ်‌ဘေး‌ရှောင်ပြည်သူများ၏ လူမှုဒုက္ခများအား အမြန်ဆုံး‌ဖြေရှင်း‌ဆောင်ရွက်‌ပေးနိုင်ပါရန် နိုင်ငံ‌တော်အစိုးရ၊ ရှမ်း ပြည်နယ်အစိုးရနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံးအား တိုက်တွန်း‌ကြောင်း အ‌ရေးကြီးအဆိုတင်သွင်းအပ်ပါသည်” ဆိုပြီး သူ့အဆိုကို အဆုံးသတ်ထားပါတယ်။

ဘယ်‌လောက်ဂရုတစိုက် စကားလုံး‌ရွေးချယ်ပြီး တင်ထားတဲ့ အဆိုဖြစ်ပါသလဲ။ “လွှတ်‌တော်ရုံး”ဟာ ‌တော်‌တော်လက်‌ပေါက်စိတ်တယ်လို့ ‌ပြောရမယ်။ “စစ်တပ်၊ တပ်မ‌တော်”တို့ တစ်လုံး၊ တစ်ပါဒမှ မပါ‌အောင် ‌ရေးထားတယ်။ ‌ဖြေရှင်း‌ပေးရန် တိုက်တွန်းတဲ့အထဲမှာ “နိုင်ငံ‌တော် အစိုးရ နဲ့ ရှမ်းပြည်နယ်အစိုးရ” ကိုပဲ ဦးတည်ထားတယ်။

စစ်တပ်နဲ့ ပတ်သက်တဲ့‌ဝေါဟာရ တစ်လုံးတစ်ပါဒမှ မပါ‌ပေမယ့် လွှတ်‌တော်ထဲမှာ “အ‌ရေးကြီးအဆို”တင်တဲ့ ရက်မှာမှ စစ်တပ်က လက်နက်ကြီးနဲ့ပစ်ပြီး၊ တိုက်ခိုက်‌ရေးရဟတ်ယာဉ်နဲ့ အဲဒီ‌ဒေသမှာ ဘာ‌ကြောင့် ဗုံးကြဲ ရသလဲ။ ဒီမှာလည်း အ‌ကြောင်း နှစ်ချက် ရှိပြန်ပါတယ်။

ပထမအချက်က စစ်တပ်ကို ဘယ်သူကမှ၊ ဘယ်အဖွဲ့အစည်းကမှ အတိုက်အခိုက်ရပ်စဲဖို့ ညွန်ကြား၊ အမိန့်‌ပေးလို့ မရဘူး။ ချုပ်ကိုင်လို့ မရဘူး၊ စစ်တပ်ရဲ့လှုပ်ရှားမှုမှန်သမျှကို စစ်တပ်ကသာ ကြိုက်သလို ဆုံးဖြတ်‌ဆောင်ရွက်မယ်ဆိုတာကို ‌ဖော်ပြဖို့ဖြစ်ပြီး၊ ဒုတိယအချက်က တပ်မ‌တော်ဟာ ပြည်သူများရဲ့ တည်ငြိမ်‌အေးချမ်းမှုနဲ့ တရားဥပ‌ဒေစိုးမိုး‌ရေးအတွက် အစဉ်‌စောင့်‌ရှောက် ကာကွယ်‌နေတာ ဖြစ်တယ်ဆိုတဲ့ ဆင်‌ခြေ‌ပေးနိုင်ဖို့ပဲဖြစ်တယ်။ ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း‌တွေဆိုတာ သူတလူငါတမင်း၊ တစ်‌တော တစ်ဖတွန်ပြီး ဗိုလ်ကျ‌သောင်းကျန်း‌နေတဲ့သူ‌တွေသာ ဖြစ်တယ်ဆိုတဲ့အချက်ကိုလည်း ‌ပေါ်လွင်‌စေဖို့ ဖြစ်တယ်။

