Home ဆောင်းပါး မင်းအောင်လှိုင်ကို ဖယ်ရှားပစ်တဲ့နည်းလည်း စဉ်းစားသင့်တယ်

မင်းအောင်လှိုင်ကို ဖယ်ရှားပစ်တဲ့နည်းလည်း စဉ်းစားသင့်တယ်

17

မင်းအောင်လှိုင်ကို ဖယ်ရှားပစ်တဲ့နည်းလည်း စဉ်းစားသင့်တယ်

မောင်ကျော်စွာ

(၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်)

ကမ္ဘာ့နိုင်ငံရေးနဲ့ စီးပွားကုန်သွယ်ရေးကို အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့က လှုပ်ကိုင်ဖန်တီးနေတဲ့ ခေတ်ထဲကို ဝင်ရောက်နေပါပြီ။ အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့ ရဲ့ ဘက်စုံယှဉ်ပြိုင်မှုဟာ ပြင်းထန်လှပြီး အဲဒီပြိုင်ပွဲမှာ အမေရိကန်ပြည်ထောင်စုဟာ အဓိကဘက်ဖြစ်ပါတယ်။ အဲဒီပြိုင်ပွဲရဲ့ သက်ရောက်မှုက ကမ္ဘာနဲ့အဝန်းကို မတူတဲ့ အရှိန်အဟုန်နဲ့ ရိုက်ခတ်သက်ရောက်နေပါတယ်။

အီးယူ၊ ရုရှ တို့ဟာ ဒုတိယတန်းတွေပါ။ သူတို့ဟာ အမေရိကန်ပြည်ထောင်စုနဲ့ဖြစ်စေ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံနဲ့ဖြစ်စေ မိတ်ဖက်ကဏ္ဍလည်းရှိသလို ပဋိပက္ခဖြစ်နေတဲ့ ကဏ္ဍလည်းရှိပါတယ်။ အီးယူနဲ့ ရုရှ အကြား မှာ “ယူကရိန်းစစ်ပွဲ”ကို အကြောင်းပြုပြီး ထိပ်တိုက်ပဋိပက္ခတွေရှိပါတယ်။ အီးယူနဲ့ အမေရိကန်ပြည်ထောင်စုအ ကြားမှာလည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်အမှူးပြုတဲ့ ကော်ပိုရိတ်အကျိုးစီးပွား လုယက်မှုတွေ၊ ပထဝီဆိုင် ရာ၊ လုံခြုံရေးဆိုင်ရာ စတဲ့ ပဋိပက္ခတွေ အတိုင်းအတာအသီးသီးနဲ့ရှိနေတာပါ။

အမေရိကန်ပြည်ထောင်စုဟာ သူ့ရဲ့မြောက်ဖက်က အိမ်နီးချင်းဖြစ်တဲ့ ကနေဒါနဲ့ တစ်ဖက်သတ်အခွန် စည်းကြပ်မှုကြောင့် အပြန်အလှန် ပါးကိုက်နားကိုက်တဲ့ ကုန်သွယ်ရေးဆိုင်ရာ ပဋိပက္ခတွေပေါ်ပေါက်နေတာပါ။

အီရန်ကို ဗိုလ်ကျကျူးကျော်ရန်လုပ်နေမှုဟာ ဟောလမုဇ် ရေလက်ကြားကနေ နေ့စဉ် ဖြတ်သန်းနေတဲ့ လောင်စာဆီနဲ့ ကုန်သေတ္တာသင်္ဘောတွေကို ပိုင်ဆိုင်ထားကြတဲ့ အကျိုးစီးပွားတွေကြောင့်ပါ။ ဒါပေမယ့် အီရန်ကို ‘ဘာသာရေးခေါင်းဆောင်များရဲ့ အာဏာရှင်အုပ်စိုးမှု’ ဆိုတာနဲ့ ဖုံးကွယ်ထားပြီး အမေရိကန်ပြည်ထောင်စုက ဗြောင်ကျကျ ဗိုလ်ကျနေတာပါ။

