ဇူလိုင် (၃၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
မြဝတီမြို့နယ်၊ ကျောက်ခက်ဒေသရှိ အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများကို KNLA နှင့် PDF တပ်ဖွဲ့များက ငွေယူပြီး ကာကွယ်ပေးထားကြောင်း စစ်အုပ်စု၏စွပ်စွဲချက်အပေါ် ယနေ့ ဇူလိုင်(၃၁)ရက်နေ့တွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက တုံ့ပြန်ငြင်းဆို၍ နယ်မြေအတွင်းရှိ ကျားဖြန့်နှင့် ဆက်စပ်ရာဇဝတ်မှုများကို ဥပဒေအရ ပြင်းထန်စွာအရေးယူမည်ဟု တဆက်တည်း သတိပေးသည်။
ပြီးခဲ့သည့် ဇူလိုင်လ (၂၅)ရက်နေ့က ကျောက်ခက်ဒေသရှိ ကျားဖြန့်လုပ်ငန်းများကို စစ်အုပ်စုမှ နှိမ်နင်းခဲ့ရာ အခကြေးငွေယူပြီး ကျားဖြန့်ကို အကာအကွယ်ပေးထားသည့် KNLA နှင့် PDF တပ်ဖွဲ့များနှင့် နှစ်ပတ်တာ တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း ၎င်းတို့ထိန်းချုပ်ထားသော မီဒီယာများမှတဆင့် ဖော်ပြသည်။
အဆိုပါစွပ်စွဲချက်အပေါ် အခြေအမြစ်မရှိသည့်ပြောဆိုမှုအဖြစ် ကေအဲန်ယူက တုံ့ပြန်ရှုတ်ချထားသလို ကျောက်ခက်နှင့် (၃၆)မိုင်ဝေးသည့် ဖလူးလေးအနောက်ခြမ်းရှိ ကျားဖြန့်လုပ်ငန်းများစွာအနက် နေရာတစ်ခုကိုသာ စစ်အုပ်စုက ဟန်ပြနှိမ်နင်းခြင်းဖြစ်သည်ဟု ဆိုသည်။
ကေအဲန်ယူ၏ မြေပြင်အချက်အလက်များအရ ၎င်းနေရာကို ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်-DKBA က ထိန်းချုပ်ထားပြီး ၂၀၂၅ ခုနှစ်နှောင်းပိုင်းကတည်းက ရွှေကုက္ကိုလ်နှင့် KK Park ဘက်မှ ကျားဖြန့်များ ရွှေ့ပြောင်းအခြေချနေကြခြင်းဖြစ်ကြောင်း သိရသည်။
ထို့အတူ ကျောက်ခက်ဒေသအား အမေရိကန်ထံမှ ဒဏ်ခတ်ခံရသူ DKBA ခေါင်းဆောင် ဗိုလ်ချုပ်စိုင်းကျော်လှ က ကွပ်ကဲနေပြီး ကျောက်ခက်ရှိ ‘ထိုက်ချန်’ အမည်ရ ငွေလိမ်ခြံဝန်းမှာ သတင်းပေးမှုအတွက် ဆုကြေးငွေဒေါ်လာ(၁၀)သန်း ထုတ်ခံရသည်အထိ အမေရိကန်ဘက်က နှိမ်နင်းရေး အလိုရှိနေသည်။

ယင်းအချက်အပေါ် စစ်အုပ်စုက ရည်ရွယ်ချက်ရှိရှိဖြင့် နိုင်ငံတကာအာရုံစိုက်ခံနေရသည့် ကျောက်ခက် အမည်ခံထားကြောင်း ထုတ်ပြန်ချက်တွင် ထောက်ပြသည်။
စစ်အုပ်စု၏စွပ်စွဲချက်နှင့်ပတ်သက်၍ နိုင်ငံရေးအကဲခတ် တရားလွှတ်တော်ရှေ့နေ စောဘဦးလေးက “ကရင်ပြည်နယ်မှာ အွန်လိုင်းလောင်းကစား စအခြေချတာ ဘယ်အဖွဲ့လည်းဆိုတာ အားလုံးသိပြီးသား။ ဒါဟာ အရင်တုန်းက နယ်ခြားစောင့်တပ်နဲ့ပြည်သူ့စစ်ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ်မောင်မောင်အုန်းဆိုတာ မမေ့ဖို့လိုတယ်။ နောက်ပြီး ကေအဲန်ယူဆိုတာ လောင်းကစားနဲ့ပတ်သက်ရင် အခြေပြုလုပ်နေတဲ့အဖွဲ့အစည်းလည်း မဟုတ်ဘူး” ဟု ကေအိုင်စီကို မှတ်ချက်ပေးသည်။
ထို့အပြင် ထုတ်ပြန်ချက်တွင် စစ်အုပ်စု၊ DKBA နှင့် ကရင်နယ်ခြားစောင့်တပ်-BGF တို့ပူးပေါင်း၍ ကျားဖြန့်နှိမ်နင်းရေးကို အမြစ်မဖြတ်၊ ဟန်ပြသာ လုပ်ဆောင်နေခြင်းကြောင့် ပြည်တွင်းအထိ လုပ်ငန်းကျယ်ပြန့်လာသလို ဒေသခံများထံမှ မြေယာအတင်းအဓမ္မဝယ်ယူခြင်းနှင့် လူနေမှုဘဝအထိ လုံခြုံရေးခြိမ်းခြောက်ခံနေရသည်ဟု ကေအဲန်ယူက ဆိုသည်။
ယင်းကြောင့် ကေအဲန်ယူအုပ်ချုပ်နယ်မြေများတွင် ကျားဖြန့်အပါအဝင် ဆက်စပ်ရာဇဝတ်မှုလုပ်ငန်းများကို ရာဇဝတ်ဥပဒေအရ ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဖြစ်သလို ပြည်သူများအနေဖြင့် မြေယာကိစ္စအပေါ် သက်ဆိုင်ရာ ကေအဲန်ယူတာဝန်ရှိသူများထံ ပေးပို့တိုင်ကြားရန်လည်း အသိပေးတိုက်တွန်းထားခြင်း ရှိသည်။
အလားတူ အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများသည် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများ အမြစ်ပြတ်ချေမှုန်းနိုင်ရေး မြေပြင်တွင်တကယ်အလုပ်လုပ်နေသည့် အဖွဲ့များနှင့်ပူးပေါင်းလုပ်ဆောင်ပြီး စစ်အုပ်စု၏ဟန်ပြလုပ်ရန်များကို စိစစ်နိုင်ပါရန် ကေအဲန်ယူက တောင်းဆိုသည်။



