ဒီအချက်‌တွေနဲ့ပတ်သက်ပြီး လွှတ်‌တော်ထဲမှာ စစ်သားအမတ် ဒုတိယဗိုလ်မှူးကြီး‌မောင်‌မောင်ဦးနဲ့ ကာကွယ်‌ရေး ဝန်ကြီးဌာနက ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်တို့ရဲ့ လွှတ်‌တော်တွင်းတင်ပြချက်များ‌တွေကို နား‌ထောင်ကြည့်ပါ။ “(TNLA) ‌သောင်းကျန်းသူနဲ့ (SSA) ယွက်ဆစ်အဖွဲ့”လို့ပဲ သုံးပါတယ်။ “(RCSS)သို့ သတိ‌ပေးကန့်ကွက်၍ နယ်‌မြေအတွင်းမှ ပြန်ထွက်‌စေခြင်း၊ (TNLA)အဖွဲ့အား ကြိုတင်သတိ‌ပေး၍ နယ်‌မြေရှင်းလင်းခြင်းများ ‌ဆောင်ရွက်လျက်ရှိ‌နေပါ‌ကြောင်း” ‌ပြောသွားပါတယ်။

အခုလို စစ်တပ်က ‌ပြောဆိုပြုမူ‌ဖော်ပြ‌နေတာ‌တွေရဲ့ အဓိကရည်ရွယ်ချက်က‌တော့ ‌နောင်မှာ သမ္မတက ဖြစ်‌စေ၊ အစိုးရက ဖြစ်‌စေ၊ လွှတ်‌တော်ကဖြစ်‌စေ တပြည်လုံးတပြိုင်ထဲ အတိုက်အခိုက်ရပ်စဲထားဖို့ သမ္မတအမိန့်၊ အစိုးရ ညွန်ကြားချက်၊ အဆို‌တွေ စသဖြင့် တင်လာပြီး စစ်တပ်ရဲ့ စစ်ဆင်စစ်ထိုးလှုပ်ရှားမှု‌တွေကို တိုက်ရိုက်ဖြစ်‌စေ၊ သွယ်ဝိုက်၍ဖြစ်‌စေ ကြီးကြပ်၊ ကန့်သတ်၊ ထိန်းချုပ်‌တွေ မလုပ်နိုင်‌စေဖို့ ကြိုတင်ဟန့်တားလိုက်တာ၊ ကြိုတင် သတိ‌ပေးလိုက်တာပဲဖြစ်တယ်လို့ယူဆရပါမယ်။

ကချင်ပြည်နယ်မှာ စစ်တပ်ကထိုးစစ်ဆင်‌နေတာ‌တွေရပ်ဆိုင်းဖို့ သမ္မတဦးသိန်းစိန်က အမိန့်‌တွေ ညွန်ကြားချက်‌တွေ ထုတ်ခဲ့ဖူးတာပဲ။ ဒါ‌ပေမယ့်စစ်တပ်က အ‌ကြောင်းအမျိုးမျိုးပြပြီး သမ္မတရဲ့ အမိန့်နဲ့ ညွန်ကြားချက်‌တွေကို မနာခံဘဲ အာခံပြခဲ့တာ လက်‌တွေ့ပဲ မဟုတ်ပါလား။

ဒါ‌တွေ ဒါ‌တွေ‌ကြောင့် ပုဒ်မ ၅၉ (စ) ကိစ္စ၊ ရှမ်းပြည်နယ်‌မြောက်ပိုင်း ပ‌လောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသထဲက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့တိုက်ခိုက်မှုရပ်စဲ‌ရေးအ‌ရေးကြီးအဆိုကဲ့သို့ ပုဒ်မ‌လေးတစ်ခု၊ ‌ဒေသန္တရ အတိုက်အခိုက်ရပ်စဲ‌ရေးကိစ္စလို ပုရွက်ဆိတ် ‌လောက်ကိစ္စက‌လေး‌တွေမှာ‌တောင် အစိုးရနဲ့ စစ်တပ်ရဲ့ သ‌ဘောထားဟာ ဒီ‌လောက်ထိ တင်းမာပြင်းထန်လွန်း‌နေရင် “၂၀၀၈ အ‌ခြေခံ ဥပ‌ဒေပြင်ဆင်‌ရေး၊ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲ‌ရေး၊ ပြည်တွင်းငြိမ်းချမ်း‌ရေး၊ ၂၁ ရာစုပင်လုံညီလာခံ‌ခေါ်ယူ‌ရေး”စတဲ့ ဒိုင်နို‌ဆော‌လောက်ရှိတဲ့ ကိစ္စကြီး‌တွေဆိုရင် စစ်တပ်နဲ့အစိုးရ‌ဟောင်း (ကြံ့ဖွံ့ပါတီ)ရဲ့ သ‌ဘောထားနဲ့တုန့်ပြန်မှု‌တွေဟာ ဘယ်‌လောက် တင်းမာပြင်းထန်မလဲဆိုတာ ‌မျှော်‌တွေးကြည့်ရုံနဲ့ သိနိုင်ပါတယ်။

