
နိုဝင်ဘာ ၁၅ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ယခုနှစ် သြဂုတ် လတွင် ဖမ်းဆီးရမိခဲ့သည့် စိတ်ကြွမူးယစ်ဆေးအရေအတွက် ၅ သိန်းနီးပါးကို မီးရှို့ဖျက်ဆီး ခဲ့ကြောင်း မူတြော်ခရိုင်က နိုဝင်ဘာလ (၁၄)ရက်(ယမန်နေ့) တွင် သတင်းထုတ်ပြန်သည်။
ပြီးခဲ့သည့် ဩဂုတ်လ ၁၈ ရက်နေ့တွင် ကေအဲန်ယူ တပ်မဟာ (၇) နယ်မြေ မယ်သဝေါဘက်သို့ ပို့ဆောင်ရန် သယ်ဆောင်လာစဥ် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် – KNLA ၏ အော် လော်ဂိတ်က ဖမ်းဆီးရမိခဲ့သည့် စိတ်ကြွမူးယစ်ဆေးအလုံးရေ စုစုပေါင်း ၄၉၀,၀၀၀ (လေးသိန်းကိုးသောင်း)ကို နိုဝင်ဘာလ (၁၃) နေ့တွင် မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။
“ ၂၀၁၁-၂၀၁၂ အပစ်အခတ်ရပ်စဲရေး ကာလတုန်းက မူးယစ်ဆေးဝါး ဝင်ရောက်မှုတွေ အနည်း အကျဥ်းလောက်ပဲ ရှိတယ်။ ဒါပေမဲ့ အာဏာသိမ်းပြီး နောက်ပိုင်းကနေ အခုထိ သံလွင်မြစ် နယ်စပ်တစ်လျှောက်မှာ မူးယစ်ဆေးဝါး ဖမ်းဆီးရမှုတွေက မကြာခဏ ရှိလာပါတယ်” ဟု မူတြော်ခရိုင် ကရင်အမျိုးသားရဲတပ်ဖွဲ့ – KNPF၏ ရဲမှူးကြီး ဒုတိယဗိုလ်မှူးကြီး စောနေမူးက ထုတ်ပြန်ချက်တွင် ပြောထားသည်။
ထို့အပြင် ယခင်က စစ်အုပ်စု ထိန်းချုပ်ရာနယ်မြေများသို့ သွားရောက်နေထိုင်ကြသည့် ဒေသခံ တချို့အနေဖြင့် မူးယစ်ဆေးဝါးသုံးစွဲလာမှု ပိုမိုအဖြစ်များလာသည့်အပေါ် ပြည်သူ လူထုများအကြား အန္တရာယ်ကြီးမားလာစေနိုင်သည်ဟု ဒုတိယဗိုလ်မှူးကြီးစောနေမူးက ထည့်သွင်း ပြောဆိုထားသည်။
ယခုနှစ်၊ မေလ(၇)ရက်နေ့တွင်လည်း ကေအဲန်ယူမူတြော်ခရိုင်/ တပ်မဟာ(၅)နယ်မြေအတွင်း ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်းဆီးရမိခဲ့သည့် စိတ်ကြွမူးယစ်ဆေးအရေအတွက် (၉)သန်းကျော်ကို မီးရှို့ဖျက်ဆီးခဲ့မှုလုပ်ဆောင်ခဲ့သေးသည်။
၂၀၂၁ စစ်တပ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း မူတြော်ခရိုင် ကရင်အမျိုးသားရဲတပ်ဖွဲ့-KNPF၊ ကေအဲန်ယူ နယ်စပ်ရေးရာကော်မတီနှင့် တာဝန်ရှိသူများ ဦးဆောင်ပြီး ခရိုင်အတွင်း ဖမ်းဆီးရရှိထားသည့် စိတ်ကြွမူးယစ်ဆေး မီးရှို့ ဖျက်ဆီးခဲ့သည့် လှုပ်ရှားမှုပြုလုပ်ခဲ့သည်မှာ ယခုအကြိမ်အပါဝင် လေးကြိမ်မြောက် ရှိပြီဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ကေအဲန်ယူနယ်မြေအတွင်း မူးယစ်ဆေးရောင်းဝယ်စိုက်ပျိုးခြင်းနှင့် ဆေးဝါးထုတ်လုပ်သူများကို ကော်သူးလေရာဇဝတ် ဥပဒေ ပုဒ်မ ၁၈ဝ၊ ၁၈၁၊ ၁၈၂၊ ၁၈၃ နှင့် ၁၈၄ တို့ဖြင့် အရေးယူ ဆောင်ရွက်နိုင်ကြောင်း ပြဌာန်းဖော်ပြ ထားသည်။ ထို့အပြင် စာသင်ကျောင်းအတွင်းအပါအဝင် ကျေးရွာများတွင်လည်း ကေအဲန်ယူမှ မူးယစ်ဆေး အသိပညာပေးဆောင်ရွက်ခြင်းတို့ မကြာခဏလုပ်ဆောင်လေ့ရှိသည်။
ကေအဲန်ယူအနေဖြင့်လည်း နယ်မြေအတွင်းမူးယစ်ဆေးအမှုနှင့်ပတ်သက်၍ တိုက်ဖျက်နှိမ်နင်းနေသလို အိမ်နီးချင်းနိုင်ငံအပါအဝင် နိုင်ငံတကာနှင့်ပူးပေါင်းရန် အသင့်ရှိကြောင်း ထုတ်ဖော်ပြောဆိုထားခြင်း ရှိသည်။

















