Home သတင်း မြဝတီနယ်စပ်တွင် ကုန်စည်ဖမ်းဆီးသိမ်းဆည်းခံရသည်ဟုအကြောင်းပြ လိမ်လည်မှုအချို့ ဖြစ်ပွား

မြဝတီနယ်စပ်တွင် ကုန်စည်ဖမ်းဆီးသိမ်းဆည်းခံရသည်ဟုအကြောင်းပြ လိမ်လည်မှုအချို့ ဖြစ်ပွား

18
Photo: CJ

အောက်တိုဘာ (၂၄) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်၊ မြဝတီမြို့တွင် ကုန်ပစ္စည်းသိုလှောင်သည့်ဂိုဒေါင်များ၊ ကုန်တင်ယာဥ်များ ဖမ်းဆီးသိမ်းဆည်းခံလိုက်ရသည်ဟု အကြောင်းပြလိမ်လည်ကာ မြန်မာပြည်တွင်းပို့ရန် အပ်နှံထားသည့်ကုန်စည်များကို ထပ်ဆင့်ပြန်ရောင်းချနေသည့်ဖြစ်စဥ်အချို့ ဖြစ်ပွားလျက်ရှိကြောင်း မဲဆောက်မှမြဝတီ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များထံမှ သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လမှစ၍ ထိုင်းဘက်မှ မြန်မာပြည်တွင်းသို့ ပို့ဆောင်မည့် ကုန်သိုလှောင်ရုံများနှင့်ကုန်တင်ယာဥ်များ ဖမ်းဆီးသိမ်းဆည်းခံနေရကြောင်း သတင်းများ ပေါ်ထွက်နေခြင်းဖြစ်သည်။

ထိုအထဲတွင် တကယ်အဖမ်းမခံရပါဘဲ အပ်နှံထားသည့်ကုန်ပစ္စည်းများကို မြဝတီဘက်မှကုန်စည်ပို့ဆောင်သူတချို့က လိမ်လည်၍ တဆင့်ပြန်ရောင်းချလိုက်ခြင်းရှိသည်ဟု မဲဆောက်မြို့က ပါဆယ်ချောပို့ လုပ်ငန်းရှင်ကပြောသည်။

“စစ်တပ်ဖမ်းတာခံရတယ်၊ ဂိုထောင်ဝင်စီးပြီးဖမ်းခံရတယ်ဆိုပြီး ပါဆယ်တွေကိုတစ်ခြားယူမယ့်သူတွေကို ပြန်ရောင်းစားတာမျိုးခံရတာပါ၊ အဲ့လိုဖြစ်တော့ ကျမတို့ ပါဆယ်အပ်တဲ့ပိုင်ရှင်တွေနဲ့ပြဿနာဖြစ်ရတယ် နာမည်ပျက်တယ်” ဟု အဆိုပါလုပ်ငန်းရှင် အမျိုးသမီးက ပြောသည်။

ထိုသို့လိမ်လည်မှုများသည် မဲဆောက်အပါအဝင်၊ ချင်းမိုင်၊ ဘန်‌ကောက်မှ မြန်မာပြည်တွင်း ပစ္စည်းပို့ဆောင်ရေးလုပ်ငန်းရှင် (၁၀) ဦးထက်မနည်းတွင် ဖြစ်ပွားခဲ့ပြီး ပို့သူနှင့်ဝယ်သူအကြား ယုံကြည်မှုပျက်ပြားသည့်အပြင် ရင်းနှီးမြှုပ်နှံထားသည့်ငွေကြေးများလည်း ဘတ်သိန်းထောင်ချီ၍ ဆုံးရှုံးနစ်နာမှုရှိခဲ့ကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။

