(လကင်္ာဒီပ)
သူ့မူ သူ့စကား
တစ်ပြားသားမှ မလျှော့ခဲ့သူ
မူနဲ့လမ်းစဉ်အရေး
သက်ပေးလို့ဖြင့် ကာကွယ်သွားတယ်
တကယ်ပဲ အမျိုးတွက် အဆင်သင့်
ရဲရင့်ခဲ့တဲ့ စောဘဦးကြီးလို
ငါသီဆိုနေမယ် တော်လှန်ရေးသီချင်း
အပြင်းစား ကော်သူးလေလမ်းများထက်မှာ။
လူရယ်လို့ဖြစ်လာ တစ်ဘဝလုံး
ကြုံးအောထိုးကျွှေးပစ်ခဲ့
စစ်မှန်တဲ့ မျိုးချစ်စိတ်များစွာ
ရာသက်ပန်တော်လှန်ရေးကို ဖြတ်သန်းခဲ့သော
သဘောတရားရေး မီးပင်လယ်ထဲမှ
ငါ တမ်းတမိတယ် မန်းဘဇန်ကြီးရေ
ကရင်တွေ မညီညွတ်သေးဘူး
ကျေးဇူးကန်း ဖြတ်လမ်းသမားတွေကြောင့်
ကျုပ်… တောက်ခတ်နေမိတယ် အကြိမ်ကြိမ်ပါပဲ။
အမျိုးတွက် တောက်လျှောက်ရပ်တည်ခဲ့တယ်
ဘယ်တော့မှ မဖေါက်ပြန်ခဲ့ဘူး
မာလိန်မှူးကြီး ဗိုလ်ချုပ်မြ
ကျုပ်တို့ဘဝတွေအတွက်
ရပ်တည်ချက် ဘယ်မရွေ့ခဲ့
သူပြောခဲ့တဲ့စကား သူထားခဲ့တဲ့အမွေ
ကျုပ်တို့တွေ တာဝန်ကျေဖို့လိုတယ်။
ပျိုးတင်ခဲ့တဲ့ ကရင့်နိုင်ငံရေး
မေးခွန်းထုတ်စရာမလိုအောင်
ကဏ္ဍပြောင်မြောက် အလံထူခဲ့
မန်းရှာတဲ့ဟေ့ မန်းရှာ
အာခံတွင်း ဝင်းဝင်းတောက်စက်နဲ့
ရန်သူရဲ့ရင်ဝကို ပစ်ခွင်း
ကြောက်တတ်ခြင်း ကင်းခဲ့ပါပြီကော
လောကဘဝ တဆစ်ချိုးထဲမှာ
ငါတို့ရဲ့ခေါင်းဆောင်တွေ ရှိခဲ့တယ်။
လျှပ်စစ်မိုးကြိုးပစ်ချက်ကြမ်း
မြေပြင် ထန်းရွက်နဲ့ကာလို့မရပေ
ဝေဒနာညနေခင်းသံစဉ်
ရင်ခွင်မှားသွားတဲ့ပန်းချီကား
ငါးပါးမှောက်ခဲ့ရ ဒေါန
မြင်သမျှ ရင်နာရတယ် သွားလေသူတို့ရေ
စေတန်ရဲ့အစေခံ
ထိန်ချန်ခဲ့တဲ့ အမှန်တရားဇာတ်လမ်း
လမ်းချော်တဲ့ မူပေါ်က လူဇော်တွေကြောင့်
တစ်ထောင့်တစ်ည ကရင့်အနာဂတ်
ရှေ့ဆက်မဲ့လမ်း ဘာလဲ ဘယ်လဲ မျက်နှာမွဲပဲလေ။
ပစ္စလက္ခတ် သဘောတရား
ဒုက္ခများတဲ့ ပေါ့ပျက်ပျက်အကျင့်
ရင့်သီးခါးတူး အဆုံးအဖြတ်
မတ်တပ်ရပ်လျက် သေဆုံးသွားတယ်
တကယ်ပဲ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးပြီး
ဒီခရီး ဒီမီး ဒီဘီးနဲ့ လှိမ့်ကာဆက်
ဟတ်…ဟတ်…ဟတ်
ကျုပ် ခြောက်ကပ်ကပ်နဲ့ ရယ်ပစ်လိုက်တော့မယ်။
စက်တင်ဘာ ၂၁၊ ၂၀၁၄