(မောင်ကျော်စွာ)
(၂၀၁၅ခုနှစ်၊ အောက်တိုဘာ ၁ဝရက်)
တကယ်တော့ “တပြည်လုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး” ဆိုတာ အစိုးရအဖွဲ့ဘက်မှ တစ်ဖက်သတ် စတင်ကြေညာရမယ့် ကိစ္စ ဖြစ်ပါတယ်။ ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအများစုနဲ့ အစိုးရစစ်တပ်ဟာ နှစ်ဖက် အပစ်အခတ် ရပ်စဲထားကြ ရန် ပြည်နယ်အဆင့် သို့မဟုတ် ပြည်ထောင်စုအဆင့် လက်မှတ်ရေးထိုးထားပြီးသားဖြစ်ပါတယ်။
ဒါပေမယ့် ထိတွေ့မှုတွေ၊ ပစ်ခတ်တိုက်ခိုက်မှုတွေကတော့ ဖြစ်မြဲဖြစ်နေပါတယ်။ ပေါ်ပေါက်လာတဲ့ နှစ်ဖက်ထိတွေ့မှုဖြစ်စဉ်တွေ ကို လေ့လာကြည့်တဲ့အခါ အင်အားတစုံတရာတောင့်တင်းတဲ့ အဖွဲ့ကြီးတွေကို မဟုတ်ဘဲ၊ အင်အားနည်းတဲ့ အဖွဲ့ငယ်တွေကိုသာ ဦးတည်ပြီး သွေးတိုးစမ်းတဲ့သဘော၊ ဝိုင်းပတ်အကြပ်ကိုင်လိုတဲ့သဘောကို အထင်အရှား တွေ့နေရပြီး ထိတွေ့မှုဖြစ်ပွားရတဲ့ အဓိ က အကြောင်းရင်းကလည်း တိုင်းရင်းသားအဖွဲ့အစည်းတွေ အခြေချ တပ်စွဲထားရာဒေသတွေ သို့မဟုတ် မြေအနေအထားအရ စိုးမိုးနိုင်တဲ့ နေရာဒေသတွေကို အစိုးရစစ်တပ်ဘက်က အကြောင်းပြချက် အသွယ်သွယ်၊ နာမည်အမျိုးမျိုးတပ်ထားတဲ့ ဝိုင်းပတ် မှု၊ ဖြတ်တောက်မှု၊ ထိုးစစ်တိုက်စစ်ဆင်မှုတွေကြောင့်သာလျှင် ဖြစ်ပွားပေါ်ပေါက်နေတာပါ။
လောလောဆယ်မှာ (KIA)နဲ့ ထိတွေ့မှုတွေ၊ တိုက်ပွဲတွေဖြစ်နေတဲ့ ကချင်ပြည်နယ်၊ မံစီဘက်မှာကြည့်မလား။ ရှမ်းပြည်နယ် တောင်ပိုင်း၊ ကျေးသီးမြို့နယ်ထဲက (SSPP/SSA) ဌာနချုပ်ကို အောက်တိုဘာလ ၅ရက်နေ့ကစပြီး ထိုးစစ်ဆင်နေတာတွေကို ကြည့်မလား။ အစိုးရစစ်တပ်ဘက် စတင်ထိုးစစ်ဆင်နေတာ ထင်ရှားပါတယ်။ အစိုးရစစ်တပ်က “နယ်မြေစိုးမိုးရေး” ဆိုတဲ့အ ကြောင်းပြချက်နဲ့ ထိုးစစ်ဆင်လာလို့ တိုက်ပွဲ (၃၀၀) ကျော်ဖြစ်ပွားခဲ့ရတယ်လို့ (SSPP/SSA) ရဲ့ ကြေညာချက်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။ တကယ်တော့ (SSPP/SSA)နဲ့အစိုးရတို့ဟာ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေး လက်မှတ်ရေး ထိုးခဲ့ကြတာ ၂၀၁၂ခုနှစ်၊ ဇန်နဝါရီလကတည်းက ဖြစ်ပါတယ်။
ဒါကြောင့် အစိုးရစစ်တပ်မှာ ဒီလိုသဘောထားနဲ့ ဒီ စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်နေသမျှ ပီပြင်တဲ့ အပစ်အခတ်ရပ်စဲရေးဆိုတာ ဖြစ်ပေါ်လာနိုင်စရာ အကြောင်းမမြင်ပါဘူး။
