(မောင်ကျော်စွာ)
၂၀၁၅ခုနှစ်၊ ဩဂုတ်လ ၁ဝရက်
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ကိစ္စ ဩဂုတ်လ ၆ရက်နဲ့ ၇ရက်နေ့တွေမှာ ဆွေး နွေးခဲ့ကြသော်လည်း “၁၇ဖွဲ့လက်မှတ်ထိုးမလား/ ၁၅ဖွဲ့လက်မှတ်ထိုးမလား” ဆိုတဲ့ကိစ္စမှာ ပြေလည်မှုမရဘဲ တစ်နေပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများဘက်က “၁၇ဖွဲ့ ပါဝင်လက်မှတ်ရေးထိုးရေး”၊ အစိုးရဘက်က “၁၅ဖွဲ့ လက်မှတ်ရေး ထိုးရေး”ကို အသီးသီး ရပ်တည်ကိုင်စွဲထားကြပါတယ်။ ဒီကိစ္စကိုမကြာမီ နေပြည်တော်မှာ တွေ့ဆုံညှိနှိုင်းကြမယ်လို့လည်း ဆိုပါ တယ်။
သမ္မတဦးသိန်းစိန်ကြံ့ဖွံ့အစိုးရဘက်က “၁၅ဖွဲ့ လက်မှတ်စထိုး”ဖို့ကို (UPWC)နဲ့ ဦးအောင်မင်းထံ အဆုံးအဖြတ် သဘောထား ပေးထားပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အင်အားစုများဘက်က (SD) အဖွဲ့အနေနဲ့ အဖွဲ့ဝင် ၁၇ဖွဲ့လုံး (NCA) မှာ ပါဝင် လက်မှတ်ရေးထိုးဖို့လာတာဖြစ်တယ်၊ ဒါကို အလျှော့အတင်းပြုလုပ်နိုင်တဲ့ အနေအထားမျိုး သူတို့မှာမရှိကြောင်း၊ လောခီးလာနဲ့ လိုင်ဇာမှာလုပ်ခဲ့တဲ့ ညီလာခံ (၄)ကြိမ်စလုံးမှာ “အားလုံးပါဝင်ရေးမူ”ကိုသာ ဆုံးဖြတ်ချက်ချခဲ့တယ်၊ ဒါကို လက်ကိုင်ထားပြီး နိုင်ငံ ရေးဆွေးနွေးပွဲကိုသွားဖို့ ဆုံးဖြတ်ထားတဲ့အတွက် ဒါကိုကျော်ပြီး သူတို့လုပ်ဆောင်လို့မရကြောင်း သတင်းစာရှင်းလင်းပွဲမှာ (SD) အဖွဲ့ ဒုတိယခေါင်းဆောင်(၂) ပူးဇင်ကျုံးက အခိုင်အမာ ပြောသွားပါတယ်။
ဒီတော့ ကြံ့ဖွံ့အစိုးရ ဆုံးဖြတ်ထားတဲ့ သဘောထားအဆုံးအဖြတ်အတိုင်း (NCA) စာချုပ်ကို “၁၅ဖွဲ့လက်မှတ်ထိုးမလား”/ (SD)က ကိုင်စွဲထားတဲ့ “အားလုံးပါဝင်ရေးမူ”အရလို့ဆိုတဲ့ “၁၇ဖွဲ့ လက်မှတ်ရေးထိုးကြမလား” သို့တည်းမဟုတ် ထုံးစံအတိုင်း ဆက်လက် ပြီး မျောနေအုံးမလားဆိုတာ ယခု ဩဂုတ်လအတွင်းမှာ အဖြေပေါ်လာစရာရှိပါတယ်။
