ဖေဖော်ဝါရီလ ၁၈ရက်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ ကျောက်ခက်နှင့် ဘလယ့်ဒို့အကြားတွင် လှုပ်ရှားနေသော နအဖ တပ်မ(၂၂)လက်အောက်ခံ (၃၅၇) တပ်ရင်းကို DKBA က ယနေ့မနက် ၈နာရီအချိန်၌ ရှေ့ထွက်မိုင်းဖြင့် ထပ်မံတိုက်ခိုက်ခဲ့ရာ နအဖဘက်က ၃ဦး သေဆုံးပြီး ၄ဦး ဒဏ်ရာရရှိခဲ့သည်ဟု စုံစမ်းသိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်မှူးချုပ်စောလားပွယ်(ဗိုလ်နှုတ်ခမ်းမွှေး) ဦးဆောင်သည့် DKBA တပ်မဟာ(၅)၊ (၉၀၇) တပ်ရင်းက ပြုလုပ်ခဲ့ပြီး ယခုလို ရှေ့ထွက်မိုင်းတိုက်ခိုက်မှုအပေါ် နအဖဘက်က အထိနာစေသေည်ဟု DKBA တပ်မှူးတဦးက ကေအိုင်စီ ကို ပြောသည်။
“ဖူးခါ့ဆူ့(ဗိုလ်နှုတ်ခမ်းမွှေး)ကတော့ သူ့လူတွေကို လွှတ်ပြီး ဒီမှာလာလှုပ်ရှားတဲ့ နအဖတပ်မှန်သမျှ နည်းအမျိုးမျိုးနဲ့ တိုက်ခိုက် ဖို့ ညွှန်ကြားထားပြီးသားပဲလေ။ ဒါကြောင့် နအဖက ဒီနေရာမှာ ရှိနေသရွေ့တော့ DKBA ရဲ့ တိုက်ခိုက်မှုကို နေ့တိုင်းလိုလို ဆက်ခံရအုံးမှာပဲ။ အထူးသဖြင့် သူတို့ကို ဒီလိုရှေ့ထွက်မိုင်းနဲ့ တိုက်ခိုက်တာ ပိုအထိနာတယ်လေ။”ဟု သူက ပြောသည်။
ဖေဖော်ဝါရီလ ၁၅ရက်နေ့၌လည်း ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ကျောက်ခက်နှင့် ဖလူးလေးအကြား ပဒူအုံ (ပလော တပို့)တွင် DKBA တပ်မဟာ(၅) တပ်ဖွဲ့ဝင်တို့၏ ဆွဲမိုင်းကြောင့် နအဖ တပ်မ(၂၂)လက်အောက်ခံ ခမရ(၃၅၇) တပ်ဖွဲ့ဝင် ၁ဝဦး သေဆုံးပြီး ၁၃ဦး ဒဏ်ရာရရှိခဲ့သည်။