ဒီနေ့ကာလမှာ စစ်ရေးအရ အကြမ်းဖက်ကျူးကျော်မှု၊ ကုန်သွယ်ရေးဗိုလ်ကျမှု၊ မဟာဗျူဟာမြောက် သယံဇာတလုယက်မှု၊ နည်းပညာယှဉ်ပြိုင်မှုဟာ အမြင်သာဆုံးမျက်နှာစာ ဖြစ်ပါတယ်။ အမေရိကန်ဟာ သူ့ရဲ့ အဆင့်နေရာကို ကာကွယ်ထိန်းသိမ်းဖို့ တစ်ဖက်မှာ အသဲအသန်ကြိုးပမ်းနေသလို အခြားတစ်ဖက်မှာလည်း အရှိန် အဟုန်နဲ့တိုးတက်လာနေတဲ့ တရုတ်ပြည်ကိုလည်း အတိုင်းအတာကြီးမားတဲ့ ပိတ်ပင်ကန့်သတ်တားဆီးမှုတွေ စဉ် ဆက်မပြတ် လုပ်ဆောင်နေတာပါ။ ဒီဂယက်တွေဟာ ကမ္ဘာနဲ့အဝန်းကို နေ့စဉ် သက်ရောက်နေတာပါ။

အဲဒီဂယက်တွေရဲ့ ရိုက်ခတ်သက်ရောက်မှုတွေကို ကျနော်တို့တိုင်းပြည်လို နိုင်ငံတွေက အခြားနိုင်ငံတွေ ထက်ပိုပြီး ထိခိုက်ခံစားရပါတယ်။ ဘာကြောင့်လဲ။ ကျနော့်အမြင်အရ အကြောင်းအချက် (၄)ခုရှိပါတယ်။
– ပထမအချက်က ပြည်သူက လေးစားယုံကြည် ထောက်ခံတဲ့ အစိုးရတစ်ရပ် မရှိတာပါ။
– ဒုတိယအချက်က ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ သဲသန် ပြင်းထန်နေတာပါ။
– တတိယအချက်က ကုန်ထုတ်စွမ်းအားစု (လူ + ကိရိယာ + နည်းပညာအတတ်ပညာ) ခေတ်နောက်ကျနေတာပါ။
– စတုတ္ထအချက်က အရင်းအနှီးမှန်သမျှဟာ စစ်ဗြူရိုကရက်တွေနဲ့ ခရိုနီတချို့ကပဲ ချုပ်ကိုင်ပိုင်ဆိုင်ထားတာပါ။

မင်းအောင်လှိုင်ဟာ တောင်ပြေးလိုက်မြောက်ပြေးလိုက်နဲ့ သူ့အာဏာ (စစ်အာဏာရှင်စနစ် သားစဉ်မြေး ဆက်အာဏာ) တည်တံ့ခိုင်မြဲရေးအတွက် အရှေ့/အနောက်၊ ဝဲ/ယာ မခွဲတော့ဘဲ အကူအညီတွေ အပူတပြင်း လိုက် တောင်းခံနေရပါတယ်။ အာဆီယံထဲမှာလည်း သူ့ဘက်က ရပ်တည်နိုင်မယ်ထင်တဲ့ (ထိုင်း – လာအို -ဗီယက်နမ် – ကမ္ဘောဒီးယား) တို့ကို ပြေးပြီး မျက်နှာချိုသွေးရတာပါ။ အိမ်နီးချင်း တရုတ်နဲ့ အိန္ဒိယကလည်း သူထင်သလို မဖြစ် ခဲ့ပါဘူး။ ကြည့်ရတာ (တရုတ်နဲ့ အိန္ဒိယ)က တိုက်တွန်းအကြံပြုတာတွေကို မင်းအောင်လှိုင် လုပ်ပြနိုင်ဖို့ ကြီးမား တဲ့ အခက်အခဲတွေ များများစားစား ရှိနေဟန်တူပါတယ်။

“ရွေးကောက်ပွဲ”နဲ့ မျက်လှည့်ပြလိုက်ရင် အိမ်နီးချင်းနဲ့ နိုင်ငံတကာက ဗိုလ်သန်းရွှေနဲ့ ဗိုလ်သိန်းစိန် – ဗိုလ် ရွှေမန်း အကူးအပြောင်းကာလလို ဖြစ်လာနိုင်မလားဆိုပြီး မင်းအောင်လှိုင် စိတ်ကူးယဉ်ခဲ့ပုံပေါ်ပါတယ်။ နိုင်ငံတ ကာအခြေအနေက ပြောင်းသွားပါပြီ။ တချို့သော နိုင်ငံရေးပါတီတွေကလည်း ဗိုလ်သိန်းစိန် – ဗိုလ်ရွှေမန်း အကူး အပြောင်းကာလလို ဖြစ်လာမလား မျှော်လင့်ချက်နဲ့ မင်းအောင်လှိုင်ရဲ့ အထွေထွေရွေးကောက်ပွဲကို မျှော်လင့်ခဲ့ ကြတယ်။ သူတို့လည်း တွက်ကိန်းလွဲခဲ့ကြပုံပေါ်တယ်။ မင်းအောင်လှိုင်အနေအထားက ဟို ၂၀၁၀ – ၂၀၁၁ ကလို အနေအထားမဟုတ်ပါဘူး။

