Home ဆောင်းပါး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ(SCEF)ရဲ့အလှည့် ဖြစ်လိမ့်မယ်

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ(SCEF)ရဲ့အလှည့် ဖြစ်လိမ့်မယ်

7

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး
ဦးဆောင်ကောင်စီ(SCEF)ရဲ့အလှည့် ဖြစ်လိမ့်မယ်

မောင်ကျော်စွာ

(၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၉ရက်)

ပြီးခဲ့တဲ့ နိုဝင်ဘာလ (၁၂)ရက်နေ့က ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ နေပြည်တော်ခရီးစဉ်အပြီးမှာ “မြန်မာဘက် က KNU နဲ့ KNPP တို့ကို ထိုင်းနိုင်ငံအတွင်း၌ တွေ့ဆုံဆွေးနွေးနိုင်ရေး ထိုင်းနိုင်ငံက အဆင်ပြေအောင် ကူညီစီစဉ်ပေး မည်ဆိုပါက အဆင်သင့်ရှိကြောင်း” ထိုင်းနိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkeow ကနေတစ်ဆင့် “စကား ထည့်”လိုက်ပါတယ်။

တကယ်တော့ မင်းအောင်လှိုင် စစ်အုပ်စုက စကားပြောပွဲဖြစ်လာအောင် ထိုင်းကို စီစဉ်ခိုင်းလိုက်တာပါပဲ။ ဟို နှစ်ဖွဲ့အပေါ် ထိုင်းရဲ့ဩဇာသက်ရောက်မှုကို မင်းအောင်လှိုင် စစ်အုပ်စုက သေချာတွက်ချက်ပြီး ဒီစကားကို နိုင်ငံခြား ဝန်ကြီးပါးစပ်ထဲထည့်လိုက်တာလို့ မြင်ပါတယ်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဘက်ကလည်း လိုလိုလားလားရှိတာ ပေါ်လွင်ပါတယ်။

ဒီလို လိုလားမှုဟာ မြန်မာနိုင်ငံရေးပဋိပက္ခ ပြေလည်စေရေး စေတနာသက်သက်ဆိုတာထက် မြန်မာနိုင်ငံက နေ သို့တည်းမဟုတ် မြန်မာနိုင်ငံရေးပဋိပက္ခကနေ သူတို့စဉ်ဆက်မပြတ် ရရှိနေတဲ့အကျိုးစီးပွားတွေ ဆက်လက်ရရှိ ရေး၊ တိုးချဲ့ရေး၊ ခိုင်မာရေး ဆိုတဲ့အခြေခံပေါ်ကနေ လာနေတာဖြစ်တယ် ဆိုတဲ့အချက်ကိုလည်း မပျက်မကွက် ထည့် စဉ်းစားဖို့ လိုအပ်ပါတယ်။

ဒါ့အပြင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်အစိုးရရဲ့ စစ်ရေး – ကုန်သွယ်ရေး ဗိုလ်ကျလွှမ်းမိုးမှုတွေကြောင့် ကမ္ဘာ့နိုင်ငံရေးစီးပွားရေး မတည်ငြိမ်မှုကြောင့်လည်း ကမ္ဘာပေါ်က တိုင်းပြည်တိုင်းမှာ ရိုက်ခတ်မှုမျိုးစုံကို နယ်ပယ် ပေါင်းစုံကနေ ကြုံတွေ့နေကြရပြီး အချို့နေရာတွေမှာဆိုရင် ဥရောပတိုင်းပြည်တွေမှာ ဆန္ဒပြပွဲတွေကနေ အကြမ်း ဖက်မှုတွေအထိ အရှိန်မြင့်သွားပါတယ်။ အာဆီယံနိုင်ငံတချို့မှာလည်း အလားတူ မငြိမ်မသက်မှုတွေ ဖြစ်ပွားခဲ့ပါ တယ်။