တကယ်တော့ ပြည်တွင်းစစ်ပြဿနာဟာ ရိုးရိုးရှင်းရှင်းကလေးမျှသာ ဖြစ်ပါတယ်။ မလာလိုလို့ ခရီးဝေးနေကြတာသာဖြစ်ပါ တယ်။ လူမျိုးပေါင်းစုပြည်သူများအကျိုးကို တစ်သမတ်တည်းရှေ့ရှုပြီး သဘောထားမှန်ကန်စွာနဲ့ ဖြေရှင်းလိုက်ရင် ပြေလည်သွား မယ့် ပြဿနာဖြစ်ပါတယ်။ ပြဿနာရဲ့ မူလဇစ်မြစ်က သေနတ်ကိုင်ထားခြင်း/ မကိုင်ထားခြင်းဆိုတဲ့ ပြဿနာမဟုတ်ပါဘူး။ နိုင်ငံ ရေးပြဿနာသာဖြစ်ပါတယ်။ ဒါကြောင့် အဓိကကျတဲ့ နိုင်ငံရေးပြဿနာကိုသာ နှစ်ဖက် တန်းတူရည်တူ ပြေပြေလည်လည် ကိုင် တွယ်ဖြေရှင်းနိုင်တယ်ဆိုရင် သေနတ်ကိစ္စ/တပ်ကိစ္စတွေက လက်အောက်ခံပြဿနာဖြစ်သွားပြီး အလွယ်တကူ ပြေလည်သွား မှာပဲ ဖြစ်ပါတယ်။ အခုကိစ္စက နိုင်ငံရေးပြဿနာဆိုတဲ့ သော့ချက်ကိစ္စကိုကျော်ပြီး သေနတ်ကိစ္စ/တပ်ကိစ္စကိုသာ အဓိက ကိုင် တွယ်နေကြပါတယ်။
အထူးသဖြင့် အစိုးရနဲ့ အစိုးရစစ်တပ်က တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေကို “သေနတ်ကိုင်စွဲကိုင်ထားပြီး နိုင်ငံရေး စကား ပြောခွင့်မပေးနိုင်ဘူး၊ သေနတ်အပ်/တပ်ဖျက်ပြီးမှ ၂၀၀၈ အခြေခံဥပဒေဘောင်ထဲဝင်ပြီးမှ နိုင်ငံရေးစကား ပြောခွင့်ပေး မယ်” ဆိုတဲ့ရပ်တည်ချက်နဲ့ သဘောထားကနေ ဒီကိစ္စနဲ့သဘောထားက ဖြစ်ပေါ်လာနေတာပါ။ (UPWC)၊ ဦးအောင်မင်းနဲ့ (MPC)တို့တာဝန်ဟာ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေကို ဒီခွင်ထဲ/ဒီကျုံးထဲကို ချော့လိုက်ခြောက်လိုက်၊ မြူဆွယ် လာဘ်ထိုးလိုက် စတဲ့ ပရိယာယ်မျိုးစုံနဲ့ အတင်းမောင်းသွင်းရေးသာ ဖြစ်ပါတယ်။ (Deed Of Commitment)မှာ လက်မှတ်ထိုး ထားတဲ့ အဖွဲ့ ၄ဖွဲ့ကို သမ္မတက သီးသန့်ခေါ်တွေ့တာတို့၊ ၁၅ဖွဲ့နဲ့စပြီး လက်မှတ်ထိုးဖို့တို့ဆိုတာတွေဟာ အဆိုပါ ပရိယာယ်တွေထဲ က မရိုးနိုင်တဲ့ ညွတ်ကွင်းတွေ၊ ကျော့ကွင်းတွေ၊ ထောင်ချောက်တွေသာလျှင် ဖြစ်ပါတယ်။
ဒါကြောင့် ပြဿနာဖြေရှင်းရေးရဲ့ အဓိကဗဟိုချက်က နိုင်ငံရေးပြဿနာကို ဆွေးနွေးဖို့ပါပဲ။ သေနတ်နဲ့ တပ်ဖျက်သိမ်းရေးကိစ္စ တွေဟာ နိုင်ငံရေးဆွေးနွေးပွဲရလဒ်အပေါ်မှာ မူတည်ပါတယ်။ နိုင်ငံရေးဆွေးနွေးပြေလည်မှု မရရှိသေးဘဲ သေနတ်နဲ့ တပ်ဖျက် သိမ်းရေးကိစ္စတွေကို ချုပ်ငင်ထားနိုင်ဖို့ ရည်ရွယ်ချက်နဲ့ စာချုပ်ထဲမှာ ထည့်သွင်းနေတာဟာ နည်းလမ်းမကျပါဘူး။ (NCA)စာချုပ် မူကြမ်းထဲမှာပါနေတဲ့ (ဥပဒေနှင့်အညီ/လုပ်ထုံးလုပ်နည်းနဲ့အညီ) စတဲ့စကားလုံးတွေဟာ သိပ်ပြဿနာရှိပါတယ်။ ဒီစကားလုံး တွေဟာ အစိုးရဘက်က ထည့်သွင်းထားတဲ့ စကားလုံးတွေဖြစ်ပါတယ်။ ဥပဒေဆိုတာ “၂၀၀၈ အခြေခံဥပဒေ” နဲ့ တည်ဆဲဥပဒေ အရပ်ရပ်ကို ဆိုလိုတာဖြစ်ပါတယ်။ ဒါကို အားလုံး သိကြပါတယ်။
