Home သတင်း ကြက်သွန်နီဈေး အဆမတန်မြင့်တက်၍ အစားထိုးသုံးစွဲနေရ

ကြက်သွန်နီဈေး အဆမတန်မြင့်တက်၍ အစားထိုးသုံးစွဲနေရ

5
Photo: Green Way

နိုဝင်ဘာ (၁၈) ရက်၊၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ပြည်တွင်း ကြက်သွန်နီဈေးနှုန်း တစ်ပိဿာ ကျပ် ၂၀,၀၀၀ နှင့်အထက်သို့ အဆမတန် မြင့်တက်လာခြင်းကြောင့် နေ့စဉ်ဟင်းချက်ပြုတ်ရာတွင် ကြက်သွန်နီအစား အခြားဟင်းခတ်မွှေးအရွက်များနှင့် ပြည်ပထွက် ကြက်သွန်နီကို အစားထိုးအသုံးပြုလာရကြောင်း ကရင်ပြည်နယ်ထဲရှိ ဒေသခံများထံမှ သိရသည်။

ကုန်ဈေးနှုန်းများ အစစအရာရာ မြင့်တက်နေသည့်အချိန်တွင် မြဝတီနှင့်ဖားအံမြို့ရှိ ကုန်စည်ဈေးကွက်၌ ကြက်သွန်နီဈေးနှုန်း တစ်ပိဿာလျှင် ကျပ် ၂၅,၀၀၀ အထိ ပေးဝယ်နေရသည်။ ထို့ကြောင့် ဟင်းချက်စရာအတွက် ကြက်သွန်နီအစား ခရမ်းချဥ်သီး၊ စပါးလင် စသည့် အသီးအရွက်များကို ထည့်သွင်းချက်ပြုတ်ရသည်ဟု ဖားအံမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“ကြက်သွန်ဈေးတက်လာလို့ ဟင်းထဲမှာ စပါးလင်တို့၊ နံနံပင်တို့ပဲ ရောပြီး ချက်တော့တယ်။ ကြက်သွန်က ဝက်သားဈေးလောက်ဖြစ်နေပြီ။ တစ်ပိဿာ ၂၅,၀၀၀ ဆိုတော့ ဝယ်မစားနိုင်တော့ဘူး” ဟု ၎င်းအမျိုးသမီးက ပြောသည်။

ထို့အပြင် ပြည်တွင်းဈေးကွက်ထဲသို့ ထိုင်းနှင့်တရုတ်ကဲ့သို့ ပြည်ပ ကြက်သွန်နီများ ဝင်ရောက်လာနေ၍ မြန်မာဖြစ် ကြက်သွန်ကို ဈေးကြီးပေးဝယ်မည့်အစား မီးဖိုချောင်စရိတ်သက်သာစေရန် ပြည်ပကကြက်သွန်နီများကို အစားထိုးအသုံးပြုလာကြခြင်းလည်း ရှိသည်။

ဖားအံမြို့တွင် ထိုင်းကြက်သွန်နီ တစ်ပိဿာလျှင် ကျပ် ၉,၅၀၀ ဝန်းကျင်သာ ပေါက်ဈေးရှိနေပြီး မြန်မာကြက်သွန်နီဈေးနှင့်နှိုင်းယှဉ်ပါက ထက်ဝက်ခန့် သက်သာသဖြင့် ကုန်ကျစရိတ်ကိုတွက်ချက်ပြီး အစားထိုးအသုံးပြုဖြစ်နေသည်ဟု ဒေသခံများက ဆိုသည်။

နောက်ထပ် ဖားအံမြို့ခံ အမျိုးသားတစ်ဦးက “ထိုင်းကကြက်သွန်ပဲ စားတော့မှာပေါ့။ ဥကြီးပေမယ့် ဘတ်ဂျက်သက်သာတယ်လေ။ ဈေးကလည်း ထက်ဝက်တောင်ကွာနေတာကို တစ်ပိဿာ တစ်သောင်းတောင် မပြည့်တာ အဲဒါပဲသုံးတော့မှာပေါ့” ဟု ကေအိုင်စီကို ပြောသည်။

ကြက်သွန်နီဈေးနှုန်းမြင့်တက်ရခြင်းမှာ ပြည်တွင်းက ကြက်သွန်စိုက်ဒေသအချို့တွင် ရာသီဥတုနှင့် သဘာဝဘေးအန္တရာယ်ကြောင့် စိုက်ခင်းများပျက်စီးခြင်း၊ စက်သုံးဆီ၊ မြေဩဇာအပါအဝင် စိုက်ပျိုးထုတ်လုပ် ကုန်ကျစရိတ် မြင့်တက်ခြင်း၊ သယ်ယူစရိတ်များပြီး ကုန်သည်ကြီးများက ကြက်သွန်လက်ကျန် သိုလှောင်ကာ ဈေးကစားခြင်းတို့ကြောင့် ဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနနှင့် တောင်သူများက ပြောသည်။

JICA ၏ စစ်တမ်းနှင့် နိုင်ငံတကာကုန်သွယ်မှုအကောက်ခွန်ဆိုင်ရာ အချက်အလက်များအရ မြန်မာနိုင်ငံတွင် ကြက်သွန်နီကို စစ်ကိုင်း၊ မကွေးနှင့်မန္တလေးတိုင်းရှိ ကျောက်ဆည်၊ မြစ်သား၊ မြင်းခြံ၊ ပခုက္ကူ၊ မုံရွာ အပါအဝင် ဒေသများတွင် အဓိကစိုက်ပျိုးကြပြီး ပြည်ပပို့ကုန်အဖြစ် ထိုင်း၊ တရုတ်၊ မလေးရှား၊ စင်ကာပူနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများသို့ အဓိက တင်ပို့ကြောင်း သိရသည်။