စစ်သဘောမှာ မိမိလှုပ်ရှားမှု၊ မိမိတပ်စခန်း၊ မိမိဌာနချုပ်ကို သေနတ်နဲ့အမြောက်နဲ့ ပစ်ခတ်လာမှ တိုက်ပွဲစဖြစ်တာ မဟုတ်ပါ ဘူး။ ဝိုင်းပတ်၊ ချုပ်ငင်၊ ဖြတ်တောက်ဖို့ရည်ရွယ်တဲ့ စစ်ရေးလှုပ်ရှားမှုတွေ တစ်ဖက်စစ်တပ်က ပြုလုပ်လာပြီဆိုရင် ဒီလိုလှုပ်ရှားမှု တွေထဲကနေ မိမိကိုယ်ကို ခုခံကာကွယ်ဖို့ ပြင်ဆင်မှုတွေ၊ လှုပ်ရှားမှုတွေ သဘာဝကျစွာပဲ လုပ်ရမှာပါ။ မိမိအခြေပြုထားရာ နယ် မြေဒေသထဲကနေ ဘယ်မှမထွက်ဘဲ၊ ခံတပ်သေ၊ ခံစစ်သေနဲ့ နေရမယ်လို့ တစ်ဖက်စစ်တပ်က ဝိုင်းပတ်ချုပ်ငင်ထားတာကို ဦးနှောက်ပုံမှန်ရှိတဲ့ ဘယ်လိုတပ်မှူးကောင်းကမှ ငြိမ်ခံနေနိုင်မှာ မဟုတ်ပါဘူး။ ထိုးစစ်ကို ရိုက်ချိုး၊ ဝိုင်းပတ်ပိတ်ဆို့တာကို ထိုး ဖောက်ထွက်ရမှာပါ။
အစိုးရစစ်တပ်က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ “ဌာနချုပ်တွေကို ထိုးစစ်မဆင်ပါဘူး” ဆိုတဲ့စကားဟာ လိမ် ညာပြောဆိုမှုသာ ဖြစ်တယ်ဆိုတာကို သာမန်စစ်ရေးအမြင်ရှိတဲ့သူပင် နားလည်နိုင်ပါတယ်။ အစိုးရစစ်တပ်က တိုင်းရင်းသားအဖွဲ့ အစည်းတွေရဲ့ ဋ္ဌာနချုပ်တွေကို တပ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်မဆင်ဘဲ ဋ္ဌာနချုပ်တည်ရှိရေးအတွက် အရေးပါတဲ့ စိုးမိုးကုန်း တွေ၊ တက်လမ်း ဆုတ်လမ်းတွေ၊ ထောက်ပံ့ပို့ဆောင်ရေး လမ်းကြောင်းတွေသာကို ဝိုင်းပတ်ဖြတ်တောက်နေတာပါ။
ဒီလိုလုပ်ရပ်ကို နယ်မြေရှင်းလင်းရေး၊ နယ်မြေစိုးမိုးရေးဆိုတဲ့ နာမည်နဲ့လုပ်နေတာဖြစ်ပါတယ်။ မြင်လွယ်အောင်ပြောရရင် ခြေ တွေ၊ လက်တွေကို တပိုင်းစီ၊ တစစီ ဖြတ်တောက်ပစ်ပြီး ခန္ဓာကိုယ်နဲ့ အိုးစားကွဲအောင် လုပ်ပစ်တာပါ။ ဒီလိုလုပ်နိုင်ပြီဆိုရင် ဋ္ဌာနချုပ်ကို ငှက်ပျောသီးအခွံနွာသလို သိမ်းနိုင်ပြီပေါ့။ အစိုးရစစ်တပ်ရဲ့ ဒီလို ညစ်ကျယ်ကျယ်ပရိယာယ်တွေကို တစ်ဖက်တပ်ဖွဲ့ တွေကလည်း သိထားလေတော့ ကြိုတင်ခုခံတာ၊ ကြိုတင်လှုပ်ရှား ဖောက်ထွက်တာတွေ ပြန်လုပ်တဲ့အခါ ပစ်ခတ်မှုတွေ တိုက် ခိုက်မှုတွေ သဘာဝကျစွာ ပေါ်ပေါက်လာတော့တာပါပဲ။
ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အခြေပြုရာ၊ လှုပ်ရှားရာ နယ်မြေဒေသဝန်းကျင်မှာ အစိုးရစစ်တပ်က တင့်ကားတွေ၊ အမြောက်တွေ၊ စစ်သည်တွေနဲ့ အင်အားပြ ခြိမ်းခြောက်နေတဲ့ “စစ်ရေးလေ့ကျင်မှု” ဆိုတာတွေ၊ ဝေဟင်ကနေ လေယာဉ်နဲ့ ဗုံးကြဲလေ့ကျင့်နေတာတွေဟာ စစ်ရေးအရ ခြိမ်းခြောက်ဖိအားပေးနေတာတွေ ဖြစ်ပါတယ်။
ဒါကြောင့် ဒီလို ပစ်ခတ်တိုက်ခိုက်မှုတွေ၊ အကြပ်ကိုင်ဖိအားပေးမှုတွေ မဖြစ်ပွားအောင်လုပ်ဖို့ဆိုရင် အစိုးရစစ်တပ်ဘက်က ဝိုင်း ပတ်ဖြတ်တောက်စိုးမိုးရေး ရည်ရွယ်ချက်ပါတဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ရပ်ဆိုင်းပေးဖို့ပါပဲ။ ဒီလိုစစ်ရေးလှုပ်ရှားမှုတွေ၊ စစ်ရေး လေ့ကျင့်မှုတွေ မရပ်ဆိုင်းသမျှ ပစ်ခတ်တိုက်ခိုက်မှုတွေ ပေါ်ပေါက်ဖြစ်ပွားနေအုံးမှာပါ။
အခု အဖွဲ့ ၈ဖွဲ့က (NCA) စာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးကြမယ်ဆိုတာ သိကြရပါပြီ။
၁။ ကရင်အမျိုးသားအစည်းအရုံး(KNU)
၂။ ကရင်အမျိုးသားတပ်မတော် – ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA- PC)
၃။ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့(PNLO)
၄။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)
၅။ ချင်းအမျိုးသားတပ်ဦး(CNF)
၆။ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)
၇။ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)
၈။ ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသားတပ်မတော်(DKBA)
တကယ်တော့ ဒီ လက်မှတ်ထိုးပွဲဆိုတာ ဦးသိန်းစိန်အစိုးရအတွက်၊ ကြံ့ဖွံ့ပါတီအတွက် မဲဆွယ်ပွဲတစ်ခုသာ ဖြစ်ပါတယ်။ ဒီ ၈ဖွဲ့ ပါဝင်လက်မှတ်ရေးထိုးတာကြောင့် ပြည်တွင်းငြိမ်းချမ်းရေးပေါ်ပေါက်လာမှာ မဟုတ်သေးပါဘူး။ တစ်ပြည်လုံး ပစ်ခတ်တိုက်ခိုက် မှု ရပ်စဲရေးလည်း ဖြစ်လာမှာမဟုတ်ပါဘူး။ “တစ်ပြည်လုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး” (comprehensive ceasefire) ဆိုတာ အဖွဲ့အားလုံးပါဝင် သဘောတူညီမှသာဖြစ်လာမှာပါ။ တကယ့်ငြိမ်းချမ်းရေးဆိုတာဟာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ တကယ်တမ်း တန်းတူရည်တူ၊ အကျေအလည် ဆွေးနွေးဖြေရှင်းနိုင်မှသာ ပေါ်ပေါက်လာနိုင်မှာပါ။ အဲဒီအဆင့်ကို တက်လှမ်းဖို့ သိပ်ဝေးပါတယ်။ စစ်အုပ်စုနဲ့ စစ်တပ်က နိုင်ငံရေးကို ဗိုလ်ကျလွှမ်းမိုးထားသမျှ စစ်မှန်တဲ့ဒီမိုကရေစီ၊ စစ်မှန်တဲ့ငြိမ်းချမ်းရေး၊ စစ် မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စု ဆိုတာတွေဟာ အလှမ်းဝေးနေမြဲ ဝေးနေဦးမှာပါ။