ဒီတော့ နိုင်ငံရေးဆွေးနွေးကြတဲ့အခါ “၂၀၀၈ အခြေခံဥပဒေနဲ့ တည်ဆဲဥပဒေအရပ်ရပ်”အပေါ် ဘယ်လိုသဘောထားကြမလဲ ဆို တဲ့ကိစ္စ ရှိပါတယ်။ “၂၀၀၈ အခြေခံဥပဒေနဲ့ တည်ဆဲဥပဒေအရပ်ရပ်” ကို တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေက ဒီအ တိုင်း လက်မခံနိုင်ပါဘူး။ အနိမ့်ဆုံးအားဖြင့် “ ပြင်ဆင်ရမယ် (သို့မဟုတ်) အသစ်ရေးဆွဲရမယ်” ဆိုတဲ့သဘောထားကိုတော့ အဖွဲ့ တိုင်းက ပုံစံမျိုးစုံနဲ့ ကိုင်စွဲထားကြပါတယ်။ ဒီတော့ ဘာတွေပြင်ဆင်ကြမလဲဆိုတာ နိုင်ငံရေးဆွေးနွေးတဲ့အခါ အရေးကြီးတဲ့ခေါင်း စဉ်တွေထဲက တစ်ခု ဖြစ်လာမှာပါ။ တိုင်းရင်းသား လက်နက်ကိုင်အင်အားစုတွေ နှစ်ပေါင်းများ ရပ်တည်ကိုင်စွဲတောင်းဆိုလာတဲ့ “ဖက်ဒရယ်ပြည်ထောင်စု”ကို “၂၀၀၈အခြေခံဥပဒေဘောင်”ထဲကနေသွားလို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဇယား ၄နဲ့ ၅မှာ အချက် အလက်တချို့ ဖြည့်စွက်လိုက်ရုံနဲ့ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်မလာနိုင်ဘူးဆိုတာ ဦးနှောက်ပုံမှန်ရှိသူတိုင်း နားလည်နိုင်တဲ့ကိစ္စ ဖြစ်ပါတယ်။
ဒါကြောင့် နိုင်ငံရေးဆွေးနွေးတဲ့အခါ ဒီမိုကရေစီရေး၊ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရေးစတဲ့ ခေါင်းစဉ်တွေကို ဆွေးနွေးတဲ့ အခါ “၂၀၀၈အခြေခံဥပဒေ”ထဲက ဒီမိုကရေစီစံချိန်စံနှုန်းနဲ့ မကိုက်ညီတာတွေ ပယ်ထုတ်ပြီး ဖက်ဒရယ်ပြည်ထောင်စု တည် ဆောက်ရေးအတွက် လိုအပ်တဲ့အခြေခံမူတွေကို တိတိကျကျထည့်သွင်းဖို့လည်း လိုမှာဖြစ်ပါတယ်။ ဒီလိုနိုင်ငံရေးကိစ္စတွေ မဆွေးနွေးနိုင်သေးဘဲ၊ ပြေလည်မှုမရရှိသေးဘဲ သေနတ်နဲ့တပ်ကို ဖျက်သိမ်းခိုင်းနေတာ၊ ဖျက်သိမ်းဖို့ ဦးတည်ကြိုးပမ်းနေတာ တွေဟာ တကယ့်ငြိမ်းချမ်းရေးကို လိုလားတဲ့ သဘောထားမဟုတ်ပါဘူး။ ရေရှည်အာမခံချက်ရှိမယ့် ငြိမ်းချမ်းရေးကိုလိုလားရင် ဒီမိုကရေစီနဲ့ တန်းတူရေးပြဿနာကို သဘောထားကြီးကြီးနဲ့ ဖြေရှင်းအဖြေရှာရပါလိမ့်မယ်။
