Home သတင်း အင်တာနက်ဖြတ်တောက်ထားသည့် ပဋိပက္ခဒေသအချို့ စတားလင့်ခ် ထပ်မံ ပိတ်ခံရ

အင်တာနက်ဖြတ်တောက်ထားသည့် ပဋိပက္ခဒေသအချို့ စတားလင့်ခ် ထပ်မံ ပိတ်ခံရ

6
Photo: Getty Image

နိုဝင်ဘာ (၁၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

မြန်မာနိုင်ငံအတွင်း အင်တာနက်ဖြတ်တောက်ခံထားရသည့် ပဋိပက္ခဒေသများအနက် ကရင်နီ၊ ရခိုင်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် စစ်ကိုင်းတိုင်း တို့တွင်အသုံးပြုနေသည့် စတားလင့် (Starlink) ဂြိုလ်တုအင်တာနက်စက်များ ယနေ့ နိုဝင်ဘာ (၁၈) ရက် နံနက်ပိုင်းက ထပ်မံ ပိတ်ပင်ခံရကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။

ယခုတစ်ကြိမ်တွင် မှတ်ပုံတင်ထားသည့် နိုင်ငံပြင်ပ၌ ဝန်ဆောင်မှု အသုံးပြုနေခြင်းကို ကန့်သတ်ထားကြောင်း စာတန်းပေါ်လာအပြီး အင်တာနက်ပြတ်တောက်သွားခြင်း ဖြစ်သည်ဟု သုံးစွဲသူများက ပြောသည်။

ကရင်နီဒေသခံ စတားလင့်သုံးစွဲသူတစ်ဦးက “အလုံးရေ တော်တော်များတယ်။ ဖယ်ခုံမြို့နယ်၊ ဒီးမော့ဆိုမြို့နယ်တို့ဘက်လည်း ဖြစ်တယ်။ ကျနော်တို့ဟာလည်း ဘယ်အချိန်ပိတ်မလဲ မသိဘူး။ တချို့ အလုံးတွေဆို ပိတ်ပြီး တစ်လလောက်ကြာမှ ပြန်ရတဲ့ဟာလည်း ရှိဖူးတယ်” ဟု ဆိုသည်။

ထို့အပြင် ဒေသတွင်းသတင်းအရင်းအမြစ်များထံ စုံစမ်းချက်အရ မှတ်ပုံတင်ထားသည့် နိုင်ငံပြင်ပတွင် အသုံးပြုခွင့်ကာလ ရက် ၃၀ ကျော်လွန်သွားခြင်းကြောင့် ကန့်သတ်ခံရသည့် စက်များရှိသကဲ့သို့ ယနေ့ နံနက်ပိုင်း ပိတ်ပင်ခံရပြီးမှ Starlink ID ပြန်လည်တင်သွင်းခြင်းဖြင့် အင်တာနက်လိုင်း ပြန်လည်အသုံးပြုနိုင်သည့် စက်အချို့လည်း ရှိနေသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် အောက်တိုဘာလကလည်း သန်းကြွယ်သူဌေး အီလွန်မတ်စ်ပိုင်ဆိုင်သည့် SpaceX ကုမ္ပဏီက မြန်မာနိုင်ငံရှိ ကျားဖြန့်(အွန်လိုင်းငွေလိမ်လုပ်ငန်း)များတွင် အသုံးပြုနေကြောင်း သံသဃရှိ စတားလင့်ခ်အင်တာနက်စက်ပေါင်း ၂,၅၀၀ ကျော်ကို ဖြတ်တောက်ခဲ့ခြင်းဖြစ်သည်။

Photo: Getty Image

“နယ်စပ်ဖြတ်ကျော် ဆိုက်ဘာလိမ်လည်မှု (Cyber-scam) ကို ဖြိုခွင်းနှိမ်နင်းဖို့ စတားလင့်စက်တွေကို အလုံးစုံလွှမ်းခြုံပိတ်ဆို့ခြင်း (Blanket ban) လုပ်တယ်လို့ သိခဲ့ဖူးပါတယ်။ အခု ပိတ်ပင်မှု အကြောင်းရင်းကိုတော့ မသိရသေးပါဘူး” ဟု ယခုတစ်ကြိမ် ပိတ်ခံရခြင်းအပေါ် မြန်မာအင်တာနက်ပရောဂျက်-MIP မှ တာဝန်ရှိသူ ကိုသစ်ဉာဏ်က ပြောသည်။

အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးအင်အားစုများ လှုပ်ရှားမှုအားကောင်းသည့် ကရင်အပါအဝင် ကရင်နီ (ကယား) တောင်ပိုင်းတိုင်းဒေသများမှ အလယ်ပိုင်း စစ်ကိုင်းတိုင်း အထိ စစ်အုပ်စုက ဆက်သွယ်ရေးကို စနစ်တကျဖြတ်တောက်ထားသည်။

ထို့ကြောင့် ဒေသခံများမှာ နယ်မြေအတွင်း သတင်းအချက်အလက်စီးဆင်းမှု၊ ပညာရေး၊ ကျန်းမာရေး ဝန်ဆောင်မှုများနှင့် လုံခြုံရေးသတိပေးမှု လက်လှမ်းမီရန်အတွက် Starlink စက်များကို အားထား အသုံးပြုနေကြရခြင်းဖြစ်သည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာက ငွေလိမ်ဂိုဏ်းဧရိယာနှင့်ဝေးကွာသည့် ဒေသများကိုပါ ကုမ္ပဏီဘက်မှ ကြေညာခြင်းမရှိဘဲ ရုတ်တရတ် စတားလင့်ခ်အင်တာနက်များ ဖြတ်တောက်လိုက်ခြင်းကြောင့် လူသားချင်းစာနာမှုလုပ်ငန်းများအတွက် ကြီးမားသောဘေးထွက်ဆိုးကျိုး ဖြစ်စေခဲ့ကြောင်းလည်း MIP အပါအဝင် အရပ်ဖက်အဖွဲ့အစည်းများက ထောက်ပြကြသည်။