ဒါကြောင့် နိုင်ငံတိုင်းဟာ မိမိတိုင်းပြည်၊ မိမိပြည်သူ၊ မိမိအစိုးရ အကျိုးစီးပွားအတွက် အခွင့်သာချက်တွေကို အမိအရ ဆုပ်ကိုင်ကြမှာဖြစ်ပြီး မဖြစ်မနေ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေအတွက်လည်း ပြင်ဆင်ကြမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ကြာမြင့်လာပြီဖြစ်တဲ့ မြန်မာ့နိုင်ငံရေးပဋိပက္ခဟာ အိမ်နီးချင်း ထိုင်းနိုင်ငံအတွက် အကျိုးစီးပွားဖြစ် ထွန်းရာ အကြောင်းအချက်တစ်ခုလည်းဖြစ်ပါတယ်။ ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံ အုပ်စိုးသူအဆက်ဆက်ရဲ့ အုပ်စိုးမှုဟာ ပြည်တွင်းပဋိပက္ခကြောင့် “အသဲအသန်ဖြစ်နေချိန်လား” သို့တည်းမဟုတ် “ခြေခင်းလက်ခင်း သာနေချိန်လား” ဆိုတဲ့ ရာသီဥတု ၂ရပ်ကို ကောင်းကောင်း အကဲခတ်နိုင်ပြီး အခြေအနေနဲ့အညီ ဘယ်လိုဝင်ထွက်ရမလဲ ဆိုတဲ့ အသုံးချနိုင်စွမ်း ပီပီပြင်ပြင်ရှိတဲ့ အိမ်နီးချင်းတိုင်းပြည်တစ်ခုလည်း ဖြစ်ပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ စစ်အုပ်စုက ထည့်ပေးလိုက်တဲ့ စကားလို့ပဲဆိုဆို၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက စိတ်တူသဘောတူ လိုလိုလားလား သယ်ဆောင်လာတဲ့ အမှာစကားလို့ပဲဆိုဆို ဒီလိုလားမှုဟာ အထက်မှာ တင်ပြခဲ့တဲ့ အခြေအနေ အချက်အလက်တွေနဲ့ နီးနီးကပ်ကပ် ဆက်စပ်နေမယ်လို့ ယူဆပါတယ်။

ဒီပြောဆိုချက်အပေါ် သက်ဆိုင်ရာဘက်တွေဆီက တုန့်ပြန်မှုတွေ အစီအရီပေါ်ထွက်လာကို KIC – Karne News မီဒီယာကနေ တစ်ဆင့် အခုလို ကြားသိရပါတယ်။
(KNU) ဘက်က ပြောခွင့်ရ ပဒိုစောကလယ်စေးရဲ့ ကနဦး တုန့်ပြန်ပြောဆိုချက်မှာတော့

– “စစ်အုပ်စု စေတနာမှန်ရင် တွေ့ဆုံဆွေးနွေးရေး အောင်မြင်မယ်”လို့ ဆိုပေမယ့် နောက်ရက်မှာတော့ ပဒိုစော ကလယ်စေးက “ထိုင်းနိုင်ငံခြားရေးကနေပြီး ကျနော်တို့ကို အသိပေးတာရှိပါတယ်။ ကျနော်တို့ဘက်က တွေ့ ဆုံဆွေးနွေးမှုကိုလုပ်ခဲ့သော် SCEF အနေနဲ့ပဲ ကျနော်တို့ သွားဖို့လိုပါတယ်။ SCEF ရဲ့ အနေအထားကလည်း တစ်နိုင်ငံလုံးမှာ ကျယ်ပြန့်တယ်လို့ KNU ပြောခွင့်ရ ပဒိုစောကလယ်စေးက နောက်တစ်မျိုး ပြင်ဆင်ပြောဆို လာတာကို သတိပြုမိပါတယ်။