“လက်နက်ကိုင်တော်လှန်ရေး ခေတ်ကုန်ပြီ၊ လမ်းမပေါ်ထွက်ဆန္ဒပြတဲ့ ခေတ်ကုန်ပြီ”လို့ ပြောသံတွေ အခုအခါ ပိုပြီးကျယ်ကျယ် လောင်လောင် ကြားနေရပါတယ်။ ဒီလို အော်ကျယ်အော်ကျယ်ပြောနေတာ ဘယ်သူတွေလဲ ဆိုတဲ့အချက်ကို အရင်ဆုံး လေ့ လာကြည့်ပါ။ သေနတ်ကိုင်ပြီး အကြမ်းဖက်အုပ်စိုးနေတဲ့ အစိုးရနဲ့စစ်တပ်က သူတို့ဝန်ကြီးတွေနဲ့ စစ်ဗိုလ်တွေဖြစ်တယ်ဆိုတာကို တွေ့ရပါလိမ့်မယ်။
သူတို့ ဒီလိုပြောတာ ဘာမှမဆန်းပါဘူး။ သူတို့ကို အံတုဆန့်ကျင်တော်လှန်မယ့်၊ လမ်းမပေါ်ထွက်ဆန္ဒပြမယ့် လှုပ်ရှားမှုတွေကို သူတို့ မလိုလားပါဘူး။ သူတို့က ပြည်သူအားလုံး ငြိမ်ဝပ်ပိပြားနေစေချင်တာပါ။ ပြည်သူတွေ ငြိမ်ဝပ်ပိပြားနေအောင် လုပ်ဆောင် ထားနိုင်တာကို သူတို့က “တည်ငြိမ်မှုနဲ့အေးချမ်းသာယာမှု”လို့ စကားလုံးထွားထွားနဲ့ ကြီးကြီးကျယ်ကျယ် ပြောတတ်ပါသေး တယ်။
ပြည်သူတွေက သူတို့ဖိနှိပ်အုပ်စိုးမှုတွေကို ကုန်းမခံဘဲ – ရုန်းကန်တော်လှန် လှုပ်ရှားလာပြီဆိုရင်တော့ မင်းမဲ့စရိုက်ဆူပူ သောင်း ကျန်းမှု – သောင်းကျန်းသူအဖျက်သမား စသဖြင့် အာ့မနာပ သရုပ်ဖျက်လေ့ရှိပါတယ်။ ဒါကြောင့် အုပ်စိုးသူတွေက ပြည်သူတွေ ကို ရုန်းကန်လှုပ်ရှားမှုတွေ မလုပ်နိုင်အောင် ဖိနှိပ်ထားချင်တာပါပဲ။ ဒီတော့ လက်နက်ကိုင်တော်လှန်ရေးတို့၊ လမ်းမပေါ်ထွက် ဆန္ဒပြမှုတို့ကို ခေတ်ကုန်ပြီလို့ အာဘော်ဖန်တီးလေ့ရှိပါတယ်။
အုပ်စိုးသူများနဲ့အတူ ဒီအာဘော်ကို သံယောင်လိုက် ပဲ့တင်ထပ်နေသူ တချို့လည်းရှိပါတယ်။ သူတို့ကတော့ သနားစဖွယ် မျှော် ကိုးချက်နဲ့ ဒီလို သံယောင်လိုက်နေကြရရှာတာဖြစ်ပါတယ်။ တချိန်က သူတို့ဟာ လက်နက်ကိုင်တော်လှန်ရေး သို့မဟုတ် လမ်းမ ပေါ်က ဆန္ဒပြပွဲတွေမှာ လက်သီးလက်မောင်းတန်းပြီး ကာလတစ်ခု ပါဝင်ဖြတ်သန်းခဲ့ကြဖူးသူတွေ ဖြစ်ပါတယ်။ အခုတော့ သူတို့ ကို အုပ်စိုးသူက အာဏာတံစက်မြိတ်မှာ ခေတ္တခိုနားခွင့်ပေးထားပါတယ်။ ဒီတော့ အုပ်စိုးသူရဲ့ ဒီကျေးဇူးတရားကို တုန့်ပြန်တဲ့ အနေနဲ့ အုပ်စိုးသူအကြိုက် သံယောင်လိုက်ပြီး “လက်နက်ကိုင်တော်လှန်ရေးနဲ့ လမ်းမပေါ်ထွက် ဆန္ဒပြတာခေတ်ကုန်ပြီ” ဆိုတဲ့ ကြော်ငြာကို အသံကုန်ဟစ်ပြနေကြတာပဲ ဖြစ်ပါတယ်။
