Home သတင်း စစ်အုပ်စုကို ကုလသမဂ္ဂနှင့် အာဆီယံပူးပေါင်း အရေးယူဖို့ JFM တိုက်တွန်း

စစ်အုပ်စုကို ကုလသမဂ္ဂနှင့် အာဆီယံပူးပေါင်း အရေးယူဖို့ JFM တိုက်တွန်း

243
Photo: ASEAN

နိုဝင်ဘာ (၁၇) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့်ပူးပေါင်းပြီး မြန်မာစစ်အုပ်စုကို ဒဏ်ခတ်ပိတ်ဆို့မှုများပြုလုပ်ရန်၊ လက်နက်တင်သွင်း ရောင်းချခြင်းမှ ပိတ်ပင်ရန်၊ မြန်မာ့အရေးကို အပြည်ပြည်ဆိုင်ရာရာဇဝတ်ခုံရုံး(ICC) သို့ လွှဲပြောင်းရန် အာဆီယံထံ Justice for Myanmar က ယနေ့ (နိုဝင်ဘာ ၁၇ ရက်) တွင် တိုက်တွန်းသည်။

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် စစ်အုပ်စု တက်ခွင့်မရသည့် အာဆီယံထိပ်သီးအစည်းအဝေး ကျင်းပနေချိန် အာဆီယံအဖွဲ့ဝင်နိုင်ငံများက စစ်အုပ်စုနှင့် စစ်ဘက်ဆိုင်ရာဆက်ဆံရေး၊ စီးပွားရေးအရ ပတ်သက်မှုများရှိနေပြီး ကြံရာပါဖြစ်နေသည့်အပေါ် ထုတ်ပြန်ချက်တွင် JFM က ထည့်သွင်းတိုက်တွန်းခြင်း ဖြစ်သည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် စစ်အုပ်စုကို တရားဝင်မှုပေးနေမည့်အစား ကုလသမဂ္ဂနှင့်ပူးပေါင်းကာ ပစ်မှတ်ထားပိတ်ဆို့ခြင်း၊ စစ်လက်နက် ရရှိစေမည့်လမ်းကြောင်းများ ပိတ်ခြင်း၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှတဆင့် ICC သို့ လွှဲပြောင်းပေးခြင်းတို့ လုပ်ဆောင်သင့်သည်ဟု JFM က ဆိုသည်။

တဖက်တွင်မူ မြန်မာ့အရေးနှင့်ပတ်သက်ပြီး ဘုံသဘောတူညီချက်(၅)ရပ် ချမှတ်မှုကြားထဲမှပင် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ စစ်အုပ်စုကို စစ်ဘက်ဆိုင်ရာ အထောက်အပံ့ပေးနေမှု၊ စီးပွားရေးအရ ငွေကြေး အကျိုးအမြတ်ပေးနေမှု၊ လေယာဥ်ဆီရရှိစေရန် ကြားခံပွဲစားလုပ်နေမှုများကိုလည်း ထုတ်ပြန်ချက်တွင် ထောက်ပြသည်။

Photo: ASEAN

ထို့အပြင် မနီလာမြို့ရှိ ထိပ်သီးအစည်းအဝေးကို စစ်အုပ်စုတက်ခွင့်မပေးသော်လည်း အာဆီယံဒေသတွင်း အခြားအစည်းအဝေးများ၊ သင်တန်းများ၊ စစ်ရေးလေ့ကျင့်မှုများတွင် စစ်အုပ်စုကိုယ်စားလှယ်များ တက်ရောက်ခွင့်ရှိနေပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးနှ့င် ဒရုန်းလေ့ကျင့်ရေးတို့တွင် ၎င်းကိုယ်စားလှယ်များ ပါဝင်လေ့ကျင့်ခွင့်ရနေကြောင်း သိရသည်။

ထိုသို့ အခွင့်အရေးပေးထားသည့် အာဆီယံသည် စစ်အုပ်စု၏စစ်ရာဇဝတ်မှုများတွင် ကြံရာပါဖြစ်နေသလို JFM အနေဖြင့်လည်း အဆိုပါလုပ်ရပ်များကို ရှုတ်ချသည်ဟု ထုတ်ပြန်ချက်တွင် ဆိုသည်။

အာဆီယံသည် ပြီးခဲ့သည့် ၂၀၂၅-၂၀၂၆ ခုနှစ် အတုအယောင်ရွေးကောက်ပွဲအပြီး မြန်မာနှင့်ဆက်ဆံရေးကို တိုးချဲ့ခဲ့ခြင်းနှင့် အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်ကို အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့မှ တရားဝင်ခရီးစဥ်များ လက်ခံဖိတ်ကြားခြင်းအပေါ်တွင်လည်း အာဆီယံ၏ ဖိအားပေးမှုကို အားနည်းသွားစေကြောင်း မြန်မာဒီမိုကရေစီအင်အားစုများမှ ဝေဖန်ထောက်ပြခံခဲ့ရခြင်းလည်း ရှိသည်။