Home သတင်း ဖိုးလမိုင်းတွင် တရုတ်နိုင်ငံသားများ ရောက်ရှိနေသည့်သတင်း မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ငြင်းဆို၊ သတင်းထောက်များကို မြေပြင်ဆင်းလေ့လာရန် ဖိတ်ခေါ်

ဖိုးလမိုင်းတွင် တရုတ်နိုင်ငံသားများ ရောက်ရှိနေသည့်သတင်း မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ငြင်းဆို၊ သတင်းထောက်များကို မြေပြင်ဆင်းလေ့လာရန် ဖိတ်ခေါ်

20

နိုဝင်ဘာ ၁၅ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင် အရှေ့တောဒေသရှိ ဖိုးလမိုင်း (ခဲမိုင်း) လုပ်ကွက်တွင် တရုတ်နိုင်ငံသား ရာနှင့်ချီ ရောက်ရှိနေသည်ဟု ဒေသတွင်း သတင်းဌာနတစ်ခု၏ ဖော်ပြချက်အပေါ် ကေအဲန်ယူ မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နာက ငြင်းဆိုလိုက်သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၂ ရက်နေ့က Dawei Watch သတင်းဌာန၏ ဖော်ပြချက်တွင် ဖိုးလမိုင်း (ခဲမိုင်း) လုပ်ကွက်အတွင်း တရုတ်နိုင်ငံသား တစ်ရာနီးပါးခန့် နေထိုင်ကာ သတ္တုတူးဖော်ခြင်းအပြင် အွန်လိုင်း ငွေလိမ်လုပ်ငန်း (ကျားဖြန့်) နှင့် ကာစီနိုလုပ်ငန်းများ လုပ်ကိုင်ရန် အဆောက်အအုံသစ်များ ဆောက်လုပ်နေကြောင်းနှင့် ကေအဲန်ယူ တပ်ဖွဲ့ဝင်များက လုံခြုံရေးယူ၍ ဒေသခံများအား ဝင်ခွင့်ပိတ်ပင်ထားကြောင်း ဖော်ပြထားသည်။

အဆိုပါ ဖော်ပြချက်သည် နယ်မြေ၏ မြေပြင်အခြေအနေကို သတင်းထောက်ကိုယ်တိုင် လာရောက်လေ့လာ အတည်ပြုရေးသားထားခြင်း မဟုတ်သည့်အတွက် တိကျမှန်ကန်မှုမရှိသလို အခြေအမြစ်မရှိသည့် သတင်းတစ်ပုဒ်သာဖြစ်ကြောင်း ပဒိုစောအယ်နားက နိုဝင်ဘာလ ၁၃ ရက်နေ့ တွင် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ပြန်လည်တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။

၎င်းက ” ထားဝယ်ဝပ်ချ် (Dawei Watch) ဖော်ပြသော တရုတ်နိုင်ငံသားများ တစ်ရာနီးပါးသည် အရှေ့တော ဖိုးလမိုင်း (ခဲမိုင်း) လုပ်ကွက်တွင် အလုပ်လာလုပ်သည့်သတင်းနှင့် ကျားဖြန့်ကိစ္စသည် အခြေအမြစ်မရှိ၊ မတိကျမသေချာသော သတင်းတစ်ပုဒ်ဖြစ်ပါသည်။” ဟု ၎င်း၏ လူမှုကွန် ရက်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။

ထို့အပြင် တော်လှန်ရေးအဖွဲ့အစည်းများအပေါ် အခြေအမြစ်မရှိ အပြစ်ရှာမေးမြန်းခြင်း၊ အုပ်ချုပ်ရေး လုပ်ငန်းစဉ်များကို တရားမဝင်ဟု ဖော်ပြခြင်းနှင့် လူထုနှင့် တော်လှန်ရေးအဖွဲ့များကြား အထင်အမြင်လွဲ မှားစေသည့် အပျက်သဘောဆောင်သော ရေးသားမှုများ ရှိနေခြင်းကြောင့် Dawei Watch သတင်းဌာန၏ စာပို့ဆက်သွယ်မေးမြန်းခြင်းကို ပြန်လည်ဖြေကြားမှု မပြုခဲ့ခြင်းဖြစ်ကြောင်းလည်း ထည့်သွင်းပြောဆိုထားသည်။

အလားတူ သတင်းဌာနအသီးသီးရှိ သတင်းထောက်များအနေဖြင့် ဖိုးလမိုင်း (ခဲမိုင်း) လုပ်ကွက်အခြေအနေကို စိတ်ဝင်စားပြီး တိကျမှန်ကန်သည့် သတင်းအချက်အလက်များ ရယူလိုပါက တပ်မဟာ (၄) နယ်မြေအတွင်းသို့ ကိုယ်တိုင်လာရောက် ကွင်းဆင်းလေ့လာနိုင်ကြောင်းနှင့် ၎င်းတို့ အနေဖြင့် နေရာအနှံ့ လိုက်လံပြသပေးသွားမည်ဖြစ်ကြောင်း ပဒိုစောအယ်နာက ထပ်လောင်းဖိတ်ခေါ်ထားသည်။

“သတင်းထောက်ကိုယ်တိုင် လာရောက်သတင်းယူရန် မြိတ်-ထားဝယ်ခရိုင်မှ ဖိတ်ခေါ်ပါတယ်။ နေရာအနှံ့ လိုက်လံပြသပေးမှာ ဖြစ်ပါတယ်” ဟု ပဒိုစောအယ်နာက ဆက်လက်ရေးသားဖော်ပြထားသည်။