အခုလည်း “ကားပါမစ်”တွေနဲ့ စတင် တာထွက်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးဟာ “မတရားအသင်း ပယ်ဖျက်ပေးမယ်”ဆိုတဲ့ ဆွယ်လုံးနဲ့ (NCA)စာချုပ် လက်မှတ်ရေးထိုးကြပါတော့မယ်။ တည်ဆဲဥပဒေတစ်ခုကို သမ္မတဦးသိန်းစိန်ကြံ့ဖွံ့အစိုးရဟာ မက်လုံး တစ်ခု (သို့မဟုတ်) ခွဲခြားမှုတစ်ခုအနေနဲ့ အသုံးချနေပါတယ်။
(NCA)စာချုပ်မှာ ပါဝင်လက်မှတ်ထိုးတဲ့ အဖွဲ့အစည်းအနေနဲ့ မိမိအဖွဲ့အစည်းဟာ မတရားအသင်းကနေ ပယ်ပျက်သွားတဲ့အခါ မိမိယုံကြည်ရာ နိုင်ငံရေးလှုပ်ရှားမှုတွေကို တကယ်တမ်း လုပ်ဆောင်နိုင်ပါ့မလား။ မြင်နေရတာတော့ မတရားအသင်းကနေ ပယ် ဖျက်ပေးလိုက်တဲ့ အဖွဲ့အစည်းဟာ မတရားအသင်းတွေနဲ့ ဆက်သွယ်လို့မရတော့တဲ့ဘောင်ထဲ ရောက်သွားတဲ့အဖြစ်ပါပဲ။
အစိုးရနဲ့စစ်တပ်ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ငယ်တွေ၊ အဖွဲ့လတ်တွေ၊ အစိတ်စိတ်ကွဲနေတဲ့အဖွဲ့တွေကို သိမ်းသွင်းကန့် သတ်ထားပြီးတဲ့အခါ အင်အားကြီးတဲ့ အဖွဲ့အစည်းတွေဘက်ကို စစ်ရေးနိုင်ငံရေး ဖိအားပေးမှု၊ အကြပ်ကိုင်ထိုးနှက်မှုတွေ မလုပ် နိုင်ဘူးလို့ ဘယ်သူအာမခံနိုင်သလဲ။ ရှမ်းတိုင်းရင်းသားချင်းအတူတူ(RCSS)နဲ့ ပြေလည်ပြီး (SSPP/SSA)ဌာနချုပ်ကို ထိုးစစ် ဆင်နေတဲ့ ဖြစ်ရပ်ကိုကြည့်ပါ။ ဘယ်လိုယုံကြည်ကြမလဲ။ ဘယ်လိုနားလည်ကြမလဲ။
နိုင်ငံရေးလှုပ်ရှားမှုကို လုပ်ဆောင်လိုသူ မည်သူမဆို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနဲ့အညီ ရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံတင်ရမှာဖြစ်ပါတယ်။ ဒီလိုတင်တဲ့အခါမှာ ၂၀၀၈ အခြေခံဥပဒေကို လေးစားလိုက်နာ ထိန်းသိမ်းကာကွယ်ပါမယ်ဆိုတဲ့ ဝန် ခံချက် လက်မှတ်ထိုးရမှာ ဖြစ်ပါတယ်။ ဒီလိုလက်မှတ်ထိုးပြီး တင်ပြလျှောက်ထားတာကို ကော်မရှင်က လက်ခံအတည်ပြုမှသာ နိုင်ငံရေးပါတီတစ်ခုအဖြစ် စည်းရုံးလှုပ်ရှားနိုင်မှာပါ။ ဒေသန္တရပါတီဆိုရင် ပါတီဝင် ၅၀ဝ စည်းရုံးထားပြီးရှိရမယ်၊ တစ်ပြည်လုံး ဆိုင်ရာ ပါတီဆိုရင် ပါတီဝင် ၁၀၀ဝ စည်ရုံးထားပြီးရှိရမယ်။ မဲဆန္ဒနယ်အနည်းဆုံး ၃နယ်မှ ပါဝင်ယှဉ်ပြိုင်ရမယ် စတဲ့စည်းကမ်း တွေကို လိုက်နာရမယ်။
