Home သတင်း ထမ်းဟင်စခန်းတွင် ၂၀၁၄ ဇန်နဝါရီအတွင်း သတင်း‌ဂေဟာ ဖွင့်လှစ်ရန်ရှိ

ထမ်းဟင်စခန်းတွင် ၂၀၁၄ ဇန်နဝါရီအတွင်း သတင်း‌ဂေဟာ ဖွင့်လှစ်ရန်ရှိ

1616

နိုဝင်ဘာ ၁၈ရက်၊ ၂၀၁၃ခုနှစ်။ ‌ကေအိုင်စီ

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်ရှိ ထမ်းဟင်ဒုက္ခသည်စခန်းတွင် လာမည့်နှစ် ဇန်နဝါရီလအတွင်း သတင်း‌ဂေဟာ(Information Center) ဖွင့်လှစ်ထားရှိသွားမည်ဟု ကရင်ဒုက္ခသည်‌ကော်မတီ(‌ကေအာရ်စီ)၏ တွဲဖက်အတွင်း‌ရေးမှူး ‌နော်ဘလူးမင်းနိုက်ဇန်က ‌ပြောသည်။

“CCSDPT က ထမ်းဟင်မှာ လာမဲ့နှစ် ဇန်နဝါရီလအတွင်း Pilot project ပုံစံမျိုး လုပ်သွားဖို့ပါ။ ဒီစခန်းကို ပထမဆုံးအဖြစ် စမ်းသပ်တဲ့အ‌နေနဲ့ လုပ်‌ဆောင်မှာဖြစ်ပြီး တိကျ‌သေချာတဲ့သတင်း‌တွေကို ‌ကောက်ယူစု‌ဆောင်းမယ်။ ပြီး‌တော့ သိချင်လို့ လာ‌ရောက် ဆက်သွယ်‌မေးမြန်းသူ‌တွေကို ပြန်လည်ဖြန့်‌ဝေသွားပါမယ်။”ဟု သူမက ‌ကေအိုင်စီသို့ ‌ပြောသည်။

ထမ်းဟင်စခန်းတွင် ထိုသို့ လုပ်‌ဆောင်ပြီး‌နောက်ပိုင်း အခြားကရင်ဒုက္ခသည်စခန်းများ၌လည်း လိုအပ်သလို ထားရှိသွားမည် ဖြစ်‌ကြောင်း သူမက ဆက်လက် ရှင်းပြသည်။

United Nation of High Commission for Refugee-UNHCR, Committee for Coordination of Services to Displaced Persons in Thailand-CCSDPT, The Border Consortium – TBC တို့က ‌ထောက်ပံ့မှုဖြင့် ကရင်ဒုက္ခသည်‌ကော်မတီ (‌ကေအာရ်စီ)မှ ဦး‌ဆောင်ကာ နိုဝင်ဘာ ၁၂-၁၄ရက်‌နေ့အထိ မယ်လဒုက္ခသည်စခန်းတွင် ပြုလုပ်ခဲ့‌သော သတင်း‌ကော်မတီများ သင်တန်းအပြီး လုပ်ငန်း အ‌ကောင်အထည်‌ဖော်မှုအဖြစ် CCSDPT မှ စတင်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

၎င်းသင်တန်းမှာ ဒုက္ခသည်စခန်း သတင်း‌ကော်မတီဝင်များအတွက် ပထမအကြိမ်‌မြောက် သင်တန်းဖြစ်ပြီး ထမ်းဟင်စခန်းမှလွဲ၍ ကျန်ဒုက္ခသည်စခန်းမှ သင်တန်းသူသင်တန်းသား ၃၈ဦး တက်‌ရောက်ခဲ့ကြသည်။

‌ကေအာရ်စီအ‌နေဖြင့် ၂၀၁၂ခုနှစ်၊ ဇွန်လက Preparedness for repatriation အလုပ်ရုံ ‌ဆွေး‌နွေးပွဲ ပြုလုပ်ခဲ့ပြီး ဒုက္ခသည်စခန်း များ၌ Information Center များ ထားရှိသွားရန်နှင့် စခန်းတွင်း၌ ဒုက္ခသည် ပြန်လည်‌နေရာချထားဆိုင်ရာ သတင်းများကို ရယူ စု‌ဆောင်းပြီး လိုအပ်သလို ဖြန့်‌ဝေသွားရန် သ‌ဘောထားရှိခဲ့သည့်အ‌ပေါ် ယခုသင်တန်းကို ပြုလုပ်ရခြင်းဖြစ်သည်။

