အောက်တိုဘာ (၂၇) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
မြန်မာအင်တာနက်ပရောဂျက်-MIP အဖွဲ့က မှတ်တမ်းတင်ထားသည့် အင်တာနက်ဖြတ်တောက်ခံထားရသည့် ဒေသများကို ပစ်မှတ်ထား၍ စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှု သုံးလတာစာရင်းတွင် အမျိုးသမီးနှင့်ကလေးငယ်များအပါအဝင် အရပ်သား(၃၄၂)ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင်မှ စက်တင်ဘာလအတွင်း စစ်အုပ်စုသည် မြန်မာပြည်တဝန်း လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ (၅၈၁)ကြိမ် လုပ်ဆောင်ခဲ့ရာ အရပ်သား ကလေးငယ် (၃၄)ဦးနှင့် အမျိုးသမီး(၉၀)ဦးထက်မနည်း အပါအဝင် (၃၅၃) ဦးသေဆုံးခဲ့သည်။ ထိုအထဲမှ ၉၆.၉ ရာခိုင်နှုန်းသည် အင်တာနက်ဖြတ်တောက်ခံထားရသည့်ဒေသများတွင် ဖြစ်၍ လူဦးရေအားဖြင့် (၃၄၂) ဦးရှိသည်ဟု မှတ်တမ်းက ဖော်ပြသည်။
ပြီးခဲ့သည့် သုံးလတာနှင့်နှိုင်းယှဉ်ပါက စစ်အုပ်စုလေကြောင်းအသုံးပြုမှုမှာ ၁၁ ရာခိုင်နှုန်းကျော် မြင့်တက်လာခြင်းဖြစ်ပြီး ဆက်သွယ်ရေးနှင့် အင်တာနက်ဖြတ်တောက်ခံရသော ဒေသများတွင် ထိခိုက်ဒဏ်ရာရရှိမှုနှင့် သေဆုံးမှုအန္တရာယ် အများဆုံးကြုံတွေ့နေရသည်ဟု MIP က ဆိုသည်။
ထို့အပြင် ဆက်သွယ်ရအခက်အခဲကြောင့် လက်တွေ့၌ အရပ်သားသေဆုံးမှုကို အတိအကျမသိနိုင်သလို ဒီထက်လည်း ပိုမိုများပြားနိုင်ကြောင်း MIP က မှတ်ချက်ပေးထားသည်။
အဆိုပါမှတ်တမ်းတွင် ပြီးခဲ့သည့်သုံးလအတွင်း စစ်အုပ်စုက ရန်ကုန်တိုင်းဒေသကြီးမှလွဲ၍ ကျန်သည့်တိုင်းနှင့် ပြည်နယ် ၁၃ ခုလုံးတွင် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ထိုအထဲတွင် အကြိမ်ရေ(၁၅၁)ကြိမ်ဖြင့် ရခိုင်ပြည်နယ်က အများဆုံးထိခိုက်နစ်နာခဲ့ခြင်းရှိသည်။
ထို့အတူ စစ်အုပ်စုသည် စစ်ရေးပစ်မှတ်မဟုတ်သည့် ဘာသာရေးအဆောက်အဦး ၃၉ လုံး၊ စာသင်ကြောင်း ၁၆ ကျောင်း၊ ဆေးရုံ/ဆေးခန်း ၃ ခု အပါအဝင် တံတား၊ ဈေးနေရာနှင့် စစ်ဘေးရှောင်စခန်းများကို လေကြောင်းတိုက်ခိုက်ခဲ့ပြီး အရပ်သားအစုလိုက်အပြုံလိုက်သေဆုံးမှုများ ဖြစ်ပေါ်စေကြောင်း MIP က မှတ်တမ်းတင်ထားသည်။
MIP သည် အွန်လိုင်းသုတေသနထုတ်ပြန်ချက်များနှင့် လွတ်လပ်သည့်သတင်းမီဒီယာများမှတဆင့် မြန်မာပြည်သူများ၏ ဒီဂျစ်တယ်အခွင့်အရေး၊ သတင်းအချက်အလက်ရရှိပိုင်ခွင့်၊ လွတ်လပ်စွာထုတ်ဖော် ပြောဆိုနိုင်ခွင့် ချိုးဖောက်ခံနေရမှုများကို လေ့လာစောင့်ကြည့်ခြင်းအပါအဝင် အရပ်သားများအပေါ် ထိခိုက်နစ်နာမှုများကို ကောက်ယူမှတ်တမ်းပြုစုနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။
အလားတူ အင်တာနက် ကန့်သတ်ခံရမှုများနှင့် အွန်လိုင်းအသုံးပြုသူများ၏ အခွင့်အရေးချိုးဖောက်ခံရမှု ရှိမရှိ လေ့လာစမ်းစစ်ပြီး အမှတ်ပေးသည့် Freedom House ၏ စည်းမျဥ်းအရ မြန်မာသည် ယခု ၂၀၂၆ ခုနှစ်တွင်လည်း တရုတ်၊ အီရန်နိုင်ငံတို့နှင့် တန်းတူ အင်တာနက်လွတ်လပ်ခွင့်အဆိုးရွားဆုံးနိုင်ငံများစာရင်းတွင် ပါဝင်နေကြောင်း သိရသည်။


