အဓိကအချက်က ပြည်သူအများစုက သူ့အပေါ် လုံးဝ အယုံအကြည်ကင်းမဲ့နေတာပါ။

အင်မတန်ဆိုးဝါးသွားစေတဲ့အချက်က ၂၀၂၀ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းပစ်တာ၊ ဒီချုပ်ပါတီအစိုးရ ခေါင်းဆောင်တွေကို ဖမ်းဆီးပြီး အာဏာသိမ်းပိုက်တာနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ပြည်သူတွေကို အကြမ်းဖက်တာပါ ပဲ။ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ဖျက်သိမ်းတဲ့ကာလနဲ့ ၂၀၁၀ -၂၀၁၁ ဗိုလ်သန်းရွှေအခင်းအကျင်းက အချိန်ကာလ အားဖြင့် နှစ်ပေါင်း ၂၀ ကွာဟပါတယ်။ ဒီချုပ်ပါတီဟာ သူတို့ တစိုက်မတ်မတ်ကိုင်စွဲထားတဲ့ သဘောထားကို ပြောင်းလဲနိုင်လို့သာ ဗိုလ်သန်းရွှေခင်းတဲ့ အခင်းအကျင်းက တစ်စုံတစ်ရာ ချောမွေ့သွားတာပါ။

အဲဒီအတွက် ဒီချုပ်ပါတီဘက်က ရွှေဂုံတိုင်ကြေညာချက်ကို ပြောင်းလဲပေးလိုက်ရပါတယ်။

အခုကာလမှာ အဲဒီလို ပြောင်းလဲပေးစရာ ဘာအကြောင်းအချက်မှ ဒီချုပ်ပါတီဘက်မှာ ဘာမှမရှိပါဘူး။ မတရားဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ ဒေါ်အောင်ဆန်းစု – ဦးဝင်းမြင့် အပါအဝင် နိုင်ငံရေးခေါင်းဆောင်တွေကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးဖို့နဲ့ သူတို့နဲ့ဆွေးနွေးဖို့ပဲ လက်ရှိ NLD က တောင်းဆိုနေတာ မဟုတ်ပါလား။

ဒီအချက်ဟာ လက်ရှိပြဿနာတွေကို ဖြေရှင်းနိုင်ရေးအတွက် မဖြစ်မနေ စတင်ရမယ့် ‘စ’ မှတ်ပါပဲ။ ဒီ ‘စ’ မှတ်ကို လုပ်ဆောင်ပေးရမယ့်သူဟာ မင်းအောင်လှိုင်ပဲ။ ဒါကို မင်းအောင်လှိုင် မလုပ်ရဲဘူးဖြစ်နေတာပါ။

စစ်အုပ်စုရဲ့ လက်ရှိပေါ်လစီတွေအတိုင်းသာဆိုရင် မြန်မာပြည်ဟာ ဘာမှစိတ်ချလို့မရနိုင်ဘူး ဆိုတာကို တရုတ်တို့ – ရုရှတို့ – အိန္ဒိယတို့ ကောင်းကောင်းသိကြပါတယ်။
ထို့အတူ လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေနဲ့ ပြေလည်မှုကလည်း ရေရှည်ခံမှာမဟုတ်ဘူးဆိုတာကို အိမ်နီး ချင်းတွေဖြစ်တဲ့ တရုတ် – အိန္ဒိယ – ထိုင်းတို့က ကောင်းကောင်းသိပါတယ်။

