Home သတင်း ကာကွယ်‌ရေးဝန်ကြီးဌာန ဒုဝန်ကြီး၏ ‌ပြောကြားချက် မဟုတ်မှန်‌ကြောင်း KIO တုန့်ပြန်

ကာကွယ်‌ရေးဝန်ကြီးဌာန ဒုဝန်ကြီး၏ ‌ပြောကြားချက် မဟုတ်မှန်‌ကြောင်း KIO တုန့်ပြန်

1763
စက်တင်ဘာလ ၇ရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)


နိုင်ငံ‌ရေး‌ဆွေး‌နွေးမှုပြုလုပ်ပြီးမှသာ အပစ်အခတ်ရပ်စဲမည် ဆိုသည့်အချက်ကို ကချင်လွတ်‌မြောက်‌ရေးအဖွဲ့-KIO က စွဲကိုင်ထားသဖြင့် ကချင်‌ဒေသတွင် ဆက်လက်တိုက်ပွဲဖြစ်ပွား‌နေရသည်ဟု ကာကွယ်‌ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်မှူးချုပ်‌အောင်‌သော်၏ ‌ပြောကြားချက်မှာ မဟုတ်မမှန်‌ကြောင်း KIO က ယ‌နေ့ တုန့်ပြန်‌ပြောဆိုလိုက်သည်။

KIO ‌ပြောခွင့်ရပုဂ္ဂိုလ် ဦးလနန်က “ကျ‌နော်တို့ အမြဲ‌ပြော‌နေတာက‌တော့ အခု ဖြစ်ပွား‌နေတဲ့ တိုက်ခိုက်မှု‌တွေဟာ အဓိက ပြဿနာ မဟုတ်ဘူး။ တိုင်းရင်းသားအ‌ရေးနဲ့ပတ်သက်တဲ့ နိုင်ငံ‌ရေးပြဿနာပါ။ ဒီနိုင်ငံ‌ရေး ပြဿနာကို အစိုးရအဆက်ဆက်က မ‌ဖြေရှင်းနိုင်တဲ့အ တွက် တိုက်ပွဲရတာပါ”ဟု ‌ပြောသည်။

၎င်းတို့အ‌နေဖြင့် အစိုးရနှင့် ဆယ်နှစ်‌ကျော် အပစ်အခတ်ရပ်စဲ‌ရေးလုပ်၍ ဆက်ဆံ‌ရေးရုံးဖွင့်၊ ‌ဒေသဖွံ့ဖြိုး‌ရေး လုပ်ခွင့်သာရခဲ့ပြီး လက်ရှိ အစိုးရဘက်က အပစ်ခတ်ရပ်စဲ‌ရေးကိစ္စ တတွင်တွင်‌ပြော‌သော်လည်း နိုင်ငံ‌ရေး‌ဆွေး‌နွေး‌ရေးကိစ္စကို အ‌လေးမထား‌ကြောင်း ဦးလနန်က ဆက်‌ပြောသည်။

အမျိုးသားလွှတ်‌တော်အစည်းအ‌ဝေး ကျင်းပသည့် (၄၀)ရက်‌မြောက် ယမန်‌နေ့၌ ကချင်ပြည်နယ် မဲဆန္ဒအမှတ်(၁)မှ ဦးခက်ထိန်နန်က အပစ်အခတ်ရပ်စဲ‌ရေး၊ ငြိမ်းချမ်း‌ရေးနှင့် ပတ်သက်၍ ‌မေးမြန်းခဲ့ရာ ဗိုလ်မှူးချုပ်‌အောင်‌သော်က KIA သည် အပစ်အခတ်ရပ်စဲ‌ရေး လုပ်ငန်း စဉ်ကို လုံးဝ ‌ဆွေး‌နွေးညှိနှိုင်းမှု မပြုလုပ်‌ကြောင်း ‌ပြောကြားချက်ကို ယ‌နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ‌ဖော်ပြထားသည်။

