ဩဂုတ် ၁။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ် သဃင်္န်းညီနောင်ရှိ ကော့ကရိတ်-မြဝတီကားလမ်း တံတားကျိုးစခန်းမှ အရှေ့တောင်တိုင်း စစ်ဌာနချုပ် အခြေချစစ်ဗျူဟာမှ တာဝန်ခံ စစ်ဗျူဟာမှူးတဦးသည် အဖွဲ့အစည်းအမည်ခံကာ ကိုယ်ကျိုးရှာ အခွန်ကောက်ခံလျှက်ရှိသည်ဟု သိရသည်။
အဆိုပါ စစ်ဗျူဟာမှူး ဗိုလ်မှူးခင်မောင်ဝင်းသည် ၂၀၀၈ခုနှစ်မှစ၍ ယခုအချိန်ထိ ထိုင်း-မြန်မာနယ်စပ် မြဝတီမှ တင်သွင်းလာသော လိုင်စင်မဲ့ ဂျပန်မော်တော်ယာဉ်ကားများကို ကားအမျိုးအစားအပေါ် မူတည်ပြီး တစီးလျှင် ကျပ် ၂သိန်းမှ ၅သိန်းအထိ ကောက်ခံနေသည့်အပြင် တရားမ ဝင် တင်ဆောင်လာသော ကန့်သတ်ကုန်တင်ကားများကိုလည်း ကုန်ပစ္စည်းအပေါ် မူတည်ပြီး တစီးလျှင် ကျပ်(၃)သိန်းမှ (၁၀)သိန်းအထိ ကောက်ခံလျှက်ရှိကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူများက ပြောသည်။
အမည်မဖော်လိုသည့် တံတားကျိုးစခန်း အနီးတဝိုက်တွင် နေထိုင်သူတဦးက “အဲဒီကောက်ခံမှု အတိုင်းအတာဟာ တနေ့ကိုဆိုလို့ရှိရင် ကျပ် သိန်း (၂၅၀)ကနေ (၃၀၀)အထိ ရတယ်။ အဲဒီကောက်လို့ရတဲ့ ငွေတွေကို ဗျူဟာမှူးခင်မောင်ဝင်းက ကိုယ်ကျိုးအတွက် သီးသန့်သုံးစွဲနေတယ်” ဟု ပြောသည်။
မြဝတီမြို့မှ တင်ဆောင်လာသော ၎င်းလိုင်စင်မဲ့ကားများကို မော်လမြိုင်စက်မှုဇုံနှင့် ရန်ကုန်စက်မှုဇုံသို့ နည်းမျိုးစုံဖြင့် ယူဆောင်မောင်းနှင်သွား လျှက်ရှိသည်ဟု အဆိုပါနယ်မြေခံက ဆက်ပြောသည်။
ထိုဂိတ်၏ စစ်ဆေးရေးအဖွဲ့ဝင်တဦးက “အရင်က ဒီဂိတ်ဟာ နိုင်ငံရေးသမား၊ ဖောက်ခွဲရေးသမားတွေကို စောင့်ကြည့်စစ်ဆေးတယ်။ အခု အဲဒီလို မဟုတ်တော့ဘူး။ လိုင်စင်မဲ့ကားတွေ၊ ကန့်သတ်ကုန်တင်ဆောင်တဲ့ ကားတွေကိုပဲ အဓိက စစ်ဆေးနေတယ်”ဟု ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၁ရက်နေ့တွင် စစ်ဗျူဟာမှူး ခင်မောင်ဝင်း၏အမိန့်ဖြင့် တံတားကျိုးစစ်ဆေးရေးဂိတ်ရှိ အကောက်ခွန်အဖွဲ့၊ ရဲအဖွဲ့၊ စရဖ အဖွဲ့၊ စသုံးလုံးအဖွဲ့နှင့် ရဲအထူးအဖွဲ့တို့ကို ခေါ်ပြီး ၎င်းတို့တပ်ဖွဲ့သည် ပြည်သူလူထုထံမှ ငွေကောက်ခံမှုမရှိကြောင်းကို အာမခံသဘောတူ လက် မှတ်ရေးထိုးခိုင်းကြောင်း၊ ယင်းအဖွဲ့များကလည်း ဗျူဟာမှူးကို ကြောက်ကြသဖြင့် လက်မှတ်ရေးထိုးခဲ့ရကြောင်း ၎င်းက ဆက်ပြောသည်။
