(မောင်ကျော်စွာ)
(၂၀၁၅ခုနှစ်၊ ဇန်နဝါရီလ ၈ရက်)
လှုပ်ရှားပြောင်းလဲနေသော အချိန်ကာလသည် စက္ကန့်မိနစ်မှ နာရီနေ့ရက်များသို့လည်းကောင်း၊ နာရီနေ့ရက်များမှာ လများ၊ နှစ် များဆီသို့လည်းကောင်း မရပ်မနား ပြောင်းလဲခဲ့သည်။ ပြောင်းလဲနေသည်။ ပြောင်းလဲနေပေလိမ့်ဦးမည်။
ယခုလည်း “နှစ်ဟောင်း ၂၀၁၄” မှ “နှစ်သစ် ၂၀၁၅”သို့ ပြောင်းခဲ့ပြန်ပြီ။
သမ္မတဦးသိန်းစိန်ကြံ့ဖွံ့အစိုးရသည်လည်း သူ၏အုပ်စိုးမှုကို ရေရှည်ထိန်းသိမ်းနိုင်ရန် “အကြမ်းဖက်မှုကို – လိမ်ညာလှည့်စားမှု ဖြင့်”လည်းကောင်း၊ “လိမ်ညာလှည့်စားမှုကို – အကြမ်းဖက်မှုဖြင့်”လည်း အပြန်ပြန်အလှန်လှန် ကာကွယ်ထိန်းသိမ်းလျက်ရှိနေ ၏။
“ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး”ကို လူမျိုးပေါင်းစုံပြည်သူများက အူလှိုက်သည်းလှိုက် လိုလားသည်မှာအမှန်ပင်ဖြစ်၏။ “ငြိမ်း ချမ်းရေး”သည် အတုအယောင်ငြိမ်းချမ်းရေး၊ ကြောက်ရွံ့စိုးရိမ်မှုကို ခေါင်းအုံး၍အိပ်ရသော ငြိမ်းချမ်းရေးမျိုးမဟုတ်ဘဲ ရေရှည် အာမခံချက်ရှိသည့် တကယ့်ငြိမ်းချမ်းရေးဖြစ်လို့ လိုအပ်သည်။
ထို့အပြင် “ဖွံ့ဖြိုးတိုးတက်ရေး”သည်လည်း ဝါဒဖြန့်ဖွံ့ဖြိုးရေး၊ အမည်ခံဖွံ့ဖြိုးရေး၊ အတုအယောင်ဖွံ့ဖြိုးရေးမျိုးမဟုတ်ဘဲ လူမျိုး ပေါင်းစုံ ပြည်သူများ၏ဘဝကို အမှန်တကယ် ဖွံ့ဖြိုးတိုးတက်စေနိုင်သော ဖွံ့ဖြိုးရေးသာဖြစ်ရပေလိမ့်မည်။
(ဖဆပလ) အစိုးရ၊ တော်လှန်ရေးကောင်စီ၊ (မဆလ) အစိုးရ၊ (နဝတ-နအဖ)စစ်အစိုးရနှင့် ယနေ့ သမ္မတ ဦးသိန်းစိန်ကြံ့ဖွံ့ အစိုး ရအဆက်ဆက်သာ ပြောင်းသွားသည် လူမျိုးပေါင်းစုံပြည်သူများအတွက် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးသည် မရရှိခဲ့။
အထင်ရှားဆုံးနှင့် အမြင်သာဆုံးအချက်မှာ တိုင်းပြည်နှင့်လူထုသည် ပို၍ပို၍ ဆင်းရဲမွဲပြာကျခဲ့ရပြီး အုပ်စိုးသူများမှာ ကုဋေကြွယ် သူဌေးကြီးများဖြစ်လာသည့်အချက်ပင်။
သမ္မတဦးသိန်းစိန်ကြံ့ဖွံ့အစိုးရက ပြည်တွင်းငြိမ်းချမ်းရေး ရရှိအောင် ဆောင်ရွက်ပေးနေသည်ဟု ဆိုနေသည်။
