Home သတင်း ကိုးလအတွင်း ကလေးနှင့်အမျိုးသမီး အပါအဝင် အရပ်သား (၃၀၀) ကျော် သေဆုံးဟု AAPP ထုတ်ပြန်

ကိုးလအတွင်း ကလေးနှင့်အမျိုးသမီး အပါအဝင် အရပ်သား (၃၀၀) ကျော် သေဆုံးဟု AAPP ထုတ်ပြန်

16
Photo: AP

အောက်တိုဘာ (၂) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

စစ်အုပ်စု၏ သတ်ဖြတ်မှုကြောင့် ဇန်နဝါရီလ (၁)ရက်မှ စက်တင်ဘာလ (၃၀) ရက်နေ့ အထိ ကိုးလအတွင်း နိုင်ငံတစ်ဝှမ်းလုံး၌ ကလေးငယ်နှင့် အမျိုးသမီးအပါအဝင် အရပ်သား (၃၂၅) ဦး သေဆုံးခဲ့ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း- AAPP က ယမန်နေ့ (အောက်တိုဘာ ၁ ရက်နေ့) တွင် ထုတ်ပြန်သည်။

သေဆုံးသူများတွင် အသက် ၁၈ နှစ်အောက် ကလေးငယ် (၇၀) ဦး ပါဝင်ပြီး အမျိုးသမီး (၁၄၅) ဦးနှင့် အမျိုးသား (၁၈၀) ဦး၊ စုစုပေါင်း (၃၂၅) ဦးဖြစ်သည်။ ၎င်းတို့မှာ စစ်အုပ်စု၏ ငါးဦးနှင့်အထက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရခြင်းနှင့်လေကြောင်းတိုက်ခိုက်ခံရခြင်းကြောင့် သေဆုံးခဲ့ရပြီး ရခိုင်ပြည်နယ်တွင် သေဆုံးသူအများဆုံးဖြစ်ကြောင်း AAPP က ဆိုသည်။

၎င်းတို့အား အမည်နှင့်တကွအတည်ပြုနိုင်ခဲ့၍ မြေပြင်တွင် သေဆုံးသူပိုမိုများပြားနိုင်ခြင်းရှိရာ AAPP အနေဖြင့် ဆက်လက်အတည်ပြုပြီးဖော်ပြသွားမည်ဖြစ်သည် ဟုလည်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့အပြင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သားများအပေါ် တိုက်ခိုက်မှုများ ပိုမိုများပြားလာပြီး ဘာသာရေးအဆောက်အအုံများ၊ စာသင်ကျောင်းများနှင့် ဆေးရုံဆေးခန်းများပါ တိုက်ခိုက်ခံနေရကြောင်း ကရင်ငြိမ်းချမ်းရေးအ‌ထောက်အကူပြုကွန်ရက်-KPSN က မှတ်ချက်ပေးသည်။

“မတရားအာဏာသိမ်းပြီးနောက်ပိုင်းမှာ ပိုပြီးတော့ ဆိုးလာတယ်။ တိုက်ခိုက်တဲ့အပေါ်မှာ အရပ်သားပြည်သူတွေကိုပဲ ဦးတည်ပြီး ဘုရားကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံဆေးခန်းတွေကို သူတို့ ဗုံးကြဲတယ်။ ဒါတွေက နိုင်ငံတကာရဲ့ စံချိန်စံညွှန်း၊ လူ့အခွင့်အရေးနဲ့ လုံးဝဆန့်ကျင်ပြီး ချိုးဖောက်နေတာပါ” ဟု KPSN တာဝန်ရှိသူ ဆရာအယ်ဒိုဝါးက ပြောသည်။

စစ်အုပ်စု၏ သတ်ဖြတ်မှုကြောင့် သေဆုံးသူများထဲတွင် ရခိုင်ပြည်နယ်တွင် (၈၉) ဦးဖြင့် အများဆုံးဖြစ်ပြီး စစ်ကိုင်းတိုင်းတွင် (၆၆) ဦးဖြင့် ဒုတိယအများဆုံး ဖြစ်ကြောင်း AAPP ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် သေဆုံးခဲ့သည့် အရပ်သား (၃၂၅) ဦးအနက် (၂၇၄) ဦးသည် စစ်အုပ်စု၏ လေကြောင်း တိုက်ခိုက်မှုကြောင့် အများဆုံး သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု AAPP က ဆိုသည်။

၎င်းအပြင် စက်တင်ဘာလ ၅ ရက်နေ့တွင် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ တံခွန်တိုင်ကျေးရွာ၌ တပ်စွဲထားသော အာဏာသိမ်း စစ်တပ်မှ ဒရုန်းဖြင့် လေကြောင်းမှ ကြဲချတိုက်ခိုက်ခဲ့သောကြောင့် ကျေးရွာအတွင်းရှိ အသက် (၁၈) နှစ်အောက် ကလေး တစ်ဦး အပါအဝင် စုစုပေါင်း ခြောက်ဦး ဗုံးစထိမှန်ပြီး သေဆုံးခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

၂၀၂၁ ခုနှစ်မှ လက်ရှိ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့အထိ စစ်အုပ်စုနှင့်အပေါင်းအပါများကြောင့် သေဆုံးခဲ့ရသည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူနှင့် အရပ်သားပြည်သူ စုစုပေါင်း (၈,၄၇၆) ဦး ရှိပြီဖြစ်ကြောင်း AAPP စာရင်းအရ သိရသည်။