‌နော်ဘလူးမင်းနိုက်ဇန်က “အပစ်အခတ်ရပ်စဲ‌ရေး လက်မှတ်ထိုးပြီး‌နောက်ပိုင်း ဒုက္ခသည်ပြန်ပို့မဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဂယက်‌တွေ ရိုက်ခတ်လာတာမို့ ဒီအတွက် စခန်း‌တွေမှာ Information Center ထားပြီး တိကျ‌သေချာတဲ့ သတင်း‌တွေကို ‌ပေးနိုင်ဖို့ ရည်ရွယ် တာပါ။”ဟု ဆိုသည်။

ယင်းသို့ထားရှိသွားမည့် သတင်း‌ဂေဟာအတွက် CCSDPT မှ နည်းပညာပိုင်းနှင့် ဘဏ္ဍာ‌ငွေအပိုင်းကို ‌ထောက်ပံ့ကူညီသွားမည် ဖြစ်ပြီး ‌ကေအာရ်စီအ‌နေဖြင့် သတင်းအချက်အလက်များ ‌ကောက်ယူခြင်း၊ စု‌ဆောင်းခြင်းနှင့် လိုအပ်သလို ပြန်လည် ဖြန့်‌ဝေ အသိ‌ပေးခြင်းများ လုပ်‌ဆောင်သွားမည်ဖြစ်‌ကြောင်း သိရသည်။

အုန်းဖျန်စခန်း ဥက္ကဌ ‌စောဝါးထီးက “ဒုက္ခသည်စခန်းမှာက သတင်းစာ‌စောင်‌တွေ၊ DVB ရုပ်သံ‌တွေနဲ့ ဝက်ဘ်ဆိုက်‌တွေက သတင်း‌တွေ‌တော့ အ‌တော်စုံ‌နေပါပြီ။ အခုလို ‌နေရပ်ပြန်မဲ့အ‌ပေါ် ဒုက္ခသည်‌တွေထဲမှာလည်း ကိုယ့်သ‌ဘောနဲ့ ကိုယ်ပြန်ချင်သူ ‌တွေ၊ သက်ဆိုင်တဲ့ ဒုက္ခသည်ဆိုင်ရာ ‌ခေါင်း‌ဆောင်‌တွေ စီစဉ်တဲ့အတိုင်း ပြန်မဲ့သူ‌တွေဆိုပြီး နှစ်မျိုးရှိတာမို့ ထိ‌ရောက်မှု အတိုင်း အတာကို ‌စောင့်ကြည့်ရမှာ‌ပေါ့။”ဟု သူ၏အမြင်ကို ‌ပြောဆိုသည်။

CCSDPT အဖွဲ့သည် ပြီးခဲ့သည့် လအနည်းငယ်က Information Center ထားရှိ‌ရေးနှင့် ပတ်သက်၍ ဒုက္ခသည်စခန်းများသို့ သွား‌ရောက်ကာ စခန်း‌ကော်မတီဝင်များနှင့် ‌မေးမြန်း‌ဆွေး‌နွေးခဲ့‌သေး‌ကြောင်း ဒုက္ခသည်စခန်း‌ခေါင်း‌ဆောင်များက ‌ပြောသည်။

ထိုင်း-မြန်မာနယ်စပ်တစ်‌လျှောက်တွင် UNHCR ၏ အသိအမှတ်ပြုမှုဖြင့် ကရင်ဒုက္ခသည်စခန်းများဖြစ်သည့် မယ်လ၊ အုန်းဖျန်၊ နို့ ဖိုး၊ မယ်ရာမို၊ မယ့်လာအူး၊ ထမ်းဟင်၊ ဘန့်ဒုံယန်းနှင့် ကရင်နီဒုက္ခသည်စခန်း အမှတ်(၁)၊ (၂)တို့ရှိကြပြီး ကရင်ဒုက္ခသည်‌ပေါင်း မှာ တစ်သိန်းခွဲနီးပါး ရှိသည်။