“စေ့စပ်ဆွေးနွေးအဖြေရှာကြရန် ဆိုသည့် နိုင်ငံရေးယဉ်ကျေးမှုသစ်”ဟူသည်ကို သမ္မတဦးသိန်းစိန် ကြံ့ဖွံ့အစိုးရ၏ပါးစပ်မှ ဆီမန်း မန်းသကဲ့သို့ ဘယ်လိုပင် ရွတ်ဖတ်နေသော်ငြားလည်း လက်တွေ့တွင်မူ “သေနတ်နှင့်အကြမ်းဖက်မှု”ကိုသာ ရေလဲနှင့် အသုံးပြု နေကြောင်း “ကိုပါကြီးသတ်ဖြတ်ခံရမှု၊ လိုင်ဇာပစ်ခတ်မှု၊ လက်ပံတောင်းဒေသခံတောင်သူ ဒေါ်ခင်ဝင်းသေဆုံးရမှု” စသည့်ဖြစ် ရပ်များက အထင်အရှား သက်သေခံလျက်ရှိပါသည်။
(၉၂ ဒဿမ ၄၈) ရာခိုင်နှုန်း”က ထောက်ခံအတည်ပြုခဲ့သော “၂၀၀၈ အခြေခံဥပဒေ” ဖြစ်သည်ဟူသော စကားကိုလည်း သမ္မတ ဦးသိန်းစိန် ကြံ့ဖွံ့အစိုးရနှင့် စစ်တပ်ဘက်မှ ရေးကြီးခွင်ကျယ်လုပ်၍ ပြောဆိုနေပြန်ပါသည်။
ဤသို့ပြောဆိုနေခြင်းမှာ ပထမအချက်အားဖြင့် “နာဂစ်မုန်တိုင်း”ကြောင့် လင်သေ သားပျောက်၊ အိုးမဲ့အိမ်မဲ့၊ ခိုကိုးရာမဲ့ဖြစ်ခဲ့ ရသောပြည်သူများကို မစာနာ၊ မျက်နှာလွှဲ၍ “ဘယ်သူသေသေ – ငတေမာ” ပြီးရောဆိုသည့် အတ္တကိုယ်ကျိုးတစ်ခုတည်း ကြည့်၍ ပြောဆိုနေခြင်းဖြစ်သည်။ တကယ်တော့ (၉၂ ဒဿမ ၄၈ %) ဆိုသည်မှာ ပြည်သူများ၏ ဒုက္ခသုက္ခများကို ရက်ရက် စက်စက် လျစ်လျူရှု အတည်ပြုခဲ့ရာမှ ပေါ်ထွက်လာသည့် ကိန်းဂဏန်းဖြစ်နေသည်။
ဒုတိယအချက်မှာ (၁၉၈၈ မှ ၂၀၁ဝ အထိ) အခြေခံဥပဒေမရှိဘဲ နှစ်ပေါင်း ၂၀ကျော် ဗိုလ်ကျအုပ်စိုးခဲ့ကြသူများက သူတို့ “ဥပ ဒေစကား” တဖောင်ဖောင် ပြောနေသည်ကလည်း ရယ်ဖွယ်ကောင်းလေစွ။
၁၉၉ဝ ပြည့်နှစ်က မဲဆန္ဒနယ် (၄၄၇)နေရာအနက် (၃၉၆)နေရာ အနိုင်ရခဲ့သော (NLD)ပါတီ၏ “၁၉၉ဝ ရွေးကောက်ပွဲ ရလဒ်” ကို ပယ်ဖျက်ခဲ့သူများမှ လက်ရှိသမ္မတဦးသိန်းစိန်ကြံ့ဖွံ့အစိုးရ၏ မိဘဖြစ်သော (နဝတ-နအဖ) စစ်အစိုးရပင်ဖြစ်ပါသည်။ ထို့အ ပြင် “၂၀၁ဝ ရွေးကောက်ပွဲရလဒ်” ဆိုသည်မှာလည်း “ကြိုတင်မဲ”ဆိုသည့် အပုပ်နံ့ထောင်းထောင်းထနေသော အနိုင်ကျင့်မှုတစ် ခု၏ ပြယုဂ်ပင် မဟုတ်ပါလား။
ထိုသို့ ပြည်သူ့ဆန္ဒကို ရက်ရက်စက်စက် ဖျက်ဆီးနင်းချေခဲ့ကြသူများ၊ ပြည်သူများ၏ ဆင်းရဲဒုက္ခအပေါ် အမြတ်ထုတ်အနိုင်ယူခဲ့ ကြသူများက “၂၀၀၈ အခြေခံဥပဒေနှင့် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ”ကို “တပ်မတော်က ရွေးချယ်ခြင်းမဟုတ်ဘဲ ပြည်သူ့ ဆန္ဒနှင့်အညီ ရွေးချယ်ထားသောလမ်းကြောင်း” ဖြစ်သည်ဟု ပြောနေသည်မှာလည်း နာကျည်းဖွယ်၊ မုန်းတီးရွံရှာဖွယ် ကောင်း လေစွ။