ကျနော်တို့အနေနဲ့ အရိုးစွဲသလိုဖြစ်နေတဲ့ အစဉ်အလာအထိုင်တွေကနေ ရွှေ့လျားပြောင်းလဲကြဖို့ လိုအပ် ပါတယ်။ “တရုတ်ဆန့်ကျင်သူ – အမေရိကန်ဆန့်ကျင်သူ” ဆိုတဲ့ အထိုင်တွေအစား လက်ရှိ အမေရိကန် – တရုတ် ဘက်စုံပြိုင်ဆိုင်မှုထဲကနေ ကိုယ့်တိုင်းပြည်နဲ့လူမျိုးပေါင်းစုံပြည်သူများအတွက် လက်ရှိဆင်နွှဲနေတဲ့ တော်လှန်ရေး အတွက် အကျိုးရှိတဲ့ဘက်က ဘာလဲ။ အကျိုးမဲ့စေတဲ့အချက်က ဘာလဲဆိုတာကို စိစစ်ရွေးချယ် ခွဲထုတ်ပြီး အကျိုးရှိတဲ့အပိုင်းကို အကျိုးရှိတဲ့အတိုင်းအတာအလျောက် ထောက်ခံကြပြီး အကျိုးမဲ့စေတဲ့အပိုင်းကိုလည်း အကျိုးမဲ့စေတဲ့ အတိုင်းအတာအလျောက်ပဲ ကန့်ကွက်ကြမယ်ဆိုတဲ့ ပြောင်းလဲပြင်လွယ် အထိုင်ဘက်ကို ပြောင်း လဲကြဖို့ လိုအပ်ပါတယ်။

အတိတ်သမိုင်းလက်တွေ့ကိုပဲကြည့်ကြည့်၊ ပစ္စုပ္ပန်လက်တွေ့ကိုပဲကြည့်ကြည့် အမေရိကန်နဲ့ရုရှ ပဋိက္ခမှာ ဖြစ်စေ၊ အမေရိကန်နဲ့တရုတ် ပဋိပက္ခမှာပဲဖြစ်စေ သူတို့ချင်းဟာ အကျိုးစီးပွား မိတ်ဖက်ကျတဲ့အရာတွေကို တစ်ဖက်မှာ ထိန်းသိမ်းထားကြပြီး ရန်ဖက်ဖြစ်နေတဲ့ဘက်တွေမှာလည်း အကန့်အသတ်နဲ့ ပွတ်တိုက်မှုတွေကိုပြု လုပ်နေကြတာကိုတွေ့ရမှာဖြစ်ပါတယ်။ ဆိုလိုချင်တာက သူတို့အကြားမှာ “ထာဝရ မိတ်ဆွေ – ထာဝရရန်သူမရှိ – ထာဝရအကျိုးစီးပွားသာရှိတယ်” ဆိုတဲ့မူနဲ့ လက်ငင်းအခြေအနေနဲ့ လိုအပ်ချက်အပေါ်မူတည်ပြီး သူတို့အကြားက ဆက်ဆံရေးတွေကို စီမံခန့်ခွဲနေကြတာပဲ မဟုတ်ပါလား။

ဒီတော့ ကျနော်တို့ဟာ အရိုးစွဲနေတဲ့ (တရုတ်ဆန့်ကျင်သူ – အမေရိကန်ဆန့်ကျင်သူ) အထိုင်အသေနဲ့ တစ် ဖက်နဲ့တစ်ဖက် “တရုတ်လူ – အမေရိကန်လူ” ဆိုပြီး အပြန်အလှန် ရန်လုပ်နေကြရတာမျိုးကို ချန်ထားရစ်ဖို့ အချိန် တန်ပါပြီ။

စစ်အာဏာရှင်စနစ် အကုန်အစင် တိုက်ဖျက်ရေး – စစ်မှန်တဲ့ ပါတီစုံဒီမိုကရေစီစနစ်နဲ့ စစ်မှန်တဲ့ပြည် ထောင်စုစနစ် တည်ဆောက်ရေးဆိုတဲ့ ကျနော်တို့ရဲ့ ထာဝရအကျိုးစီးပွားကို အင်အားစုအားလုံးက တည့်တည့် မတ်မတ် ကြည့်နိုင်ကြဖို့ လိုအပ်ပါတယ်။ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်။