သို့သော် မြေပြင်ကွင်းဆင်းရန် ဖိတ်ခေါ်မှုအပေါ် လက်ရှိနယ်မြေအခြေအနေအရ စစ်အုပ်စု ဂိတ်များနှင့် အခြားလက်နက်ကိုင်တပ်ဖွဲ့များ၏ နယ်မြေများကို ဖြတ်သန်းသွားလာရမည်ဖြစ်သဖြင့် သတင်း ထောက်များ၏ လုံခြုံရေးကို ကေအဲန်ယူ တစ်ဖွဲ့တည်းအနေဖြင့် အာမခံနိုင်မည်မဟုတ်ကြောင်း Dawei Watch သတင်းဌာန၏ အယ်ဒီတာချုပ် ကိုကျော်ဆန်းမင်းက ကေအိုင်စီသို့ ပြောသည်။

“ကျနော်တို့ ဒီသတင်းမထုတ်ခင်မှာ KNU တာဝန်ရှိသူကို တရားဝင် ဆက်သွယ်ပြီး မေးမြန်းခဲ့ပါတယ်။ မီဒီယာကျင့်ဝတ်နဲ့အညီ ပြန်လည်ဖြေရှင်းနိုင်ခွင့် သူတို့ကိုပေးခဲ့ပါတယ်။ သူတို့မဖြေခဲ့တာပါ။ သူတို့ ဖြေမယ်ဆိုရင် ကျနော်တို့ဘက်က အင်တာဗျူးလုပ်ဖို့ အချိန်တိုင်းအသင့်ရှိပါတယ်” ဟု ၎င်းက ဆိုသည်။

ထို့အပြင် Dawei Watch အနေဖြင့် ပြည်သူကိုသာ မျက်နှာမူ၍ စုံစမ်းဖော်ထုတ်ရေးသားသည့် သတင်းမီဒီယာဖြစ်သည့်အတွက် အာဏာပိုင်အဖွဲ့အစည်းတစ်ခုခု၏ ခင်းကျင်းပြသမှုကိုသာ ရေးသား တင်ဆက်မည် မဟုတ်ကြောင်းလည်း ကိုကျော်ဆန်းမင်းက ဖြည့်စွက်ပြောဆိုသည်။

ဘိတ်-ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ် အရှေ့တောဒေသရှိ ဟိန္ဒား၊ ကျောက်မဲတောင်နှင့် တောင်သုံးလုံးကျေးရွာတို့သည် ခဲမဖြူအဓိကထွက်ရှိရာ ဒေသများဖြစ်သည်။

အဆိုပါ ဟိန္ဒား ကျေးရွာအုပ်စုအတွင်းရှိ သတ္တုမိုင်းတွင်းကို တောင်ပိုင်းကမ္ဘာကုမ္ပဏီက ၂၀၁၉ ခုနှစ်မှ ၂၀၃၀ ခုနှစ်အထိ တူးဖော်ခွင့်ရရှိထားသော်လည်း ဒေသတွင်းတိုက်ပွဲများကြောင့် ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းမှစတင်ကာ လုပ်ငန်းများ ရပ်နားထားခဲ့ရသည်ဟု ဒေသတွင်းသတင်းဖော်ပြချက်အရ သိရသည်။

ထို့နောက် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် စစ်အုပ်စုနှင့် တရုတ်ကုမ္ပဏီတို့ ပူးပေါင်းလုပ်ကိုင် နေသည်ဟုဆိုကာ ကော်သူးလေတပ်မတော် (KTLA) က အဆိုပါမိုင်းတွင်းအား မီးရှို့ဖျက်ဆီးခဲ့ခြင်း လုပ်ဆောင်မှု ပြုလုပ်ခဲ့သေးသည်။ ၂၀၂၅ ခုနှစ် ဝန်းကျင်တွင် ဒေသခံများကို တစ်နိုင်တစ်ပိုင် သတ္တုတူးဖော်ခွင့် ပြုထားရာမှ ၂၀၂၆ ခုနှစ်အတွင်း တရုတ်နိုင်ငံသားများ ဖြည်းဖြည်းချင်း ပြန်လည်ဝင်ရောက်လာခြင်းဖြစ်ကြောင်း Dawei Watch ၏ ဖော်ပြချက်အရ သိရသည်။

ထိုဒေသများအတွင်း မြေပြင်အခြေအနေ အသေးစိတ်သိရှိနိုင်ရန် ကေအဲန်ယူ မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နာကို ကေအိုင်စီက ကြိုးစားဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

တပ်မဟာ (၄) နယ်မြေတွင် ထိုင်း-မြန်မာကုန်သွယ်ရေး အချက်အချာဖြစ်သည့် အမှတ် (၈) ပြည်ထောင် စုလမ်းမကြီး တည်ရှိရာ စစ်အုပ်စု၏ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသည့် ဒေသတစ်ခုဖြစ်သည်။ လက်ရှိတွင်လည်း ကေအဲန်ယူ တပ်မဟာ (၄) အပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ တပ်ရင်း ၅ ရင်းနှင့် ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များ နယ်မြေစိုးမိုးလျက်ရှိသည့် နေရာတစ်ခုလည်း ဖြစ်သည်။