Home သတင်း ပြည်နယ်လွှတ်‌တော် ပထမအကြိမ် ၅ နှစ်အတွင်း မီဒီယာများ သတင်းယူခွင့်မရခဲ့

ပြည်နယ်လွှတ်‌တော် ပထမအကြိမ် ၅ နှစ်အတွင်း မီဒီယာများ သတင်းယူခွင့်မရခဲ့

1745

ဇန်နဝါရီ ၃ဝ ရက်၊ ၂၀၁၆ ခုနှစ်။ ‌စောညွှန့်‌သောင်း

ကရင်ပြည်နယ် လွှတ်‌တော်၊ ပထမအကြိမ် ၅ နှစ်သက်တမ်းအတွင်း လွှတ်‌တော်အစည်းအ‌ဝေးများသို့ မီဒီယာ သမားများ သတင်းယူခွင့် မရရှိခဲ့ဟု ‌ဒေသတွင်းအ‌ခြေစိုက် သတင်းသမားများက ‌ကေအိုင်စီသို့ ဇန်နဝါရီ ၂၉ ရက်‌နေ့တွင် ‌ပြောသည်။

‌ဒေသခံသတင်းသမားများအ‌နေဖြင့် ပြည်နယ်လွှတ်‌တော် အစည်းအ‌ဝေးများသို့ သတင်းယူခွင့်ရရန် ကြိုးစားခဲ့ ‌သော်လည်း အကန့်အသတ်များခြင်း၊ ပွင့်လင်းမြင်သာမှုအားနည်းခြင်း တာဝန်ရှိသူများက အကြိမ်ကြိမ်ငြင်းဆို ခြင်း စသည့် အခက်အခဲများ‌ကြောင့် သတင်းယူခွင့်မရခဲ့ခြင်းဖြစ်သည်ဟု မြစ်မခ သတင်း‌အေဂျင်စီမှ ဖားအံ သတင်း‌ထောက် ကိုစန်းပွင့်က ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

“ပြည်နယ် လွှတ်‌တော်နဲ့ ‌ဒေသခံသတင်းမီဒီယာ‌တွေလုံးဝ ချိတ်ဆက်မှုလည်း မရှိ၊ ပွင့်လင်းမြင်သာမှုလည်း မရှိ၊ ကျ‌နော်တို့ သွား‌ရောက်‌မေးမြန်းတာ‌တွေလည်း အမြဲတ‌စေ ငြင်းဆန်ခံရ‌တော့ ‌နောက်ပိုင်း‌တော့ ကျ‌နော်တို့ လည်း စိတ်ပျက်ပြီး လွှတ်‌တော်သတင်းယူဖို ့မကြိုးစား‌တော့ဘူး။ မ‌ရေးဖြစ်ကြ‌တော့ဘူး။ ပြီးခဲ့တဲ့ လွှတ်‌တော် သက်တမ်း ၅နှစ်လုံးလုံးမှာ ဘယ်သတင်း‌ထောက်မှ ကရင်ပြည်နယ် လွှတ်‌တော်ထဲကို သတင်းသွားယူခွင့် မရ ခဲ့ကြဘူး”ဟု ကိုစန်းပွင့်က ‌ပြောသည်။

ဖားအံမြို့နှင့် အနီးတဝိုက်တွင် သွားလာသတင်းယူ‌နေကြသည့် ကရင်သတင်းစဉ်၊ မဇ္ဈိမ၊ ဆဲဗင်း‌ဒေး၊ ဟစ်တိုင်နှင့် မြစ်မခ အပါအဝင် ‌ဒေသခံသတင်း မီဒီယာများသည် လွှတ်‌တော်အတွင်း သတင်းယူခွင့် မရရှိခဲ့ကြ‌ကြောင်း သိရသည်။