ဦးဝင်းမြင့်နဲ့ မန်းဝင်းခိုင်သန်းတို့ ကြီးမှူးတဲ့ လွှတ်‌တော်များ၊ မကြာမီ‌ပေါ်‌ပေါက်လာ‌တော့မယ့် (ဒီချုပ်ပါတီ) သမ္မတနဲ့ အစိုးရသစ်တို့အတွက် “၂၀၀၈အ‌ခြေခံဥပ‌ဒေပြင်ဆင်‌ရေး၊ တစ်ပြည်လုံးအပစ်အခတ်ရပ်စဲ‌ရေး၊ ပြည်တွင်းငြိမ်းချမ်း‌ရေး၊ ၂၁ ရာစု ပင်လုံညီလာခံ ‌ခေါ်ယူ‌ရေး”စတဲ့ ကိစ္စ‌တွေဟာ ကျားမြှီးဆွဲရမယ့် ကိစ္စကြီး‌တွေ ဖြစ်ပါတယ်။ ကျားမြှီးဆွဲရုံ‌လောက်နဲ့တင် ရပ်တန့်‌နေလို့ မရဘဲ၊ ကျားကို ဂုပ်ခွစီးပြီး နဖားကြိုး ထိုးနိုင်မှသာ ပီပီပြင်ပြင် ‌အောင်မြင်ပြီး‌မြောက်မယ့် သ‌ဘောလည်း ရှိပါတယ်။

ဒါ‌ကြောင့် ဒီချုပ်ပါတီက ‌မျှော်မှန်းထားသလို “အမှန်တကယ်‌ပြောင်းလဲဖို့”ဆိုရင် “‌မေတ္တာ”ကို “လူမျိုး‌ပေါင်းစုံ ပြည်သူလူထု အင်အားနဲ့ ပီပီပြင်ပြင်ခိုင်ခိုင်မာမာ ‌ပေါင်းစပ်ပါ” လို့ အကြံပြုတိုက်တွန်းလိုက်ပါတယ်။

ကိုးကား
– စိုင်း‌ဝေဠု(မဟာဥပ‌ဒေ) -“နို်င်ငံ‌တော်သမ္မတအရည်အချင်းသတ်မှတ်ချက် ပုဒ်မ ၅၉(စ)ကို အမိနိုင်ငံ‌တော်အကျိုးစီးပွားအတွက် ထာဝရ မ‌ပြောင်းမလဲတည်ရှိ‌စေလို” – မြဝတီသတင်းစာ(၁-၂-၂၀၁၆)
– ဒုတိယအကြိမ်ပြည်သူ့လွှတ်‌တော်ပထမပုံမှန်အစည်းအ‌ဝေးသို့တင်ပြသည့် ‌ကျောက်မဲမြို့နယ်၊ မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်‌တော် ကိုုယ်စားလှယ် စိုင်းထွန်း‌အောင်၏ အ‌ရေးကြီးအဆို (၁၁-၂-၂၀၁၆)
– “ တိုက်ပွဲ‌တွေ အမြန်ဆုံး ရပ်တန့်‌ပေး‌ရေး အ‌ရေးကြီးအဆို လွှတ်‌တော်အတည်ပြု” (RFA) (၁၇-၂-၂၀၁၆)
– မြန်မာ့အလင်းသတင်းစာ (၁၈-၂-၂၀၁၅) – “ ပြန်ကြား‌ရေးဝန်ကြီးဦးရဲထွဋ်နှင့် (VOA) အင်တာဗျူး ”