Home သတင်း စစ်ကောင်စီ၏ နယ်စပ်ခြေကုပ် မော်ဖိုးကေစခန်းကို KNLA ပူးပေါင်းတပ် ဆက်လက်တိုက်ခိုက်

စစ်ကောင်စီ၏ နယ်စပ်ခြေကုပ် မော်ဖိုးကေစခန်းကို KNLA ပူးပေါင်းတပ် ဆက်လက်တိုက်ခိုက်

597
Photo: Social Media

မေ ၁၉ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်အနီးရှိ စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ခလရ-၂၄ ခြေကုပ်ယူထားသော မော်ဖိုးကေစခန်းကို ယနေ့ မေလ ၁၉ ရက်နေ့ မွန်းလွဲပိုင်းမှစတင်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များက ဆက်လက်တိုက်ခိုက်လျက်ရှိကြောင်း မြေပြင်သတင်းအရ သိရသည်။

KNLA၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDO တို့ပါဝင်သည့် ပူးပေါင်းတပ်ဖွဲ့က ကရင်အမျိုးသားအစည်း အရုံး-ကေအဲန်ယူ တပ်မဟာ(၇)ထိန်းချုပ်နယ်မြေ၊ ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်ရှိ နယ်စပ်ခြေ ကုပ်စခန်းများကို ၃ လအတွင်း ဆက်တိုက် တိုက်ခိုက်လာရာ ပြီးခဲ့သည့် မေလ ၁၆ ရက်နေ့ကအထိ စစ်ကောင်စီ၏ မော်ကွီးလုစခန်းကို နောက်ဆုံးသိမ်းယူရရှိထားသည်။

မကြာသေးမီက စခန်းသိမ်းတိုက်ပွဲများကဲ့သို့ မော်ဖိုးကေစခန်းကိုလည်း KNLA ပူးပေါင်းတပ်မှ ဒရုန်းများအသုံးပြု တိုက်ခိုက်နေခြင်းဖြစ်သည်ဟုလည်း စစ်မြေပြင်သတင်းအရင်းအမြစ်က ဆိုသည်။

Photo: Social Media

ကေအဲန်ယူအနေဖြင့် နယ်မြေတွင်း စစ်ကောင်စီတပ်စခန်းများကင်းစင်ရေးကို အဓိက ရည်မှန်းချက်ထား၍ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ယခုလိုနယ်စပ်စခန်းများ တောက်လျှောက်သိမ်းပိုက်ရရှိမှုအပေါ် ကေအဲန်ယူ ပြောခွင့်ရ ပဒိုစောကလယ်စေးက မေလ ၁၆ ရက်နေ့က လူထုနွေဦးသတင်းဌာန၏ မေးမြန်းမှုအား ဖြေကြားထားသည်။

ထို့အပြင် တိုက်ပွဲကြောင့် ထိုင်းနိုင်ငံ မယ်လမြို့နယ်ခွဲအတွင်း စစ်ဘေးရှောင် ၂၁၇ ဦး ဝင်ရောက်လာသည်ဟုလည်း ထိုင်းမီဒီယာများနှင့်အာဏာပိုင်အချို့၏လူမှုကွန်ရက်မီဒီယာမှ ဖော်ပြချက်အရ သိရသည်။ အမျိုးသမီးများ၊ ကလေးငယ်အများစုပါဝင်နေသည့် စစ်ရှောင်များကို အာဏာပိုင်များက အကူအညီပေးထားသည်ဟု ဆိုသည်။

KNLA ပူးပေါင်းတပ်က လပိုင်းအတွင်း တပ်မဟာ(၇) နယ်စပ်တစ်လျှောက်ရှိ မော်ဖားသူ၊ တာလယ်၊ တခေါ်ဘီခွီး၊ ပူလူတူ၊ ခလယ်ဒေး၊ မော်ကွီးလု၊ လေးဂေါ် အစရှိသည့် စစ်ကောင်စီ၏တပ်စခန်းများကို သိမ်းယူထားပြီးဖြစ်သည်။