မိမိအဖွဲ့အစည်းကို မတရားအသင်း ပယ်ဖျက်ပေးလိုက်တာနဲ့ တပြိုင်နက် မိမိနဲ့တချိန်ကဘဝတူ အဖွဲ့အစည်းတွေအကြား စည်း ခြားသွားမှာဖြစ်ပါတယ်။ တရားအသင်းတစ်ခုဟာ မတရားအသင်းတွေနဲ့ ဆက်သွယ်ဆက်ဆံလို့ မရပါဘူး။ ဆက်သွယ်ဆက်ဆံ ရင် ဥပဒေချိုးဖောက်မှုဖြစ်ပါတယ်။ ဒီတော့ မတရားအသင်း ပယ်ဖျက်ပေးမှုဆိုတာ မိမိနဲ့ဘဝတူ တိုင်းရင်းသားအဖွဲ့အစည်းတွေ အကြား စည်းခြားသွားမှုသာဖြစ်ပြီး ဥပဒေဘောင်ထဲမှာ နိုင်ငံရေးအရ ဘယ်လိုစည်းရုံးလှုပ်ရှားခွင့်ရှိမှာလဲ။ တကယ်တော့ အစိုးရ နဲ့စစ်တပ်က တိုင်းရင်းသား လက်နက်ကိုင်အင်အားစုတွေကို နည်းလမ်းပေါင်းစုံနဲ့ လက်နက်ဖြုတ်ပြီး ၂၀၀၈ အခြေခံဥပဒေ စည်း ဝိုင်းထဲကို ကျုံးသွင်းနေတာဖြစ်ပါတယ်။
“တစ်ပြည်လုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး” ဆိုတာ တကယ်တော့ အစိုးရအဖွဲ့ဘက်က တစ်ဖက်သတ် စတင် ကြေညာရမယ့် ကိစ္စ ဖြစ်ပါတယ်။
“လွတ်လပ်ရေးသက်တမ်းနဲ့အမျှ ရှည်ကြာခဲ့ပြီဖြစ်သော ပြည်တွင်းစစ်ကြီးကို အဆုံးသတ်ကြစို့။ တိုင်းပြည်ကို ဆင်းရဲမွဲပြာကျစေခဲ့ တဲ့စစ်ကြီးကို ရပ်စဲကြစို့။ နှစ်ဖက်စစ်သည်များ အပါအဝင် ပြည်သူများရဲ့ အသက်အိုးအိမ်စည်းတွေ မရေမတွက်နိုင်အောင် ထိ ခိုက်ဆုံးရှုံးခဲ့ကြရတဲ့ အနာဆိုးကြီးကို ကုသကယ်တင်ကြစို့။ ကျနော်တို့၊ ခင်ဗျားတို့ တပ်ဖွဲ့တွေ၊ တပ်စခန်းတွေ ရောက်ရှိအခြေပြု နေကြတဲ့နေရာမှနေကြ၊ ကျနော်တို့ဘက်ကလည်း ထိုးစစ်တွေ၊ နယ်မြေရှင်းလင်းရေးဆိုတာတွေ ရပ်ဆိုင်းထားမယ်၊ ခင်ဗျားတို့ လည်း ခင်ဗျားတို့တပ်ဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေကို ရပ်ဆိုင်းထားကြပါ။ ကျနော်တို့၊ ခင်ဗျားတို့လက်ထဲမှာ ကိုယ်စီစွဲကိုင်ထားကြတဲ့ အမြောက်သေနတ် လက်နက်တွေကို ဘေးမှာချထားပြီး နိုင်ငံရေးအရ တန်းတူရည်တူ အကျေအလည် ဆွေးနွေးကြစို့။ ကျနော် တို့၊ ခင်ဗျားတို့ ဆွေးနွေးနေကြတာတွေကို ပြည်သူအများက သိရှိပြီး အဆုံးအဖြတ်ပေးနိုင်အောင်၊ ဝိုင်းဝန်းပါဝင်နိုင်အောင် ပြည် သူထံ တင်ပြအသိပေးကြစို့”လို့ဆိုပြီး အာဏာရအစိုးရကသာ တိုင်းသိပြည်သိ ကြေညာမယ်ဆိုရင် တိုင်းပြည်နဲ့လူထုက ကောင်း ချီးဩဘာပေးကြမှာပါ။