နိုဝင်ဘာလ ၈ရက်နေ့က တောင်ကိုရီးယားနိုင်ငံမှာ ပြုလုပ်တဲ့ (SCEF) ကိုယ်စားလှယ်များနဲ့ လူထုတွေ့ဆုံပွဲမှာ (SCEF) အတွင်းရေးမှူးအဖွဲ့ဝင် နဲနယ်ပလိုးက
– “ကျနော်တို့ရဲ့ ရန်သူက ကျနော်တို့ကို ခွဲဖို့က အမြဲတမ်းချောင်းနေတယ်။ အမြဲတမ်းပဲ ကြိုးစားနေတယ်။ သူတို့က တိုက်ရိုက် ကျနော်တို့ကို စစ်ရေးဖိအားနဲ့ နိုင်ငံရေးဖိအားနဲ့ ခွဲတဲ့နည်းလမ်းရှိသလို တခြားနိုင်ငံ တွေကို နိုင်ငံရေးနည်းနဲ့သုံးပြီးတော့ ကျနော်တို့ကို ဖဲ့ထုတ်လိုက်တဲ့ဗျူဟာမျိုးလည်း သွားတာတွေရှိတယ်။ အထူးသဖြင့် အခုဆိုလို့ရှိရင် တွေ့ဆုံဆွေးနွေးရေးဗျူဟာနဲ့ အတုအယောင် တွေ့ဆုံဆွေးနွေးရေးပေါ့။ ကျနော်တို့ကို လာချဉ်းကပ်တယ်။ (SCEF)အနေနဲ့ တစ်ခါမှ မချဉ်းကပ်ဘူး။ အဖွဲ့ဝင် အဖွဲ့အစည်းတွေပေါ့ အသီးသီးကို ဖဲ့ထုတ်ပြီးတော့ ချဉ်းကပ်တာတွေလည်း ရှိပါတယ်။ ဒါတွေကိုလည်း တွန်းလှန်ရပါမယ်။ (SCEF)အနေနဲ့ တွန်းလှန်ရပါမယ်။ ဒီဟာတွေအတွက်လည်း ကျနော်တို့ မဟာဗျူဟာရေးဆွဲထားတာ တွေ ရှိပါတယ်။ SCEF အထဲမှာ ပြောလေ့ရှိတဲ့ ဗျူဟာတစ်ခုရှိပါတယ်။ One policy – One strategy ဆိုတာ ရှိပါတယ်။ ပြောချင်တာကတော့ ဒီမူဝါဒတွေအားလုံးဟာ တစ်စုတစ်စည်းထဲ ချမှတ်ထားတဲ့ မူဝါဒ တွေဖြစ်တယ်။ ပြီးတော့ မဟာဗျူဟာတွေဆိုလို့ရှိရင်လည်း အားလုံးကို ကိုယ်စားပြုတဲ့ တစ်စုတစ်စည်း မဟာဗျူဟာတွေဖြစ်တယ်။ ကျနော်တို့ကို ခွဲထုတ်လို့မရအောင် ညီညွတ်တဲ့ပေါ်လစီနဲ့ ညီညွတ်တဲ့ မဟာ ဗျူဟာနဲ့ တုန့်ပြန်သွားဖို့ ချမှတ်ထားတာ ရှိပါတယ်” တဲ့။

ဒီတုန့်ပြန်မှု (၂)ခုအနက်(SCEF) အတွင်းရေးမှူးအဖွဲ့ဝင် နဲနယ်ပလိုးရဲ့ ပြောဆိုချက်ဟာ အကြောင်းအကျိုးဆီ လျော်သော တုန့်ပြန်ချက်ဖြစ်တယ်လို့ မြင်ပါတယ်။

ဘာကြောင့်လဲဆိုတော့ ဘုံရန်သူလို့ဆိုကြတဲ့ မင်းအောင်လှိုင် စစ်အုပ်စုရဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးကတစ် ဆင့် ပါးလိုက်တဲ့စကားဟာ KNU နဲ့ KNPP တို့နဲ့ တစ်ဖွဲ့စီ၊ သီးခြားစီ တွေ့ဆုံရေးဖြစ်ပါတယ်။

လက်တွေ့အားဖြင့် ဒီလုပ်ရပ်ဟာ (KIO) – (KNU) – (CNF) – (KARENNI) – (CRPH) – (NUG)တို့ကို ဖက်ဒ ရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)ဆိုပြီး စုစည်းထားတဲ့ စုဖွဲ့မှုကို ထိုးခွဲဖဲ့ထုတ်တာ ဖြစ်ပါတယ်။

နဲနယ်ပလိုးရဲ့ တုန့်ပြန်မှုက (SCEF) ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ ဆိုတဲ့ လက်ရှိ မိမိစုဖွဲ့မှုအပေါ်က၊ (One policy – One strategy) ဆိုတဲ့ အားလုံးကိုကိုယ်စားပြုတဲ့ တစ်စုတစ်စည်း မဟာ ဗျူဟာတွေပေါ်ကနေ ရပ်တည်ပြီး တည်ကြည်ပြတ်သားတဲ့ တုန့်ပြန်မှု ဖြစ်နေလို့ပါပဲ။

