Home သတင်း ကော့ကရိတ်မြောက်ပိုင်းတွင် စိတ်ကြွမူးယစ်ဆေး သုံးစွဲသူများလာဟု ဒေသခံများ ပြော

ကော့ကရိတ်မြောက်ပိုင်းတွင် စိတ်ကြွမူးယစ်ဆေး သုံးစွဲသူများလာဟု ဒေသခံများ ပြော

7
Photo: CJ

နိုဝင်ဘာ (၁၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ် ကော့ကရိတ်မြို့ မြောက်ပိုင်းတွင် ကျောင်းနေအရွယ် ဆယ်ကျော်သက်လူငယ်များမှအစ မြင်းဆေးနှင့် မက်သာဖက်တမင်း အမျိုးအစား စိတ်ကြွဆေး ရောင်းဝယ်သုံးစွဲသူ များလာကြောင်း ဒေသခံများနှင့် ကျေးရွာအတွင်း ကျန်းမာရေးတာဝန်ယူထားသည့် သတင်းအရင်းအမြစ်မှ သိရသည်။

နဘူး၊ ဒေါ်လန်း၊ ထို့ကော်ကိုး၊ မြပတိုင်၊ ထီဖိုးစံ အစရှိသည့်ကျေးရွာများတွင် လက်နက်ကိုင်အဖွဲ့အစည်းနှင့် ပတ်သက်ရာ အသိုင်းအဝိုင်းမှ စိတ်ကြွဆေးများကို ဈေးပေါပေါဖြင့် ရောင်းချပေးနေခြင်းကြောင့် လူငယ်၊ လူရွယ်မှ ဆယ်ကျော်သက်အရွယ် ကျောင်းသားများအထိ သုံးစွဲသူများလာသည်ဟု ကျန်းမာရေးတာဝန်ရှိသူ တစ်ဦးက ပြောသည်။

“မြင်းဆေးက တစ်လုံး ၁,၀၀၀၊ အညံ့စားဆို ၅၀၀ ပဲ ပေးဝယ်ရတော့ အရက်မသောက်တော့ဘဲ မြင်း ဆေးရှုကြတာများလာတယ်။ လက်နက်ကိုင်တွေနဲ့ပတ်သက်ရာ ပတ်သက်ကြောင်းက ရောင်းနေတာဆိုတော့ ထိန်းဖို့ မလွယ်ဘူး။ ဆေးစွဲတဲ့ ကလေးမိဘတွေ တော်တော်ကို စိတ်ဒုက္ခရောက်ရတယ်” ဟု လုံခြုံရေးကြောင့် အမည်မဖော်လိုသူ ၎င်းတာဝန်ရှိသူက ပြောသည်။

ထို့အပြင် မူးယစ်ဆေးသုံးစွဲမှု နောက်ဆက်တွဲကို ခံစားကြရသည့် မိသားစုများမှာ ရပ်ရွာထဲရှိဆေးဆိုင်များတွင် မူးယစ်ဖြတ်ဆေး တစ်စုံစာလျှင် ကျပ်ငွေ ၃ သိန်း မှ ၅ သိန်းအထိ ပေးဝယ်၍ ဆေးဖြတ်ကြရသည်ဟုလည်း နဘူးရွာနေ ဒေသခံများထံမှ သိရသည်။

နဘူးဒေသခံ တစ်ဦးက “ဆေးဖမ်းဖို့အမိန့်တော့ထုတ်တယ်၊ တစ်ကယ်မဖမ်းရဲကြဘူး။ လူငယ်တွေကတော့ ဆေးစွဲနေပြီ စိတ်‌ဖောက်နေပြီဆိုရင် ဆေးဝယ်ပြီး ရွာက ဆေးထိုးဆရာနဲ့ပဲ ဆေးဖြတ်ကြတယ်” ဟု ကေအိုင်စီကို ပြောသည်။

Photo: CJ

ကော့ကရိတ်မြောက်ပိုင်းဒေသသည် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး အုပ်ချုပ်နယ်မြေအတွင်း ရှိသော်လည်း စစ်အုပ်စုနှင့်ဆက်ဆံရေးမကင်းသည့် ကရင်ငြိမ်းချမ်းရေးကောင်စီ-PC ကရင်နယ်ခြားစောင့်တပ်-BGF အသွင်ပြောင်း ကရင်အမျိုးသားတပ်မတော်-KNA နှင့် ခွဲထွက် DKBA ဗိုလ်ဘိအဖွဲ့များ အခြေစိုက် လှုပ်ရှားသွားလာကြသည်။

ထို့အပြင် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA ပါဝင်သော ဖော်ပြပါ ကရင်လက်နက်ကိုင်အဖွဲ့အစည်း(၄)ဖွဲ့ ပူးပေါင်းကာ မူးယစ်ဆေးနှင့်လောင်းကစားမှုများကို ထိရောက်စွာကိုင်တွယ်ရန် အဖွဲ့ဖွဲ့ထားကြခြင်းလည်း ရှိသည်။

ထို့ကော်ကိုးတွင် မူးယစ်ဆေး ပပျောက်ရေး ကိုင်တွယ်နေသည့်အခြေအနေနှင့်ပတ်သက်၍ “ကျနော်တို့ဒေသဘက်မှာ ပြီးခဲ့တဲ့တစ်နှစ်၊ နှစ်နှစ်မှာ မူးယစ်ဆေး ပြန့်ပွားလာတာ သတိထားမိတယ်။ လေးဖွဲ့ပေါင်းကော်မတီကနေလည်း မူးယစ်ဆေးပပျောက်ဖို့ ဆောင်ရွက်တာရှိပါတယ်။ လွန်ခဲ့တဲ့လကပဲ ဒေါနအရှေ့ခြမ်းမှာ ကျေးရွာအုပ်စုအလိုက် လူထုလှုပ်ရှားမှုအသွင်နဲ့လုပ်နေတာရှိပြီး အတိုင်းအတာတစ်ခုအထိ အောင်မြင်မူရတယ်လို့ ကြားသိရတယ်” ဟု PC ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွှန့်က ပြောသည်။

သို့သော် မူးယစ်ဆေးဖြန့်ဖြူးသုံးစွဲမှုများကို ဖမ်းဆီးအရေးယူရန် ဒေသတွင်း တာဝန်ရှိ အဖွဲ့အစည်းများအနေဖြင့် ညွှန်ကြားချက်ထုတ်ထားသော်လည်း လက်တွေ့တွင် ထိရောက်မှုမရှိကြောင်း ဒေသခံများက ဝေဖန်ကြသည်။

ကေအဲန်ယူဘက်ကမူ နယ်မြေအတွင်း မူးယစ်ဆေးရောင်းဝယ်စိုက်ပျိုးခြင်းနှင့် ဆေးဝါးထုတ်လုပ်သူများကို ကော်သူးလေရာဇဝတ် ဥပဒေ ပုဒ်မ ၁၈ဝ၊ ၁၈၁၊ ၁၈၂၊ ၁၈၃ နှင့် ၁၈၄ တို့ဖြင့် အရေးယူ ဆောင်ရွက်နိုင်ကြောင်း ပြဌာန်းဖော်ပြထားသည်။