အောက်တိုဘာ (၃၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တောင်ဘက် မင်းလက်ပံရွာတွင်ဖြစ်ပေါ်နေသည့်တိုက်ပွဲမှ လက်နက်ကျည်များ နယ်ကျော်ကာ ထိုင်းဘက်ကျရောက်ခဲ့အပြီး သောင်ရင်းမြစ်ကူးလှေဂိတ်အချို့ကို အောက်တိုဘာ (၃၀) ရက်မှ နိုဝင်ဘာ(၅)ရက်နေ့အထိ ယာယီပိတ်ထားမည်ဖြစ်ကြောင်း ထိုင်းအာဏာပိုင်များက အမိန့်ထုတ်သည်။
ထိုင်းနယ်ခြားစောင့် နရစွမ်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် တပ်ဖွဲ့မှူးက မဲဆောက်အကောက်ခွန်ဦးစီးဌာနသို့ ယမန်နေ့၊ အောက်တိုဘာ(၂၉)ရက်၊ ညနေပိုင်းက မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတားအမှတ်(၁)မှ ဖုတ်ဖရမြိုနယ်၊ မော်လီချိုင်းကျေးရွာများအထိ တရားမဝင်(သဘာဝ)ကမ်းကူးဂိတ်များကို တစ်ပတ်ကြာပိတ်ထားရန် စာဖြင့်အကြောင်းကြားခဲ့ခြင်းဖြစ်သည်ဟု နယ်စပ်သတင်းအရင်းအမြစ်မှ သိရသည်။
“အရင်ရက်က လူကူးတာကိုစာရင်းယူတယ်၊ ဓာတ်ပုံရိုက်တယ်၊ မူးယစ်ဆေး၊ လက်နက်တွေပါမပါ စစ်တယ်။ အခုကတော့ လှေဂိတ်ပိတ်လိုက်ပြီ ကုန်စည်တွေလည်းမသယ်ရဘူး။ အခုသေ့ဘောဘိုးမှာ ဖုတ်ဖရဘက်ကျောင်းတက်တဲ့ကလေးတွေရော ဘယ်သူမှ ကမ်းကူးမရဘူး” ဟု ဖုတ်ဖရ-သေ့ဘောဘိုး ကမ်းကူးလှေဂိတ်အနီး နေထိုင်သူက ပြောသည်။
ဖလူး၊ မင်းလက်ပံဒေသတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်တပ်များနှင့် စစ်အုပ်စုတို့ တိုက်ပွဲဆက်လက်ပြင်းထန်လျက်ရှိရာ ထိုင်းဘက်သို့ လက်နက်ကျည်ကျော် ကျရောက်မှုကြောင့် လူထိခိုက်သေဆုံးမှုနှင့်နေအိမ်ပျက်စီးမှုများ ရှိနေခြင်းဖြစ်သည်။
ယမန်နေ့ မနက်အစောပိုင်းကလည်း မယ့်ကိုကင်းကျေးရွာထဲ နေအိမ်ပေါ် RPG ဗုံးသီးကျပေါက်ပြီး ထိုင်းအမျိုးသမီးကြီးတစ်ဦး ထိခိုက်ဒဏ်ရာရသွားသည်။

ညအချိန်အထိ လက်နက်ကြီးပစ်ခတ်သံများ ထိုင်းဘက်ကကြားနေရသလို အာဏာပိုင်များက လှေကူးဂိတ်များပိတ်၍ ကမ်းနားတွင် လုံခြုံရေးချ စောင့်ကြပ်နေကြသည်ဟု စစ်ဘေးရှောင်သတင်းအရင်းအမြစ်မှ သိရသည်။
လေးကေကော်စစ်ဘေးရှောင်စခန်း တာဝန်ရှိသူတစ်ဦးက “မင်းလက်ပံမှာ တိုက်ပွဲရှိနေတုန်းပဲ။ ညကအထိ လက်နက်ကြီးနဲ့တိုက်ပွဲသံတွေကြားနေရတယ်။ ထိုင်းဘက်ကလည်း မင်းလက်ပံ-မယ့်ကိုကင်းလှေဂိတ်တွေ၊ အင်ကြင်းမြိုင်၊ မယ်ထော်သလေးဂိတ်၊ မော်လီချိုင်းရွာလှေဂိတ်တွေ အခုထိကမ်းကူးမရဘူး။ စစ်ရှောင်စိုက်ခင်းဘက်တွေလည်း လူသွားမရဘူး” ဟု ကေအိုင်စီကို ပြောသည်။
ထို့အပြင် ထိုင်းအာဏာပိုင်များသည် မယ့်ကိုကင်းရွာဘက်ရှိ ဒေသခံများအတွက် ဘေးကင်းလုံခြုံရေးအစီအမံများ စီစဉ်ထားရှိသလို စစ်အုပ်စုနှင့် တော်လှန်ရေးတပ်ဖွဲ့များကိုလည်း နယ်စပ်ဖြတ်ကျော် လက်နက်ကျည်ကျရောက်မှုအပေါ် သတိပေးကြပ်မတ်ခြင်းရှိသည်ဟု ၎င်းနယ်စပ်နေထိုင်သူများက ဆိုသည်။
ထို့အတူ ပြီးခဲ့သည့် အောက်တိုဘာ (၁၅) ရက်ကစပြီး ထိုင်း-မြန်မာနယ်စပ် အုန်းဖျန် မှ ထာ့ဆောင်ရန် မြို့နယ်အထိ ကျေးရွာများတွင် ထိုင်းအာဏာပိုင်အဖွဲ့စုံက နယ်စပ်ဖြတ်ကျော်မူးယစ်ဆေးဝါးဖမ်းဆီးမှု၊ လက်နက် မှောင်ခိုသယ်ယူမှု၊ လူကုန်ကူးမှု၊ တရားမဝင်အထောက်အထားမဲ့ နေထိုင်မှုများအပေါ် ဂိတ်ချစစ်ဆေးခြင်းကို နေ့ညလုပ်ဆောင်နေကြောင်းလည်း ထိုင်းသတင်းအရင်းအမြစ်များက ဖော်ပြသည်။


