ကရင်ပြည်နယ် လွှတ်‌တော်အတွင်းသို့ သတင်းယူရန် မှတ်ပုံတင်အမှတ်၊ သတင်းဌာနအမည် စသည်တို့ဖြင့် တစ်ပတ်ကြိုတင်‌လျှောက်ထားရမည်ဖြစ်ကာ အဆင့်ဆင့် လုပ်‌ဆောင်ရပြီး လွှတ်‌တော်အစည်းအ‌ဝေးများ ကျင်းပ‌နေစဉ် လွှတ်‌တော်အတွင်းသို့ သတင်းသမားများကို ဝင်ခွင့်မပြုခဲ့ဟု ကရင်ပြည်နယ်၊ ပထမအကြိမ် လွှတ်‌တော် ဒုဥက္ကဌ မန်းလှမြိုင်က ‌ပြောသည်။

“လွှတ်‌တော်မှာ သတင်းယူခွင့်‌တော့ ‌ပေးပါတယ်။ ဒါ‌ပေမယ့် လုပ်ထုံးလုပ်နည်းနဲ့အညီ‌ပေါ့။ အခြား‌လေ့လာ‌ရေး အဖွဲ့‌တွေ‌တော့ တစ်ခါလား၊ နှစ်ခါလား‌တော့ လာတာ ‌တွေ့ရတယ်။ သတင်းသမား‌တွေလာပြီး သတင်းလာယူတာတို့‌တော့ ဒီသက်တမ်းမှာ တခါမှ‌တော့ မ‌တွေ့ခဲ့ဘူး”ဟု မန်းလှမြိုင်က ‌ပြောသည်။

ကရင်ပြည်နယ် ပထမအကြိမ်လွှတ်‌တော် သက်တမ်းအတွင်း ပုံအမှန်အစည်းအ‌ဝေးနှင့် အ‌ရေး‌ပေါ် အစည်းအ‌ဝေး‌ပေါင်း ၁၂ ကြိမ်‌ကျော် ကျင်းပခဲ့‌သော်လည်း တကြိမ်တခါမှ သတင်းသမားများ တက်‌ရောက် သတင်းယူူခြင်းမရှိသလို လာမည့် အစိုးရသစ်၊ လွှတ်‌တော်သစ် ပြည်နယ်လွှတ်‌တော်သတင်းများအကြား သိရခွင့်ရှိရန် ‌မျှော်လင့်သည်ဟု ‌ဒေသခံများက ‌ပြောဆို‌နေကြသည်။

ဖားအံမြို့ခံ ‌စောမြင့်သူက “အစိုးရတို့ လွှတ်‌တော်တို့ လုပ်ငန်း‌ဆောင်တာ‌တွေသိရှိဖို့ သတင်းမီဒီယာက‌နေ တဆင့်ပဲ သိရတယ်။ ပြီးခဲ့တဲ့ ၂၀၁ဝ က‌နေ ၂၀၁၅ အထိ လွှတ်‌တော်က ဘာ‌တွေလုပ်‌နေလဲ၊ ဘာဥပ‌ဒေ‌တွေ‌ရေး ဆွဲပြီး ဘာ‌တွေအတည်ပြု‌နေကြလဲဆိုတာ တစ်ခုမှ မသိကြဘူး။ တချို့အနည်းငယ်‌လောက်ပဲ သိရတယ်။ ‌နောက်လာမယ့် လွှတ်‌တော်သစ်မှာဆိုရင် မီဒီယာ‌တွေကို ဒီလိုမျိုး‌တော့ မလုပ်‌တော့ဘူးလို့‌တော့ ‌မျှော်လင့်တယ်”ဟု မှတ်ချက်ပြု ‌ပြောသည်။

ပထမအကြိမ် ကရင်ပြည်နယ်လွတ်‌တော် ၂၀၁ဝ မှ ၂၀၁၅ ခုနှစ်အထိ ဥက္ကဌအဖြစ် ‌စော‌အောင်‌ကျော်မင်း၊ ဒု ဥက္ကဌ မန်းလှမြိုင်တို့က တာဝန်ယူခဲ့ပြီး စစ်တပ်ကိုယ်စားလှယ် ၅ ဦးအပါအဝင် စုစု‌ပေါင်းကိုယ်စားလှယ်များ ၁၉ ဦးရှိကာ ပထမ အကြိမ်‌နောက်ဆုံး အစည်းအ‌ဝေးကို ဇန်နဝါရီ ၂၉ ရက်‌နေ့တွင် ကျင်းပပြီးစီးသွားပြီး ဖြစ်‌ကြောင်း သိရသည်။