Home သတင်း ICJ ရလဒ် ဘယ်လိုထွက်ထွက် ရိုဟင်ဂျာများနှင့်အတူ ရပ်တည်မည်ဟု KOA ထုတ်ပြန်

ICJ ရလဒ် ဘယ်လိုထွက်ထွက် ရိုဟင်ဂျာများနှင့်အတူ ရပ်တည်မည်ဟု KOA ထုတ်ပြန်

8
Photo: UN

နိုဝင်ဘာ (၁၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

နိုင်ငံတကာတရားရုံး (ICJ) ၏ စီရင်ချက် မည်သို့ပင်ဖြစ်စေ နိုင်ငံ၏ဖယ်ကျဥ်မှုနှင့်ဖိနှိပ်မှုများကို ကာလရှည်ကြာ ခံစားခဲ့ရသည့် ရိုဟင်ဂျာအသိုင်းအဝိုင်းနှင့်အတူ ရပ်တည်မည်ဖြစ်ကြောင်း အမေရိကန်ကရင်အဖွဲ့အစည်း(KOA) က ယမန်နေ့၊ နိုဝင်ဘာ(၁၈)ရက်တွင် ထုတ်ပြန်သည်။

ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု (Genocide) ဆိုင်ရာ စာချုပ်ချိုးဖောက်မှုဖြင့် မြန်မာနိုင်ငံအား ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုခဲ့မှုနှင့်ပတ်သက်၍ နယ်သာလန်နိုင်ငံ၌ ယနေ့၊ နိုဝင်ဘာ(၁၉)ရက် နောက်ဆုံးစီရင်ချက် ချမှတ်မည့်အချိန် ထိုသို့ ရပ်တည်ချက်ထုတ်ပြန်လိုက်ခြင်းလည်း ဖြစ်သည်။

လူ့ဂုဏ်သိက္ခာအပေါ်ကာကွယ်ခြင်းဆိုင်ရာ စံတန်ဖိုးဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့် Karen Organization of America (KOA) အနေဖြင့် ICJ က နောက်ဆုံးစီရင်ချက် မည်သို့ဖြစ်စေ ရိုဟင်ဂျာများနှင့်အတူ ဆက်လက်ရပ်တည်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဆိုသည်။

ရခိုင်ပြည်နယ်၌ ၂၀၁၆–၂၀၁၇ ခုနှစ်က စစ်အုပ်စု၏နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးများအတွင်း ရိုဟင်ဂျာများ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရသည့် စွပ်စွဲချက်ဖြင့် မြန်မာနိုင်ငံအား ဂမ်ဘီယာက ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၁ ရက်တွင် ICJ ၌ တရားစွဲဆိုခဲ့သည်။

မြန်မာစစ်အုပ်စုသည် ရိုဟင်ဂျာများအပေါ် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းအပြင် မုဒိမ်းကျင့်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းစသည့် လုပ်ရပ်များကို စစ်ဆင်ရေးသဖွယ် လုပ်ဆောင်ခဲ့ကြောင်း အဆိုပါစွဲချက်က ဖော်ပြထားသည်။

Photo: UN

ထိုစွဲချက်နှင့်ပတ်သက်၍ ICJ အနေဖြင့် မြန်မာနိုင်ငံတွင်တာဝန်ရှိကြောင်း စီရင်ချက်ချမှတ်ပါက နစ်နာကြေးပေးလျော်စေခြင်းနှင့် နောက်ဆက်တွဲကုစားမှုများ ရှိလာမည်ဖြစ်သလို အသက်ရှင်ကျန်သူများအတွက် ဥပဒေအရ အသိအမှတ်ပြုမှုနှင့် တာဝန်ယူတာဝန်ခံမှုကို ရရှိစေမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့အပြင် ICJ ၏ စီရင်ချက်ချမှတ်နိုင်မှုသည် မြန်မာပြည်ရှိ ကရင်အပါအဝင် တခြားဖိနှိပ်ခံ တိုင်းရင်းသားများအတွက် နိုင်ငံတကာတရားရုံးများမှတဆင့် တရားမျှတမှု ရှာဖွေနိုင်မည့် လမ်းကြောင်းတစ်ခုလည်း ဖြစ်သည်ဟု KOA က ဆိုသည်။

မြန်မာသည် ICJ တွင် စွဲချက်တင်ခံစဥ်က တရားစွဲပိုင်ခွင့်ရော စီရင်ချက်ချပိုင်ခွင့်ပါ ICJ နှင့် ဂမ်ဘီယာတို့တွင် မရှိဟု ဆိုကာ ကနဦး ခုခံကန့်ကွက်ခဲ့သော်လည်း နှစ်နိုင်ငံလုံးမှာ လူမျိုးတုံးသတ်ဖြတ်မှုတားဆီးရေးစာချုပ်၏ အဖွဲ့ဝင်များဖြစ်ခြင်းကြောင့် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လတွင် ကန့်ကွက်ချက် ပယ်ချခံခဲ့ရသည်။

ထို့နောက် ဂမ်ဘီယာနှင့်မြန်မာအမှုကို အခြေခံအချက်စစ်ဆေးရေးအဆင့်သို့ ဆက်လက်တင်ပြခဲ့ပြီး ယနေ့ ဖတ်ကြားရန်ရှိသော စီရင်ချက်သည် မြန်မာက ရိုဟင်ဂျာများကို လူမျိုးတုံးသတ်ဖြတ်မှုအတွက် တာဝန်ရှိ၊ မရှိ တိုက်ရိုက်ဆုံးဖြတ်မည့် အဆင့်ဖြစ်ကြောင်းလည်း သိရသည်။