ထို့အပြင် မြဝတီကုန်စည်ပို့ဆောင်သူအချို့ထံတွင် အပ်နှံထားသည့်ပစ္စည်းများမှာ သုံး၊ လေး လကြာသည်အထိ ပြည်တွင်းသို့မရောက်နိုင်ဘဲ ကြန့်ကြာနေခြင်းကြောင့် ဝယ်သူကိုပေးလျှော်လိုက်ရခြင်းလည်းရှိသည်။ အမှန်စင်စစ် ထိုကုန်များမှာ မော်လမြိုင်မြို့ဘက်သို့ လိမ်လည်ရောင်းချခြင်းခံခဲ့ရသည်ဟု အလိမ်ခံလိုက်ရသည့် အမြန်ချောပို့လုပ်ငန်းလုပ်ဆောင်သူတစ်ဦးက ပြောသည်။

ထိုလုပ်ငန်းရှင်က “ကျနော်တို့ကမဲဆောက်မှာထိုင်ပြီး ဘန်ကောက်၊ ချင်းမိုင်၊ မဟာချိုင်ဘက်ကပါဆယ်စုတယ်။ မြဝတီဘက်ကတစ်ဆင့် ပြည်တွင်းပို့တဲ့သူတွေနဲ့ ချိတ်ပြီးလုပ်ကြတာ။ သူတို့က အဖွဲ့အစည်းနောက်ခံနဲ့ ဂိုထောင်၊ ရုံးခန်းပြပြီးလုပ်နေတာမျိုးဆိုတော့ စိတ်ချတယ်လေ။ ကားကြီးတစ်စီးစာ၊ ဂို‌ထောင်တစ်လုံးစာလောက်လည်း ရရော လိမ်စားလိုက်ရော” ဟု ၎င်းက ကေအိုင်စီကို ပြောသည်။

လက်တွေ့အခြေအနေတွင်လည်း စစ်အုပ်စုက ထိုင်းကုန်ပစ္စည်းများအပါအဝင် ကုန်စည်ပို့ဆောင်မှုများကို စစ်ဆေးခြင်း ဖမ်းဆီးသိမ်းဆည်းလိုက်ခြင်းရှိသည်။ အချို့မှာ ထိုအခြေအနေကိုအခွင့်ကောင်းယူ၍ လက်နက်ကိုင်အဖွဲ့အမည်ခံပြီး လိမ်လည်မှုကို ဆက်လက်လုပ်ဆောင်နေကြသည်ဟု လုပ်ငန်းရှင်များက ဆိုသည်။

ထို့အပြင် စစ်အုပ်စုသည် မြဝတီနယ်စပ်မှကုန်စည်ပို့ဆောင်ရေးယာဥ်များကို ဖမ်းဆီးနေခြင်းကြောင့် ထိုင်းမှမြန်မာပြည်တွင်းသို့ အိမ်အရောက်ပါဆယ်ချောပို့ခနှုန်းထား တစ်ကီလိုလျှင် ဘတ် ၁၅၀ မှ ဘတ် ၃၀၀ အထိ ရှိနေသည်။

ကုန်စည်အနည်းအများအပေါ်မူတည်၍ လမ်းကြောင်းစရိတ်စက၊ မော်တော်ယာဥ်နှင့်ယာဥ်မောင်းငှားရမ်းခ၊ ဂိုထောင်ဌားရမ်းခ၊ ကမ်းကူးခ၊ ကုန်တင်ကုန်ချစရိတ်များကို တွက်ချက်၍ ပို့ဆောင်နေရခြင်းကြောင့် ယခင်ကထက် အခကြေးငွေမြင့်မားလာကြောင်းလည်း သိရသည်။

ထိုအခြေအနေတွင် ကုန်စည်ပို့ဆောင်ရေးကျားဖြန့်လုပ်သူအချို့ ပေါ်ပေါက်လာခြင်းရှိသော်လည်း ကုန်သွယ်လုပ်ငန်းလိုင်စင်၊ ကုန်စည်ပို့‌ဆောင်ရေးလုပ်ငန်းလိုင်စင်များဖြင့် တရားဝင် ကုမ္ပဏီဖွင့်လှစ်လုပ်ကိုင်နေသူများမှာ လိမ်လည်ခံရသည့်အထဲတွင် မပါဝင်ကြောင်း မြဝတီကုန်သည်ကြီးများအသင်းဝင်ထားသူများက ဆိုသည်။