“ပြည်တွင်းငြိမ်းချမ်းရေးရယူရန် တစ်ခုတည်းသောနည်းလမ်းသည် နိုင်ငံရေးဆွေးနွေးပွဲဖြစ်သည်”ဟု သမ္မတဦးသိန်းစိန် ကြံ့ဖွံ့ အစိုးရက လေတစ်လုံး မိုးတစ်လုံးပြောနေသော်ငြားလည်း တကယ့်လက်တွေ့တွင်မူ “၄ပွင့်ဆိုင်ဆွေးနွေးရေး” အဆိုပြုမှုကို ပစ် ပယ်၍ မဖြစ်နိုင်သော၊ မရေရာသော၊ မပြီးဆုံးနိုင်သော ငြင်းခုန်မှုများနှင့် အချင်းချင်း အစည်းပြေရေးသာ တိုးပွားများပြားလာစေ မည့် “၆ပွင့်ဆိုင်၊ ၈ပွင့်ဆိုင်၊ ၁၂ပွင့်ဆိုင်၊ ၁၄ပွင့်ဆိုင်”စသော အတုအယောင်ဆွေးနွေးပွဲ၊ ဟန်ပြဆွေးနွေးပွဲ၊ ထမင်းစား ဓါတ်ပုံရိုက် ရုံ ဆွေးနွေးပွဲများဖြင့် တိုင်းပြည်နှင့် ပြည်သူများ၏ဆန္ဒကို ငြင်းဆန်ပယ်ဖျက်နေပါသည်။
တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများနှင့် အပစ်အခတ်ရပ်စဲရေးစာချုပ်(NCA)ချုပ်ဆိုရေး ဆွေးနွေးနေသည့်ဘက်ကိုကြည့် လျှင်လည်း ဆွေးနွေးဖက်အဖွဲ့အစည်းများ လက်မခံနိုင်သော၊ ဘယ်လိုမှ လက်ခံ၍မဖြစ်နိုင်သော အနှစ်သာရအားဖြင့်လည်း ဒူး ထောက်အညံ့ခံစေသည့်သဘောသက်ရောက်ပြီး အကြွင်းမဲ့လက်နက်ချစေသည့် အဓိပ္ပါယ်ဆောင်သော “တပ်မတော်၏ ငြိမ်း/မူ ၆ရပ်” ဆိုသည်ကို အတင်းအကြပ် လက်ခံခိုင်းနေပါသည်။
(KNU) ဥက္ကဋ္ဌနှင့်အဖွဲ့ကို ကာချုပ်က တွေ့ဆုံရာတွင် “တပ်မတော်၏ ငြိမ်း/မူ ၆ရပ်”အား “တိတိကျကျ လိုက်နာရန်ဆိုသည်ထက် အလေးထားဆောင်ရွက်စေလိုကြောင်း” ပြောကြားခဲ့သည်မှာလည်း “မျိုချရန်မလို – ပါးစပ်ထဲငုံထားလျှင်ရပြီ” ဟူ၍ ပြောတာပဲ ဖြစ်ပါသည်။
ဤသို့ဖြင့် “၄ပွင့်ဆိုင်ဆွေးနွေးရေး”နှင့် အပစ်အခတ်ရပ်စဲရေးစာချုပ်(NCA) ချုပ်ဆိုရေး ဆွေးနွေးပွဲ”များသည် တိုးလို့တန်းလန်း ဖြင့် ခရီးမရောက်ဘဲဖြစ်နေပါသည်။ ဤသို့ဖြစ်နေသည်မှာ သဘောထားအခြေခံမမှန်၍သာ ဖြစ်သည်။
မေးစရာတစ်ခုရှိပါသည်။ (NCA) စာချုပ်ချုပ်ဆိုခြင်းသည် နိုင်ငံရေးကိစ္စလော – စစ်ရေးကိစ္စလော၊ စစ်ရေးကိစ္စဆိုလျှင် စစ်တပ် တာဝန်ရှိသူများနှင့် တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများ သီးခြားညှိနှိုင်းကြဖို့လိုမည်။
လူများများမလို ဦးအောင်မင်းတို့ (MPC)ပင်မလို။ စစ်တပ်တာဝန်ရှိသူများနှင့် ဘယ်ကာလအတိုင်းအတာအထိ ၂ဖက် အပစ်အ ခတ်ရပ်စဲမှုကို ရပ်ဆိုင်းထားကြမည်ဆိုလျှင် လုံလောက်ပါသည်။
