Home သတင်း ဖားအံ-မြဝတီကို ကုန်တင်ယာဉ်များ လမ်းကြောင်းအသစ် ပြောင်းလဲအသုံးပြုသွားလာနေရ

ဖားအံ-မြဝတီကို ကုန်တင်ယာဉ်များ လမ်းကြောင်းအသစ် ပြောင်းလဲအသုံးပြုသွားလာနေရ

969
Photo-CJ

ဖေဖော်ဝါရီလ ၈ ရက်၊၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ဖားအံမှ မြဝတီမြို့ကို ထို့ကော်ကိုးတောင်ပတ်လမ်းမှတဆင့်သွားလာရာတွင် လမ်းခရီး ပြတ် တောက်မှု နှင့် ခရီးကြန့်ကြာမှုများကြောင့် ယခုရက်ပိုင်းမှစ၍ ကုန်တင်ယာဉ်မောင်းကားသမား တစ်ချို့သည် ယခင် ကတည်းက အသုံးပြုမှုရပ်နားထားသည့် ကြက်ဥတောင်လမ်းကြောင်းကို ပြောင်းလဲ အသုံးပြုသွား လာနေရကြောင်း ယာဉ်မောင်းများထံမှ သိရသည်။

တိုက်ပွဲကြောင့် ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီး ပိတ်ထားရ၍ ယာဉ်မောင်းသမားများသည် ထို့ ကော်ကိုး လမ်းကြောင်းကို ပြောင်းလဲအသုံးပြုရာတွင် ယာဉ်အများအပြားသွားလာမှုကြောင့် လမ်း ကြောင်း ပျက်စီးမှုများဖြစ်ပေါ်သည့်အပြင် ယာဉ်ကြောပိတ်ဆို့မှုကြောင့် လမ်းခရီးကြန့်ကြာ မှုများဖြစ်ပေါ်၍ ယခုလိုလမ်းကြောင်းပြောင်းလဲ အသုံးပြုရခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ ယာဉ်မောင်းတစ်ဦးက ပြောသည်။

၎င်းက “ကျနော်ကတော့ ထို့ကော်ကိုးလမ်းကို စိတ်ညစ်လို့မသွားဘူး။ တောင်တက်လမ်းမှာ ကားကြီးတွေကများတာနဲ့ ကျနော်ကားက ပျက်လိုက်နဲ့လမ်းမှာ ထမင်းအငတ်ခံရတာနဲ့ သွားလာရတာ အဆင်မပြေလို့ မသွားတာကြာပြီး။ အခုကြက်ဥတောင်လမ်းကို ပဲသွားတယ်။ ကျနော် အဖွဲ့ကား သမားတွေလည်း ထို့ကော်ကိုးလမ်းကို မသွားတော့ဘူး၊ ဒီဘက်ပဲပြန်လာကြတယ်။ ကုန်တင်ကား တွေကတော့ ဒီဘက်ကိုလှည့်လာကုန်ကြပြီး။ “ ဟု ကေအိုင်စီသို့ ပြောသည်။

ယခု ကုန်တင်ကားများ ပြန်လည်အသုံးပြုသွားလာသည့် ကြက်ဥတောင်လမ်းကြောင်းသည် မြဝတီမြို့နှင့် ရွှေ့ကုက္ကိုလ်ကျေးရွာကြားရှိ သဲပုံဂိတ်လမ်းခွဲမှ ထီးချာရာ-သေ့ကတေ-ကိုင်ကလာ စသည့် ကျေးရွာများကို ဖြတ်ကျော်၍ ဖားအံမြို့အထိ နေ့ချင်းပြန်သွားလာနိုင်ပြီး လက်ရှိတွင် ကုန်တင် ကားအချို့သာ စတင်အသုံးပြုသွားလာနေသေးသည်ဟု အဆိုပါ ယာဉ်မောင်းက ဆက်ပြောသည်။

“ခရီးသည်ကားတွေကတော့ ကျနော်လည်း မပြောတတ်ဘူး။ အခုကျနော်တို့ သွားတဲ့လမ်းကတော့ အေးဆေးပဲ။ ကျနော်မနက်သွားတယ်။ ညနေပြန်လာတယ် နေ့ချင်းပြန်ပဲ။ စိတ်ညစ်စရာမရှိဘူး။ မြ၀တီ ကနေနေပြီး လုပ်စရာ ရှိတာလုပ်ပြီး ပြန်ဆင်းလာတယ်။ ဘာအခက်အခဲမှမရှိဘူး။ အခုသွားတဲ့ လမ်းက တော့ လုံခြုံရေးအရစစ်ဆေးရေး ဂိတ်တွေချထားတာတော့ ရှိတာပေါ့။ ဂိတ်တစ်လျှောက်လုံး BGF တွေ ချည်းပဲ။ ကျနော်တို့ကို ဂိတ်ကြေးဘာညာ အများကြီးတောင်းတာမရှိဘူး။ ကျနော်တို့ ပေးသလောက် လေးငါးထောင်တစ်သောင်းပဲ သူတို့ယူတယ်။” ဟု ထိုယာဉ်မောင်းက ဖြည့်စွက်ပြောသည်။

