Home သတင်း ရေဘေးကြောင့် ထိုင်းတစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် စက်ရုံပေါင်း ၄ ထောင်ကျော် ထိခိုက်

ရေဘေးကြောင့် ထိုင်းတစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် စက်ရုံပေါင်း ၄ ထောင်ကျော် ထိခိုက်

14
Photo: Bangkok Post

အောက်တိုဘာ (၇) ရက်၊ ၂၀၂၆ ။ ကေအိုင်စီ

ထိုင်းနိုင်ငံတဝှမ်းရေကြီးမှုကြောင့် ပြည်နယ်(၅၅)ခုရှိ အကြီးစားနှင့် အလတ်စား စက်မှု၊ လက်မှုအလုပ်ရုံများအပါအဝင် စက်ရုံစုစုပေါင်း (၄,၅၂၃) ရုံ ထိခိုက်ပျက်စီးသွားကြောင်း ထိုင်းစက်မှုဝန်ကြီး ဗရာဝပ်ဆီလ်ပါအာချာက အောက်တိုဘာလ (၆)ရက်နေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်ပြောဆိုသည်။

အဆိုပါ ထိခိုက်ပျက်စီးသွားသည့် စက်ရုံများထဲတွင် အကြီးစားစက်ရုံ (၃၁၆) ရုံ ၊ အသေးစားနှင့်အလတ်စား စက်မှုလုပ်ငန်း (၄,၁၁၃) ခု နှင့် ဒေသခံများစုပေါင်းလည်ပတ်သည့်စက်ရုံ (၉၄)ရုံ ပါဝင်ကြောင်း သိရသည်။

ပျက်စီးမှုတန်ဖိုး စုစုပေါင်း ထိုင်းဘတ်ငွေ ၂ ဒဿမ ၁၄ ဘီလီယံ (အမေရိကန်ဒေါ်လာ ၆၃ သန်းခန့်) ဆုံးရှုံးမှု ရှိခဲ့သလို ထိုင်းနိုင်ငံစက်မှုဇုန်အာဏာပိုင် (IEAT) ၏ အစီရင်ခံစာအရ စက်မှုဇုန်အတွင်းရှိ စက်ရုံပေါင်း ၁၈၀ မှ ၁၉၀ ကြား ထိခိုက်ပျက်စီးသွားခဲ့သည်။

ယင်းစက်ရုံများ၏တန်ဖိုးသည် ဘတ် ၁.၇ ဘီလီယံ မှ ၁.၈ ဘီလီယံ ကြား ရှိကြောင်း ထိုင်းသတင်းဌာန Bangkok post က ဖော်ပြသည်။

ထိုထိခိုက်ပျက်ဆီးမှုများထဲမှ‌ စက်ရုံလည်ပတ်မှုလုံးဝရပ်တန့်သွားရသည့် စက်ရုံ၊ အလုပ်ရုံများကို ပြန်လည် ပြင်ဆင်မွမ်းမံခြင်းနှင့် ပြန်လည်ထူထောင်ခြင်းတို့အတွက် ချေးငွေထုတ်ပေးရန် ဘဏ္ဍာရေး အဖွဲ့အစည်းများထံ တောင်းဆိုသွားမည်ဖြစ်ကြောင်းလည်း ဝန်ကြီး က သတင်းစာရှင်းလင်းပွဲတွင် ဆိုသည်။

ထို့အပြင် စက်ရုံများပျက်စီးမှုကြောင့် အလုပ်သမားအများအပြား အလုပ်လက်မဲ့ ဖြစ်သွားရသည့်အနက် ရွှေ့ပြောင်းမြန်မာများလည်း ပါဝင်နေသည်။

အထူးသဖြင့် ရေကြီးမှုဆိုးရွားခဲ့သည့် ပရာချင်ဘူရီ၊ ချွန်ဘူရီ၊ စမွတ်ပရာကန်နှင့် ရယောင်းတို့တွင် စက်ရုံ၊ အလုပ်ရုံအများအပြားထိခိုက်မှုများရှိခြင်းကြောင့် ရွှေ့ပြောင်းအလုပ်သမားများ အလုပ်အကိုင် ထိခိုက်၍ အကူအညီလိုအပ်လျက်ရှိကြောင်း အလုပ်သမားအရေးဆောင်ရွက်သူများထံမှ သိရသည်။

“အခု ရယောင်းတို့ ချွန်ဘူရီ တို့ဆိုရင် အလုပ်ဆက်လုပ်မရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အများကြီးရှိတယ်။ သူတို့အတွက်က ပကန်လျော်ကြေး(လူမှုဖူလုံရေးအာမခံ)ပဲ မျှော်ရတာပေါ့။ အခုလောလောဆယ် တချို့က ရုံးမှာသွားတင်မရသေးတော့ စောင့်နေရတယ်” ဟု ဘန်ကောက်အခြေစိုက် အလုပ်သမားအရေးဆောင်ရွက်သူ စောမင်းမင်းက ပြောသည်။

ထိုင်းနိုင်ငံတွင် တရားဝင်နားလည်မှုစာချွန်လွှာ(MOU) ဖြင့် အလုပ်လုပ်နေသူ၊ ဗီဇာ နှင့် အလုပ်သမားကဒ်(Work Permit) ကိုင်ဆောင်ကာ အလုပ်လုပ်ကိုင်သည့် ရွှေ့ပြောင်း မြန်မာအလုပ်သမားများအနေဖြင့် အဆိုပါလူမှုဖူလုံရေးစနစ်တွင် မဖြစ်မနေပါဝင်ကြရပြီး ရရှိသည့် အခြေခံလစာ၏ (၅) ရာခိုင်နှုန်းကို ပေးသွင်းရခြင်းဖြစ်သည်။

သို့မှာသာ ထိုစနစ်မှရရှိနိုင်သည့် ခံစားခွင့် (၇)မျိုးထဲမှ အလုပ်လက်မဲ့ ဖြစ်ခြင်း(သို့မဟုတ်) အလုပ်ပြုတ်ခြင်းအတွက် အကျုံးဝင်မှုရှိမည်ဖြစ်ကြောင်းသိရသည်။

ထိုင်းနိုင်ငံအတွင်း မိုးရွာသွန်းမှုများပြားခြင်းကြောင့် စက်တင်ဘာ(၁၆)ရက်မှစတင်ကာ ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထို့အတူ ထိုင်းနိုင်ငံ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနှင့် လျော့ပါးရေးဌာန(DDPM) နှင့် အစိုးရ ရေဘေးပူးတွဲ သတင်းပြန်ကြားရေးစင်တာ(JICC) မှ ယနေ့၊ အောက်တိုဘာလ (၇)ရက်နေ့ ထုတ်ပြန်ချက်အရ ဘန်ကောက်အပါအဝင် ပြည်နယ်(၂၇)ခု၌ ရေကြီးရေလျှံမှုများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး ပြည်သူ (၃.၁) သန်းကျော် ရေဘေးသင့်၍ (၅၂)ဦး သေဆုံးခဲ့ကြောင်း သိရသည်။