ထိုသို့ ရပ်ဆိုင်းထားစဉ်ကာလအတွင်း နှစ်ဖက်စလုံးမှ မည်သည့်အကြောင်းပြချက်နှင့်မျှ စစ်ရေးသဘောပါဝင်သည့် တပ်ပြောင်း ရွှေ့နေရာချထားခြင်း၊ ရိက္ခာစုပုံခြင်း၊ သတ်မှတ်နယ်မြေကျော်လွန်၍ ထိုးဖောက်ချီတက်မှုများ မပြုလုပ်ရေး စသည့်ကိစ္စများကို ရပ်ဆိုင်းထားကြမည်ဆိုလျှင် (NCA)ကိစ္စ ပြီးပြတ်နိုင်သည်။ ယင်းသို့(NCA) ကိစ္စပြီးပြတ်သွားပြီဆိုလျှင် နိုင်ငံရေးဆွေးနွေးပွဲသို့ အမြန်တက်လှမ်းနိုင်မည်။
အပစ်အခတ်ရပ်စဲရေးကိစ္စသည် စစ်ဘက်နှင့် သက်ဆိုင်သည့်ကိစ္စဖြစ်ပါသည်။ ထို့အပြင် ၂၀၀၈အခြေခံဥပဒေ၊ ပုဒ်မ ၂၀(ခ) အရ ဆိုလျှင် စစ်တပ်ကသာ လုပ်ဆောင်ရမည့်ကိစ္စဖြစ်ပါသည်။ သို့ပါ၍ ဦးအောင်မင်းတို့ (MPC) ပါဝင်စရာ မလိုအပ်ချေ။ စစ်တပ်တာ ဝန်ရှိသူများနှင့် တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများဘက်မှ စစ်ဖက်ဆိုင်ရာတာဝန်ရှိသူများသာ တွေ့ဆုံညှိနှိုင်းဖို့လိုသည်။
“တပ် ငြိမ်း/မူ ၆ရပ်” ဆိုသည်မှာ နိုင်ငံရေးကိစ္စများဖြစ်သဖြင့် ထိုကိစ္စများကို နိုင်ငံရေးဆွေးနွေးသည့်အခါမှသာ ထည့်သွင်း ဆွေး နွေးလိုပါက ဆွေးနွေးသင့်ပါသည်။ သို့ပါ၍ (NCA) စာချုပ်အဆင့်တွင် ထည့်သွင်းထားရန်မသင့်တော်ပါ။ “တပ်ငြိမ်းမူ ၆ရပ်” ကြောင့် နိုင်ငံရေးဆွေးနွေးပွဲအဆင့်သို့ တက်လှမ်းရေး နှောင့်နှေးကြန့်ကြာစေခြင်းငှာ မဖြစ်သင့်ပါ။ “တပ်ငြိမ်းမူ ၆ရပ်”ကို (NCA) စာချုပ်ထဲမှ ဖယ်ရှားလိုက်လျှင် သမ္မတဦးသိန်းစိန် မျှော်မှန်းစိတ်ကူးထားသည့် လာမည့် ဖေဖေါ်ဝါရီလ ၁၂ရက်နေ့တွင် (NCA) စာချုပ်လက်မှတ်ထိုးရေးနိုင်ကြရေးကိစ္စ ဖြောင့်ဖြူးသွားနိုင်လိမ့်မည်ဟု မျှော်လင့်ထင်မြင်မိပါကြောင်း အကြံပြုပါသည်။
ထို့အပြင် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်အနေဖြင့် လိမ်ညာလှည့်စားမှုနဲ့ အကြမ်းဖက်ဖြေရှင်းမှုများကို ရပ်တန်းက ရပ်ဆိုင်းစေ ပြီး “၄ပွင့်ဆိုင်ဆွေးနွေးရေးကို မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် ဦးတည်စေမည်။ “တပ်ငြိမ်းမှု ၆ရပ်” ရုတ်သိမ်းရန် ကာချုပ်နဲ့ စစ် တပ်ကို ဩဝါဒပေး၊ လမ်းညွန်မိန့်ကြား၊ နားချနိုင်မည်ဆိုပါလျှင် ၂၀၁၅ခုနှစ်သည် “သမိုင်းဝင်မည့်နှစ် – သမိုင်းတွင်မည့်နှစ်” ဖြစ် လာနိုင်စရာ အလားအလာများစွာ ရှိလာပါလိမ့်မည်။
ညွန်း – ၂၀၁၄ခုနှစ်၊ နိုင်ငံတော်အခြေအနေနှင့် ပတ်သက်သော ပြည်သူသို့ အစီရင်ခံတင်ပြချက် ၊ မြန်မာ့အလင်းသတင်းစာ (၁-၁- ၂၀၁၅)