ထို့အပြင် KIA သည် ၎င်းတို့စစ်တပ်နှင့် ပြည်သူလူထု အသုံးပြု‌နေသည့် လမ်း‌ကြောင်းများတ‌လျှောက်ရှိ တံတားများကို ဖျက်ဆီးခြင်း၊ နယ်‌မြေလုံခြုံ‌ရေးတာဝန် ထမ်း‌ဆောင်‌နေသည့် ဌာနချုပ်များ၊ တပ်စခန်းများ၊ စစ်‌ကြောင်းများသို့ ရိက္ခာ၊ လူနာပို့‌ဆောင်‌နေစဉ်၊ လုံခြုံ‌ရေးနှင့် နယ်‌မြေရှင်းလင်း‌ရေး‌ဆောင်ရွက်စဉ် ဝင်‌ရောက်တိုက်ခိုက်ခြင်းများပြုလပ်‌နေသည်ဟု သတင်းစာထဲတွင် ပါရှိသည်။

ယင်း‌ဖော်ပြချက်ကို ဦးလနန်က “သူတို့ စစ်ဆင်‌ရေးလုပ်လာတဲ့အချိန်မှာ ‌ဒေသခံသွားတဲ့လမ်း‌တွေကို အသုံးမပြုဘူးဆိုရင်‌တော့ ဒီကိစ္စ ‌ပေါ်လာနိုင်စရာ အ‌ကြောင်းမရှိဘူး။ သူတို့က လူထုကို အကာအကွယ်လုပ်ပြီး အရပ်ဝတ်ပုံစံနဲ့ လူထု‌တွေနဲ့‌ရောပြီး ‌မော်‌တော်ယဉ်‌တွေ စီးလာတယ်။ ဒီလိုလုပ်‌တော့ စစ်‌ရေးအရ ပြန်ပြီးတုန့်ပြန်ရတာပဲ”ဟု ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၁ခုနှစ်၊ ဒီဇင်ဘာလ ၁ဝရက်‌နေ့က သမ္မတဦးသိန်းစိန်မှ ကချင်ပြည်နယ်အတွင်း ခုခံကာကွယ်ရုံမှအပ ပစ်ခတ်တိုက်ခိုက် ခြင်း၊ KIA စခန်းများအား ချီတက်ထိုးစစ်ဆင်တိုက်ခိုက်ခြင်း မပြုလုပ်ရန် ညွှန်ကြားချက်ကို သက်ဆိုင်ရာ တပ်ဖွဲ့ဝင်များက တိကျစွာ လိုက်နာ‌ကြောင်း ဗိုလ်မှူးချုပ်‌အောင်‌သော်က ‌ပြောထား‌သော်လည်း လက်ရှိ ကချင်ပြည်နယ် ဖားကန့်မြို့နယ် KIA နယ်‌မြေအတွင်း အစိုးရ စစ်တပ်မှ ဩဂုတ်လမှစ၍ ယခု စက်တင်ဘာလအထိ ‌နေ့စဉ် တိုက်ပွဲဖြစ်ပွားကာ ကချင်‌ဒေသအတွင်း ဒုက္ခသည် တစ်သိန်းခန့်ရှိလာပြီဟု ကချင်ဒုက္ခသည်များကို သွား‌ရောက်ကူညီ‌နေသည့် အဖွဲ့များက ‌ပြောသည်။

၂၀၁၁ခုနှစ် ဇွန်လမှစ၍ မြန်မာအစိုးရတပ်နှင့် KIA တပ်များအကြား တိုက်ပွဲဖြစ်များ ပြန်လည်ဖြစ်ပွားပြီး‌နောက် ပြည်နယ်အဆင့် သုံးကြိမ်၊ ပြည်‌ထောင်စုအဆင့်သုံးကြိမ်နှင့် အလွတ်သ‌ဘော ‌လေးကြိမ်‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့‌သော်လည်း ‌အောင်မြင်မှုမရရှိခဲ့‌ကြောင်းလည်း ဗိုလ်မှူးချုပ် ‌အောင်‌သော်၏ ‌ပြောကြားချက်ကို မြန်မာအလင်းသတင်းစာတွင် ‌ဖော်ပြထားသည်။