ကြက်ဥတောင်လမ်းကြောင်းကို ကုန်းတင်ကားကြီးတချို့ သွားလာမှုပြုလုပ်လျက်ရှိနေသော်လည်း ထို့ကော်ကိုးလမ်းပိုင်းတွင်မူ နေ့စဉ်ယာဉ်အတက်အဆင်းများ အဆက်မပြတ်ဆက်လက်ရှိနေပြီး လမ်းပိုင်း ပျက်စီးမှုများနှင့် ယာဉ်အသွားအလာများပြားသည့်အတွက်ကြောင့် ကားပျက်စီးမှုအပြင် ချောက်ကမ်းပါးထဲသို့ ထိုးကျခြင်းများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

ကော့ကရိတ်မြို့တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ဦးဆောင်သည့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေသဖြင့် ၂၀၂၃ ခုနှစ် ဒီဇင် ဘာလ ဆန်းပိုင်းမှစ၍ ကော့ကရိတ်-မြဝတီအာရှကုန်သွယ်ရေးလမ်း ပြတ်တောက်သွားပြီး ထိုကော်ကိုး-နဘူး လမ်းဘက်ကို ယာဉ်များပြောင်းလဲအသုံးပြုသွားလာနေကြခြင်းဖြစ်သည်။

ထို့ကော်ကိုးလမ်းကို အသုံးပြုသွားလာရာတွင် ၎င်းဒေသကို အဓိက ထိန်းချုပ်ထားသည့် ဒေသခံ လက် နက်ကိုင် အဖွဲ့အစည်းများမှ ဂိတ်ကြေးအဖြစ် အဆမတန် ငွေကြေးကောက်ခံမှုများ ပြုလုပ် ခြင်းကြောင့် ယာဉ်သွားလာစရိတ်များလည်း မြင့်တက်နေကြောင်း ခရီးသွားပြည်သူများထံမှ သိရသည်။

၎င်းအပြင် ထို့ကော်ကိုးလမ်းကို ကုန်တင်ယာဉ်ကြီးများ အသုံးပြုသွားလာရာတွင် ကုန်တင်ယာဉ်ကြီးများ အနေဖြင့် ကတ္တားချိန်ရမည်ဖြစ်ပြီး ၆ ဘီးကားများ(ယာဉ်−ကုန်) ၁၅ တန်၊ (၁၀) ဘီး (၁၂) ဘီးကား များနှင့် ယာဉ်−ကုန် ၂၀ တန် ယာဉ်များကို နံနက် ၆ နာရီမှ ည ၁၂ နာရီအထိသာ ဖြတ်သန်းသွား လာခွင့်ပြုမည်ဆိုသည့် သတိပေး ကြေငြာချက်များလည်း ထွက်ပေါ်လာသည်။

“အချိန်သတ်မှတ်တာဟုတ်တယ်။ တချို့လမ်းနေရာလေးတွေ လမ်းနည်းနည်းပြုပြင်တော့ အချိန် နည်း နည်း သတ်မှတ်ထားပေးတယ်။ ခဏနားတဲ့အချိန်လေးတွေ ရသလောက်နည်းနည်းချင်းစီ ပြုပြင်တယ်။ အခု ထို့ကော်ကိုးလမ်းမှာ အစစ်အဆေးကတော့ နားလည်မှုနဲ့ ပိုက်ဆံပေးရင် သွားရတဲ့ပုံစံဖြစ်သွားပြီး။ အရင်တုန်းကတော့ စစ်တယ်ပစ္စည်းဆွဲချတာတို့လုပ်တယ်။” ဟု ကေအိုင်စီ သို့ ပြောသည်။

အလားတူ မြဝတီ−ဖားအံ−မော်လမြိုင်−ရန်ကုန်စသည့်နေရာများအသီးသီးသို့ ခရီးသည်တင်ဆောင်မှုနှင့် ကုန်ပစ္စည်းများပို့ဆောင်သည့် ယာဉ်သမားအနေဖြင့် သယ်ယူပို့ဆောင်ရေးအဆင်ပြေနိုင်ရန်အတွက် လမ်းခရီးတစ်လျှောက်တပ်စွဲထားသည့် လက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် ဂိတ်ကြေးကောက်ခံရာ တွင်လည်း လျှော့ချကောက်ခံရန် ယာဉ်မောင်းသမားများက မေတ္တာရပ်ခံ တောင်းဆိုထားသည်။