ယခုလို အဖွဲ့အစည်းအမည်ခံ၍ မတရားငွေကောက်ခံခြင်းသည် တခြားအဖွဲ့အစည်းများကို နိုင်ထက်စီးနင်း အတင်းအဓမ္မ လက်မှတ်ရေးထိုးခိုင်း သည့်အပေါ် ကျန်အဖွဲ့များက မကျေမနပ်ဖြစ်ကြသော်လည်း တိုင်ကြားမှု တစုံတရာမှ မလုပ်ရဲကြကြောင်း တံတားကျိုးရှိ ဒီကေဘီအေ ဗဟိုစစ်ဦး စီးဌာနမှ အရာရှိတဦးက ပြောသည်။
“အမှန်ကတော့ ဂိတ်ဆိုတာကတော့ ကောက်မှာပဲလေ။ မကောက်နဲ့လို့ မဆိုလိုချင်ပါဘူး။ ဒါပေမဲ့ သူ့ဟာနဲ့သူ တန်ရာတန်ရာတော့ ကောက်ပေါ့။ ငါးသိန်းဆိုငါးသိန်း၊ ဆယ်သိန်းဆို ဆယ်သိန်းသတ်မှတ်ပါ။ အခုဟာက ရရင်ရသလို တောင်းလိုက်၊ ကောက်လိုက်လုပ်တာဟာ တခြားအဖွဲ့တွေ ကို သက်သက်နှိမ်တာပဲ။ အဲဒီကိစ္စကို ဘယ်သူမှလည်း မကျေနပ်ကြပေမယ့် အထက်ကိုတိုင်ကြားဖို့လည်း မလုပ်ရဲကြဘူးဖြစ်နေတယ်။ ဘာဖြစ် လို့လဲဆိုတော့ ဒီနယ်စပ်မှာ တာဝန်ထမ်းဆောင်ရဖို့ အခွင့်အရေး မနည်း ဖားထားရတာကိုး။ အထက်တိုင်ကြားတာတွေလုပ်လို့ ပြဿနာတက် ရင် ခင်ဗျားတို့ကောင်တွေ နယ်စပ်မှာ အနေမတတ်လို့ဆိုပြီး အဖြုတ်ခံရမယ်။ ဒါကြောင့် မတိုင်ရဲကြတာ”ဟု ၎င်းဒီကေဘီအေအရာရှိက ပြော သည်။
ကားကုန်သည်တဦးက “အဲဒီဂိတ်မှာက ဗျူဟာမှူးခင်မောင်ဝင်းရဲ့ စေခိုင်းချက်နဲ့ ဗိုလ်ကြီးမြတ်ဇော်ဦးက သူ့တပည့် ကျော်တိတ် ခေါ် ဘိတ်သား ဆိုတဲ့တယောက်ကို စက်မှုဇုံပို့မဲ့ လိုင်စင်မဲ့ကားတွေကို ဂိတ်ဖြတ်ခ အကြီးအကျယ် ကောက်ခိုင်းနေတာ။ ကျနော်တို့က သူတို့ကိုလည်းပေးရ၊ ဒီ ကေဘီအေနဲ့ ငြိမ်းချမ်းရေးအဖွဲ့တွေကိုလည်း ပေးရသေးတယ်”ဟု ဆိုသည်။
မြဝတီ-ကော့ကရိတ် တောင်ပေါ်ကားလမ်းတွင် အဖွဲ့စုံဂိတ်ကြီးအချို့နှင့် ကင်းတဲဂိတ်များ အပါအဝင် ဂိတ်ပေါင်း (၂၈)ခုရှိရာ အခြားဂိတ်များက တော်ရုံလောက်သာ ကောက်ခံကြသော်လည်း ဗျူဟာမှူး ဗိုလ်မှူးကြီးခင်မောင်ဝင်း ဦးစီးကြီးကြပ်သည့် တံတားကျိုးစစ်စခန်းဂိတ်တခုတည်းက ၎င်းတို့စိတ်ကြိုက်ကောက်ခံလျှက်ရှိသည်။