ကမ္ဘာ့အတိုင်းအတာအရပဲကြည့်ကြည့်၊ မြန်မာနိုင်ငံအတိုင်းအတာအရပဲကြည့်ကြည့် နိုင်ငံရေးနယ်ပယ်မှာ ဗိုလ်ကျလွှမ်းမိုးနေတာ နဲ့ စီးပွားရေးနယ်ပယ်မှာ လက်ဝါးကြီးအုပ်ထားတာတွေရှိမြဲရှိနေပါတယ်။ ဒီလိုဗိုလ်ကျမှုနဲ့ လက်ဝါးကြီးအုပ်မှုတွေကို တွန်းလှန် ဆန့်ကျင်တဲ့ နိုင်ငံရေးလုပ်ရှားမှု၊ တော်လှန်ရေးလှုပ်ရှားမှုတွေ ပုံစံမျိုးစုံနဲ့ ကမ္ဘာ့နေရာအနှံ့အပြားမှာ ပေါက်ကွဲပေါ်ထွက်နေမှာသာ ဖြစ်ပါတယ်။
တော်လှန်မှုနဲ့ ဆန္ဒပြမှုဆိုတာ အဖိနှိပ်ခံပြည်သူတွေအတွက် အမြဲခေတ်မီဆန်းသစ် အစွမ်းထက်နေတဲ့ ကိုယ်ပိုင်လက်နက်တွေပဲ ဖြစ်ပါတယ်။ ပြည်သူတွေဟာ ဒီလက်နက်တွေကိုကိုင်စွဲနိုင်မှသာ ခေတ်သစ်စနစ်သစ်နဲ့ အခြေအနေသစ်တွေကို ဖန်တီးနိုင်ခဲ့တာ ပါ။ ဖန်တီးနေနိုင်တာပါ။
ရေဘေးနဲ့ မုန်တိုင်းဒဏ်ပြည်သူတွေ တွေ့ကြုံခံစားရတဲ့အခါမှာ ထမင်းရေပူလာလျှာလွဲဖို့အတွက် သမ္မတဦးသိန်းစိန်ပါးစပ်ကနေ အခုတလော ဂါထာရွတ်သလိုပြောနေတဲ့ “သဘာဝဘေးဟူသည် တားဆီး၍ ရကောင်းသောအရာမဟုတ်ပေ” ဆိုတဲ့ စကားလိုပါ ပဲ။ လူမှုတော်လှန်ရေးနဲ့ လူထုအုံကြွမှုတွေဟာလည်း တားဆီး၍ ရကောင်းသောအရာ မဟုတ်ပါဘူး။
ဒါကြောင့် နိုင်ငံရေးအရ ဆွေးနွေးပြေလည်မှုမရှိဘဲ၊ နိုင်ငံရေးအာမခံချက်မရှိဘဲ ဘယ်လိုစာချုပ်ပဲချုပ်ချုပ် ဘယ်သူတွေပဲပါဝင် လက်မှတ်ထိုးထိုး၊ ဘယ်သူတွေပဲ သက်သေခံခံ၊ ရေရှည်တည်တံ့မယ့်ငြိမ်းချမ်းရေး မရရှိနိုင်ပါဘူး။ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်း မှုမရှိရင် အိမ်နီးချင်းနိုင်ငံများနဲ့လည်းကောင်း၊ ကမ္ဘာ့နိုင်ငံများနဲ့လည်းကောင်း ရင်ဘောင်တန်းနိုင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါ ဘူး။
ရေရှည်တည်တံ့ပြီး အာမခံချက်ရှိတဲ့ ငြိမ်းချမ်းရေးကို တကယ်တမ်းရရှိလိုတယ်ဆိုရင် နိုင်ငံရေးပြဿနာတွေကို သဘောထား မှန်ကန်စွာနဲ့ ဖြေရှင်း အဖြေရှာကြရမှာသာ ဖြစ်ပါတယ်။
အုပ်စိုးသူများဘက်က လက်နက်နဲ့ အကြမ်းဖက်ဖိနှိပ်မှုတွေ ရှိနေသမျှ လက်နက်ကိုင်ခုခံတော်လှန်မှုတွေ၊ လူထုအုံကြွမှုနဲ့ လူထု ဆန္ဒပြမှုတွေဟာ ရှိမြဲရှိနေပါလိမ့်မယ်။