နိုဝင်ဘာ (၁၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ် (၅) ရပ်ကွက်၊ ပတ္တမြားဆီဆိုင် (၁၃) ဂိတ်လမ်းရှိ ဒီဟောင် (Dihao) အမည်ရ ကေတီဗွီတွင် တရားမဝင်နေထိုင်သည်ဟုဆိုကာ နိုင်ငံခြားသား (၂၉) ဦးကို ဗိုလ်မှူးကြီး စောချစ်သူ၏ KNA အဖွဲ့ဝင်များက နိုဝင်ဘာ(၁၃)ရက်နေ့တွင် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း KNA နှင့်နီးစပ်သည့် သတင်းအရင်းအမြစ်က ပြောသည်။
စစ်အုပ်စုနှင့် ကရင်လက်နက်ကိုင်များပါဝင်သော အဖွဲ့က ညအချိန် မြို့အတွင်း ကင်းလှည့်စဥ် သတင်းရ၍ အဆိုပါ KTV သို့ ဧည့်စာရင်းအကြောင်းပြ ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။ ထို့နောက် တရားမဝင်နေထိုင်သူ တရုတ်လူမျိုးအပါအဝင် နိုင်ငံခြားသား(၂၉)ဦးကို တွေ့ရှိသည်ဟုဆိုကာ KNA မှ လက်လွှဲယူခဲ့ပြီး တပါတည်း ဖမ်းဆီးသွားသည်ဟု အဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။
“KNA နဲ့ ပတ်သက်တဲ့နေရာဆိုတော့ KNA ကပဲ လာပြီး တရုတ် (၅) ယောက်ရယ် ကျန်တဲ့နိုင်ငံခြားသား(၂၄)ယောက်ရယ်ကို လာဖမ်းခေါ်သွားတယ်။ သူတို့ပဲ ဆက်ပြီးကိုင်တွယ်မယ်လို့ပြောတယ်” ဟု ၎င်းက ပြောသည်။
သို့ရာတွင် ယင်း KTV သည် ထိုင်းနိုင်ငံမှ လူကုန်ကူးလာသူများနှင့် ကျားဖြန့်အလုပ်သမား နိုင်ငံခြားသားများကို ယာယီထိန်းသိမ်းထားသည့်နေရာ ဖြစ်ကြောင်း နယ်စပ်က အွန်လိုင်းငွေလိမ်ဂိုဏ်း(ကျားဖြန့်)တွင် လုပ်ကိုင်ဖူးသည့် သတင်းအရင်းအမြစ်များ ပြောပြချက်အရ သိရသည်။
တရုတ်လူမှုကွန်ရက်များပေါ်တွင်လည်း အဆိုပါဖြစ်စဥ်ကို တရုတ်စာဖြင့်ဖြန့်ဝေနေကြခြင်းရှိသလို KK Park ကဲ့သို့ အလားတူ မြဝတီတွင် ကျားဖြန့်ဂိုဏ်းနှိမ်နင်းရေး လုပ်ဆောင်လာနိုင်သဖြင့် ထိုနောက်ပိုင်း ကျားဖြန့်လုပ်ငန်းခွင်အချို့မှာ မြဝတီမှ နေရာရွှေ့ပြောင်းနေကြသည်ဟု ဆိုသည်။

ကေအိုင်စီ-ကရင်သတင်းဌာနအနေဖြင့်မူ ထိုဖြစ်စဥ် ကိုင်တွယ်သည့်အခြေအနေကို သိရှိနိုင်ရန် BGF/KNA ပြောရေးဆိုခွင့်သူများထံ ကြိုးပမ်းဆက်သွယ်နေသည်။
ကရင်နယ်ခြားစောင့်တပ်-BGF/ကရင်အမျိုးသားတပ်မတော်-KNA မှ ထိပ်ပိုင်းခေါင်းဆောင်များသည် နယ်စပ်မှ လူမှောင်ခိုကူးမှုနှင့် ကျားဖြန့်ဂိုဏ်းများတွင် ဆက်စပ်ပါဝင်မှုဖြင့် အမေရိကန်နှင့်အီးယူထံမှ ဒဏ်ခတ်ပိတ်ဆို့မှု ခံခဲ့ရဖူးသလို နိုင်ငံတကာတွင်လည်း နာမည်ဆိုးထွက်ထားသူများ ဖြစ်သည်။
လတ်တလောတွင်လည်း ထိုင်း-မြန်မာနယ်စပ်ရှိ ငွေလိမ်ဂိုဏ်း ထိုက်ချန်နှင့်ပတ်သက်၍ အမေရိကန်ထံ သတင်းပေးရန် ဒေါ်လာ ၁၀ သန်း ဆုကြေးငွေ ကြေညာချက်ကို သံရုံး၏လှုမှုကွန်ရက်မှ ထပ်မံမျှဝေခြင်း ရှိနေသည်။
ထို့အတူ မြဝတီ မြို့ပြင်ရှိ စစ်မှုထမ်းဟောင်း၊ မြေနီကုန်း၊ တောင်ကလေးတိုးချဲ့၊ မြစန္ဒီ ဂေါက်ကွင်းကွက်သစ်၊ အောင်မြေ ရွှေဘုံရပ်ကွက်များရှိ ကရင်လက်နက်ကိုင်အဖွဲ့အစည်းပိုင် အိမ်၊ ခြံ၊ ဟိုတယ်နှင့် စားသောက်ဆိုင်များတွင် ကျားဖြန့်အလုပ်သမားများကို လက်ခံထားရှိသော်လည်း စစ်အုပ်စု၏စစ်ဆေးဖမ်းဆီးမှုအောက်မှ ကင်းလွတ်ခွင့်ရနေသည်ဟု နီးစပ်သည့်မြို့ခံသတင်းအရင်းအမြစ်က ပြောသည်။


