ဘုံရန်သူ မင်းအောင်လှိုင်စစ်အုပ်စုရဲ့ အဓိကနည်းလမ်းကတော့ “CRPH – NUG – PDF” တို့ကို အဓိကရန်သူ အဖြစ် ဦးတည်ဆန့်ကျင်ပြီး၊ ဝိုင်းပယ်ပြီး ကျန်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို ရသမျှ ခွဲထုတ်ရေး၊ ဖဲ့ထုတ်ရေးပဲ ဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ နွေဦးတော်လှန်ရေးကာလမှာ အသစ်ပေါ်ထွန်းလာတဲ့ နည်းလမ်းမဟုတ်ပါ ဘူး။ ၁၉၆၂ခုနှစ်၊ မတ်လနောက်ပိုင်းကစလို့ စစ်အုပ်စုအုပ်စိုးသူအဆက်ဆက် စွဲစွဲမြဲမြဲ ကိုင်စွဲကျင့်သုံးလာတဲ့နည်းလမ်း ပဲ ဖြစ်ပါတယ်။

ဒီ စစ်အုပ်စုရဲ့ ဒီနည်းလမ်းဟာ တချိန်က အင်အားကောင်းလှပါတယ်ဆိုတဲ့ တပ်ပေါင်းစုတွေဖြစ်တဲ့ DAB ကို NDF ကို NUCB ကို ထိုးခွဲနိုင်ခဲ့သလို “သူးမွဲကလိုးကြေညာချက်”လို နိုင်ငံရေးသဘောတူညီချက်ကိုလည်း တစ်ဦးတစ် ယောက်သဘော၊ တစ်ဖွဲ့ချင်းသဘောနဲ့ ချိုးဖောက်စေနိုင်ခဲ့ပါတယ်။

ပြင်ပက ရန်သူရဲ့ ထိုးဖောက်မှု ဖြိုခွဲမှု ဖဲ့ထုတ်မှုခံရတယ်ဆိုတာ မိမိတို့ရဲ့ စုစည်းညီညွတ်မှု မခိုင်မာခြင်းကသာ အရင်းခံ အကြောင်းအချက် ဖြစ်ပါတယ်။ ကိုယ်ခံအားနည်းတဲ့အခါ ရောဂါပေါင်းစုံဝင်ရောက် ကူးစက်နိုင်သလိုပါပဲ။ တစ်ဖွဲ့ချင်း အကျိုးစီးပွားကို စုပေါင်းအကျိုးစီးပွားရေးရဲ့အထက်မှာ ထားရှိလိုက်ကြတဲ့အခါ မိမိအဖွဲ့အစည်းကံကြမ္မာ ကို မိမိအဖွဲ့အစည်းကသာ ဆုံးဖြတ်မယ်ဆိုပြီး အားလုံးရဲ့စုစည်းမှု (ဝါ) ဘုံရန်သူဆိုတဲ့ ဦးတည်ချက်ကနေ ယိမ်းယိုင် သွေဖည်သွားကြတဲ့အခါ ရန်သူ့ဖဲ့ထုတ်မှု ဖြိုခွဲမှုအောက်မှာ တစ်ဖွဲ့စီ လည်စင်းပေးကြရတဲ့ အခြေအနေကို ဆိုက်ရောက် သွားကြတာဟာ မဝေးလှသေးတဲ့ အတိတ်သမိုင်းက အဖြစ်မှန်များပဲ ဖြစ်ပါတယ်။

ယနေ့ခေတ်ကာလအတွက် အလှည့်ကျလာတာကတော့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ(SCEF)ရဲ့အလှည့် ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ နဲနယ်ပလိုးရဲ့ ရပ်တည်ချက်နဲ့အမြင်မျိုး (SCEF) အဖွဲ့ဝင်တိုင်းက ကိုယ်စီ ခိုင်ခိုင်မာမာ စွဲကိုင်ထားနိုင်သမျှတော့ (SCEF) မကွဲနိုင်ပါဘူး။

ဘုံရန်သူ မင်းအောင်လှိုင်စစ်အုပ်စုရဲ့ အဓိကနည်းလမ်းကတော့ “CRPH – NUG – PDF” တို့ကို အဓိက ရန်သူ အဖြစ် ဦးတည်ဆန့်ကျင်ပြီး၊ ဝိုင်းပယ်ပြီး ကျန်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို ရသမျှ ခွဲထုတ်ရေး၊ ဖဲ့ထုတ်ရေးပဲ ဖြစ်ပါတယ်။