ဂျပန်ဟာ စစ်အုပ်စုအဆက်ဆက်အတွက် အားကိုးမှီခိုရာနိုင်ငံတစ်ခုပါ။ ဒါပေမယ့် ဒီနေ့ကာလအနေ အထားမှာတော့ မင်းအောင်လှိုင်ဟာ ဂျပန်ကို ဗြောင်မျက်နှာချို မသွေးဝံ့ပါဘူး။ ဒါဟာ ရုရှတို့ – တရုတ်တို့ရဲ့ သမိုင်း ကြောင်းနဲ့ လက်ရှိ ဂျပန်ဝန်ကြီးချုပ်ရဲ့ စစ်ဝါဒပေါ်လစီသစ်တွေကြောင့်ပါပဲ။ မစ္စတာ ဆာဆာကာဝါဟာ (NCA) စာချုပ်ရဲ့ ဂုဏ်သိက္ခာရှိ သက်သေတွေထဲက တစ်ဦးဖြစ်ပါတယ်။ မစ္စတာဆာဆာကာဝါဟာ မြန်မာ့ငြိမ်းချမ်းရေး သက်သက်အတွက် မေတ္တာရှိကူညီနေတာမဟုတ်ဘူးဆိုတာ နိုင်ငံရေးဗဟုသုတရှိသူတိုင်းသိနိုင်ပါတယ်။ မစ္စတာ ဆာဆာကာဝါဟာ လက်ရှိဂျပန်အစိုးရရဲ့ လက်ရှိပေါ်လစီနဲ့အကျိုးစီးပွား တွေကို တာဝန်အရကိုယ်စားပြု ထားရ တာပါ။ အဲဒီအတွက် မြန်မာပြည်ကိုလာရတာပါ။ ဘင်္ဂလားဒေ့ရှ်ကိုသွားရတာပါ။ (ULA/AA)နဲ့ မင်းအောင်လှိုင် အကြား ညှိနှိုင်းပေးဖို့ သက်သက်မဟုတ်ပါဘူး။ ဂျပန်ရဲ့ခြေလှမ်းကို တရုတ်တို့ ရုရှတို့ မြောက်ကိုးရီးယားတို့က အမေရိကန်ပြည်ထောင်စုရဲ့လက်ရှိ ပေါ်လစီတွေနဲ့ တွဲပြီးကြည့်နေကြတာပါ။

ကျနော်တို့ဒီမိုကရေစီတော်လှန်ရေးလှုပ်ရှားမှုတွေထဲက လူတွေ ကြည့်မြင်အကဲဖြတ်နေကြသလို “ငါတို့ ဒီမိုကရေစီအရေးကို ထောက်ခံသူလား – စစ်အုပ်စုနဲ့ပူးပေါင်းပြီး သူတို့အကျိုးစီးပွားရှာနေသူလား” ဆိုတဲ့ အပေါ်ယံ လောက်နဲ့ ဓမ္မလာား – အဓမ္မာလား ဆိုတဲ့ စည်းကြောင်းသားပြီး ပြည်ပနိုင်ငံတွေကို တစ်ဖက်သတ် တစ်ကြောင်း တိုက်ကြည့်နေလို့ မဖြစ်နိုင်ပါဘူး။ တစ်ကမ္ဘာလုံးဆိုင်ရာ သို့မဟုတ် ဒေသတွင်းဆိုင်ရာ အကျိုးစီးပွားခြေလှမ်းတွေ နဲ့ ဆက်စပ်ကြည့်ကြဖို့လိုအပ်ပါတယ်။

ကျနော်တို့ အရေးအရာတွေမှာ ပါဝင်နေတဲ့ ဘယ်ပြည်ပနိုင်ငံကိုမဆို “ရွှေစွန်ညို ဘာကိုလိုလို့ ဝဲသလဲ – ဘာအကျိုးလိုလို့ ညောင်ရေလောင်း ဆုတောင်းနေသလဲ” ဆိုတဲ့ အချက်ကို မြင်အောင် ကြည့်ကြရမယ် မဟုတ်ပါ လား။

လက်ရှိ စစ်အုပ်စုအနေနဲ့ မင်းအောင်လှိုင်ကို ဖယ်ရှားပစ်တဲ့နည်းကိုလည်း စဉ်းစားသင့်တယ်။ လက်တွေ့ ကျင့်သုံးကြည့်သင့်တယ်။ စစ်အုပ်စုအကျိုးစီးပွားအတွက် ဗိုလ်စောမောင်တို့ ဗိုလ်ခင်ညွန့်တို့ကို ဖယ်ရှားပစ်ခဲ့တဲ့ အစဉ်အလာမျိုးလည်း စစ်အုပ်စုမှာရှိတာပဲလေ။ ဒီလို ဖယ်ရှားပစ်နိုင်မယ်ဆိုရင်တော့ ဒီနေ့စစ်အုပ်စုရင်ဆိုင်နေ ရတဲ့ အကျပ်အတည်းပေါင်းစုံကနေ ယာယီဖြစ်ဖြစ် ထွက်ပေါက်ရနိုင်စရာ အကြောင်းရှိပါတယ်။

မင်းအောင်လှိုင်ရဲ့ လက်ရှိပေါ်လစီတွေနဲ့ကတော့ ငြိမ်းချမ်းရေးမရနိုင်သလို တိုင်းပြည်တိုးတက်ဖွံ့ဖြိုးဖို့ လည်း ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါကို ရဲရဲမြင်ကြဖို့ပါ။