Home သတင်း ကျန်းမာရေးကဏ္ဍ ပူးပေါင်းလုပ်ဆောင်ရန် နယ်စပ်အခြေစိုက်ကျန်းမာရေးအဖွဲ့များနှင့် ချင်းရိုင် MFU တက္ကသိုလ် တို့ တွေ့ဆုံ

ကျန်းမာရေးကဏ္ဍ ပူးပေါင်းလုပ်ဆောင်ရန် နယ်စပ်အခြေစိုက်ကျန်းမာရေးအဖွဲ့များနှင့် ချင်းရိုင် MFU တက္ကသိုလ် တို့ တွေ့ဆုံ

18
Photo: MFU

အောက်တိုဘာ (၃၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကျန်းမာရေးပညာရပ်နှင့်နည်းပညာဖလှယ်ခြင်းအပါအဝင် နယ်စပ်ကျန်းမာရေးကဏ္ဍပိုမိုကောင်းမွန်အောင် ပူးပေါင်းဆောင်ရွက်ရန် ထိုင်း-မြန်မာနယ်စပ်အခြေစိုက် တိုင်းရင်းသားအခြေပြု/လူထုအခြေပြု ကျန်းမာရေးအဖွဲ့များနှင့် ထိုင်းမြောက်ပိုင်း၊ ချင်းရိုင်မြို့ရှိ Mae Fah Luang တက္ကသိုလ်တို့ ပြီးခဲ့သည့် အောက်တိုဘာ(၂၈)ရက်နေ့က တွေ့ဆုံခဲ့ကြကြောင်း သိရသည်။

လေ့လာရေးခရီးစဥ်အဖြစ်သွားရောက်သော အဆိုပါတွေ့ဆုံမှုအတွင်း နှစ်ဖက်ကိုယ်စားလှယ်များအကြား ဆေးဘက်ဆိုင်ရာ ပညာရပ်များအတွက် ဖလှယ်မည့် အစီအစဥ်များ အပါအဝင် သင်ကြားရေးနှင့် လေ့လာရေးနည်းလမ်းများ၊ လက်တွေ့သူနာပြုပညာရေးများကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

“အဓိကကတော့ တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းတွေနဲ့ ဒီတက္ကသိုလ်ကြားမှာ နယ်စပ်ကျန်းမာရေးလုပ်ငန်းတွေအတွက် ပူးပေါင်းဆောင်ရွက်ကြဖို့ ပြောတာတွေရှိတယ်။ ပညာရပ်တွေ၊ ဆေးသင်တန်းသားဖလှယ်ရေးနဲ့ လူသားချင်းစာနာမှုလုပ်ငန်းကွန်ရက်တွေ အချင်းချင်းချိတ်ဆက်နိုင်ဖို့ဖြစ်တယ်” ဟု Suwannimit Foundation ဒုတိယညွှန်ကြားရေးမှူး ဦးငြိမ်းချမ်းမောင်က ပြောသည်။

MFU ဘက်ကတာဝန်ရှိသူများနှင့်တွေ့ဆုံမှုတွင် Suwannmit Foundation အပြင် မယ်တော်ဆေးခန်း၊ မြန်မာနိုင်ငံဆေးပညာရှင်အသင်း(BMA)၊ နယ်လှည့်ကျောပိုးအိတ်ကျန်းမာရေးလုပ်သားအဖွဲ့ (BPHWT)၊ တိုင်းရင်းသားကျန်းမာ‌ရေးစနစ် ‌တောင့်တင်းခိုင်မာ‌ရေးအဖွဲ့(EHSSG)၊ ကရင်နီ ကျန်းမာရေးနှင့်ဖွံ့ဖြိုးရေးကွန်ရက်(CHDN)၊ ကရင်ကျန်းမာရေးနှင့်ကယ်ဆယ်ရေးဌာန(KDHW) နှင့် သျှမ်းကျန်းမာရေးဌာန(SHD) တို့ ပါဝင်ကြသည်။

Photo: MFU

ထို့အပြင် အဆိုပါတွေ့ဆုံမှုတွင် နယ်စပ်ဒေသ ကျန်းမာရေးအဖွဲ့အစည်းများအတွက် သင်ကြားရေးပုံစံများ၊ သင်ရိုးများ၊ သင်တန်းသား အကဲဖြတ်ဆန်းစစ်ခြင်းနှင့် သင်တန်းသားအရည်အသွေး အာမခံစံနှုန်းများ သတ်မှတ်ရေးတို့ အကြံပြုဆွေးနွေးခဲ့ကြကြောင်းလည်း သက်ဆိုင်ရာ တက္ကသိုလ်များ၏ ထုတ်ပြန်ချက် အရ သိရသည်။

နယ်စပ်ဒေသအခြေစိုက်ကျန်းမာရေးအဖွဲ့များနှင့် MFU တာဝန်ရှိသူများ တွေ့ဆုံမှုမှ ပူးပေါင်းဆောင်ရွက်မှု ပိုမိုကောင်းမွန်လာစေရန်အပြင် သက်ဆိုင်ရာကျန်းမာရေးအဖွဲ့များ၏ နည်းပညာပိုင်းသင်ရိုးညွှန်းတမ်းများ စဉ်ဆက်မပြတ် တိုးတက်ကောင်းမွန်လာစေဖို့ အထောက်အကူပြုနိုင်မည်ကိုလည်း မျှော်လင့်နေကြသည်။

ထို့အတူ ကျန်းမာရေးသိပ္ပံပညာရေးတွင် မြင့်မားသော ပညာရပ်ဆိုင်ရာ စံနှုန်းများ ရှိနေစေရန်နှင့် နယ်စပ်ဒေသ စစ်ဘေးရှောင်လူထုများအတွက် လူသားချင်းစာနာမှုဆိုင်ရာ ကျန်းမာရေးလိုအပ်ချက်များကို ရေရှည် ဖြည့်ဆည်းပေးနိုင်ရန် MFU တက္ကသိုလ်၏ ကျန်းမာရေးသိပ္ပံဌာနများအနေဖြင့် မျှော်လင့်ထားကြောင်း သိရသည်။

ထိုင်းနိုင်ငံရှိ တိုးတက်မှုအမြန်ဆုံး အဆင့်မြင့်ပညာရေးအဖွဲ့အစည်းတစ်ခုအဖြစ် အသိအမှတ်ပြုခံရသည့် ထိုင်းအစိုးရပိုင် MFU အား ထိုင်းဘုရင့်မယ်တော်ကြီး၏ဂုဏ်ကျေးဇူးကို မှတ်တမ်းတင်ရန် ရည်ရွယ်၍ ၁၉၉၈ ခုနှစ်က စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး အရည်အသွေးမြင့် သင်ကြားရေး၊ သုတေသနလုပ်ငန်းများနှင့် ထိုင်းပြည်သူများအတွက် လူမှုအကျိုးပြု ဝန်ဆောင်မှုများကြောင့် လူသိများထင်ရှားသည့် တက္ကသိုလ်လည်း ဖြစ်သည်။