အိမ်နီချင်းတွေကလည်း သူတို့အကျိုးစီးပွားအတွက် မြော်မြင်ပြီး “ပြေလည်ရေး – စကားပြောရေး” ကို တွန်း လား ဆွဲလား ဖိအားပေးလား အကျပ်ကိုင်လား စသဖြင့် နည်းလမ်းပေါင်းစုံနဲ့ တွန်းအား/ဖိအားပေးကြမှာပါ။ ဒီလိုတွန်း အား/ဖိအားပေးတွေကို မခံနိုင်လို့ လျှောက်လှမ်းကြရတဲ့အခါတိုင်း မိမိအဖွဲ့အစည်းထဲမှာ ရိုက်ခတ်မှုမျိုးစုံ ကြုံကြရပါ တယ်။ ကွဲအက်မှုတွေ၊ ခွဲထွက်မှုတွေအထိ ဖြစ်တတ်ပါတယ်။

သို့သော်လည်း ရရှိလာတဲ့ ပြေလည်မှုက တာရှည်မခံဘဲ တစ်မွန်းတည့်သာခံတဲ့ တစ်နပ်စားယာယီ ပြေလည်မှု မျှသာ ဖြစ်တယ်ဆိုတဲ့အချက်ကိုလည်း “အားလုံး”က ဘဝတွေ၊ အသက်တွေနဲ့ရင်းပြီး သဘောပေါက်ထားကြပြီးသား တွေလည်း ဖြစ်ပါတယ်။

အရင်းခံနိုင်ငံရေးပြဿနာကို ဘေးချိတ်ပြီး အိမ်နီးချင်းတွေရဲ့ အကျိုးစီးပွားအတွက် ယာယီပြေလည်မှု ရှာဖွေ နေသမျှတော့ မင်းအောင်လှိုင်စစ်အုပ်စုဟာ သူ့ရှေ့ကစစ်အုပ်စုတွေလိုပဲ အကျပ်အတည်းက ယာယီထွက်ပေါက်ရစေ ပြီး တိုင်းပြည်နဲ့လူမျိုးပေါင်းစုပြည်သူများကတော့ ပြည်တွင်းစစ်နွံအိုင်ကြီးထဲမှာ နစ်သထက် နစ်ရမယ့် ဘဝသာ ဖြစ်ပါ လိမ့်မယ်။

“ဘုံရန်သူ စစ်အာဏာရှင်စနစ်နဲ့ ၂၀၀၈အခြေခံဥပဒေ အကုန်အစင်တိုက်ဖျက်ရေး”ဟာ ဥပဒေတွင်း/ ဥပဒေပ ဘယ်နည်းလမ်းနဲ့ပဲ တိုက်ပွဲဝင်သူဖြစ်ပါစေ မလွဲမသွေထားရှိရမယ့် ဦးတည်ချက်ပဲ ဖြစ်ပါတယ်။ ဒီဦးတည်ချက်ကနေ ယိမ်းယိုင်သွေဖည်သွားပြီဆိုရင် “အားလုံး”ဟာ ရန်သူရဲ့ပိုက်ကွန်ထဲမှာ မျက်နှာချင်းဆိုင်တွေ့ကြရပါလိမ့်မယ်။ “ဘုံရန် သူ”လို့လည်း ဆိုတယ်။ “မဟာဗမာလူမျိုးကြီးဝါဒ”လို့လည်း ခါးသီးကြတယ်။ သို့သော်လည်း အချင်းချင်း လက်မတွဲနိုင် ကြဘူး။ ဘုံရန်သူ – မဟာဗမာလူမျိုးကြီးဝါဒ ကိုင်စွဲသူ စစ်အုပ်စုနဲ့တော့ တစ်ဖွဲ့ချင်း တွေ့ဆုံဆွေးနွေးနေကြတယ်။

ဒါဟာ လက်ရှိမြန်မာနိုင်ငံရေးရဲ့ သရော်ချက်ပါပဲ။ အဲဒီလက်ရှိ သရော်ချက်ရဲ့အောက်မှာ မျိုးဆက်သစ်လူငယ် များရဲ့အသက်သွေးခန္ဓာတွေဟာ အပုံလိုက်အထပ်လိုက်ပဲ မဟုတ်ပါလား။

မြင်သာတဲ့အချက်တစ်ခုကလည်း လက်ရှိအခြေအနေမှာ မင်းအောင်လှိုင်စစ်အုပ်စုဟာ ပြည်တွင်းပြည်ပ အကျပ်ဆိုက်လျက်ရှိနေတယ် ဆိုတဲ့အချက်ပါ။