Home သတင်း ပထမအကြိမ် ကရင်ပြည်နယ်ရွှေခါးပတ်လက်ဝှေ့ပွဲကို ဗိုလ်မှူးကြီးစောချစ်သူ မိသားစု အဓိကပံ့ပိုးမည်

ပထမအကြိမ် ကရင်ပြည်နယ်ရွှေခါးပတ်လက်ဝှေ့ပွဲကို ဗိုလ်မှူးကြီးစောချစ်သူ မိသားစု အဓိကပံ့ပိုးမည်

25
Photo: KIC, Arku's Facebook

အောက်တိုဘာလ (၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

လာမည့် နိုဝင်ဘာ (၇) ရက်နေ့တွင်ကျရောက်မည့် (၇၁) ကြိမ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ်အဖြစ် ပထမဆုံးအကြိမ်ပြုလုပ်ရန်ရှိသည့် ရွှေခါးပတ် ချန်ပီယံလက်ဝှေ့ပြိုင်ပွဲအတွက် ကရင်နယ်ခြားစောင့်တပ်/ကရင်အမျိုးသားတပ်မတော်(BGF/KNA) မှ ဗိုလ်မှူးကြီးစောချစ်သူ မိသားစုက အဓိက ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း သိရသည်။

ကရင်ပြည်နယ် မြန်မာ့ရိုးရာလက်ဝှေ့အသင်း (KSLA) က ဦးဆောင်ကျင်းပမည့် အဆိုပါလက်ဝှေ့ပွဲအတွက် ပေးအပ်မည့် ရွှေခါးပတ်များကို KNA (၇၇၇) ဗျူဟာ၏ ဗျူဟာမှူး၊ စောထူးအယ်မူး၏ သားဖြစ်သူ စောမင်းတည်သစ်(ခေါ်) ကဂျာဖိုး၏ အမည်ဖြင့် အဓိက ချီးမြှောက် ကူညီပံ့ပိုးပေးခြင်းဖြစ်သည်။

စောထူးအယ်မူးသည် ဗိုလ်မှူးကြီး စောချစ်သူ၏ သားဖြစ်သလို BGF/KNA က ဗိုလ်မှူးချုပ် စောမောင်ဝင်း၏ သားမက်လည်းဖြစ်ကာ စောမင်းတည်သစ် မှာ အဆိုပါ ခေါင်းဆောင် ၂ ဦး၏ မြေးတော်စပ်သည်။

အဆိုပါ ရွှေခါးပတ်ဆုတစ်ဆုအတွက် ကျပ်သိန်းတစ်ရာခန့် တန်ဖိုးရှိကြောင်း ခန့်မှန်ပြောဆိုနေကြသလို အမျိုး သမီး၊ အမျိုးသား ဝိတ်တန်း ၉ ခုစလုံးအတွက် အဓိက ပံ့ပိုးကူညီပေးထားကြောင်း လက်ဝှေ့ပွဲစဉ်ကြေညာချက် တွင် ထည့်သွင်းဖော်ပြပါရှိသည်။

“ဆုကြေးက များတယ်။ ခါးပတ်တန်ကြေးက သိန်းတစ်ရာကျော်တယ်။ ထိုးကြေးကတော့ သူ့တန်ဖိုးနဲ့သူပေါ့နော်။ ကလပ်က ၃၀ ၊ ၄၀ လောက် ပါဝင်ဖို့ ရှိတယ်လို့ ကြားတယ်” ဟု ဖားအံမြို့ခံ လက်ဝှေ့ကစားသမားတစ်ဦးက ပြောသည်။

BGF/KNA ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူအပါအဝင် ၎င်းမိသားစုနှင့် အဖွဲ့အစည်းခေါင်းဆောင်တချို့တို့ကို အမေရိကန်နှင့်ဥရောပသမဂ္ဂမှ ပြီးခဲ့သည့်နှစ်များတွင် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများတွင် ပါဝင်ပတ်သက်မှုဖြင့် ဒဏ်ခတ်ပိတ်ဆို့ထားသည်။

ယင်းကြောင့် ထိုပုဂ္ဂိုလ်များ ပြည်နယ်နေ့လက်ဝှေ့ပွဲအတွက် ကူညီထောက်ပံ့ပေးမည့်အပေါ် ကရင်လူမှုအသိုင်းအဝိုင်းအတွင်း ကြိုဆိုအားပေးသူရှိသလို တဖက်တွင်လည်း ဝေဖန်ပြောဆိုနေကြခြင်းရှိသည်။

အထူးသဖြင့် တရားမဝင်နည်းလမ်းဖြင့်ရရှိလာသည့် ငွေမည်း(မသမာလုပ်မှုမှရရှိလာသည့်ငွေ) များဖြင့် လူထုယုံကြည်မှုကို ရယူခြင်းဖြစ်သည်ဟု ထောက်ပြပြောဆိုကြသည်။

ငြိမ်းချမ်းရေးနှင့်လူ့အခွင့်အရေးတက်ကြွဆောင်ရွက်သည့် ကရင်အရပ်ဖက်အဖွဲ့ဝင်တစ်ဦးက “KNA/BGF တို့ဆိုတာ နိုင်ငံတကာကလည်း သေချာစုံစမ်းဖော်ထုတ်ခံထားရတဲ့ အဖွဲ့တွေ ဖြစ်တယ်။ အခု ဆုကြေးတွေကလည်း တရားဝင်နည်းလမ်းနဲ့ ရရှိလာတဲ့ ငွေတွေ မဟုတ်ဘူး။ သူများဘဝကို ဖျက်ဆီးလိမ်လည်ပြီးမှ ရလာတဲ့ ငွေမည်းတွေ။ လူထုတွေ သူတို့ကို ယုံကြည်လာအောင် လက်ခံလာအောင် လုပ်ဆောင်တာပဲလို့ မြင်ပါတယ်” ဟု ကေအိုင်စီကို ပြောသည်။

စောချစ်သူအပါအဝင် ၎င်း၏ သားဖြစ်သူ စောထူးအယ်မူး နှင့် စောချစ်ချစ်တို့မှာ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် မေလတွင် အမေရိကန်ပြည်ထောင်စု၏ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှု၊ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်)နှင့် ဆက်စပ်ပြီး ဒဏ်ခတ်ပိတ်ဆို့မှုခံထားရသူများ ဖြစ်သည်။

အလားတူ ၂၀၂၄ ခုနှစ် အောက်တိုဘာလပိုင်းတွင်လည်း KNA ခေါင်းဆောင်(၃)ဦးနှင့် ချစ်သူမြိုင်ကုမ္ပဏီတို့ကို မြဝတီမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်တစ်ကြောရှိ အွန်လိုင်းငွေကြေးလိမ်လည်မှု၊ လူမှောင်ခိုမှု၊ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများလုပ်ကိုင်နေမှုဖြင့် EU က အရေးယူထားသည်။

ကရင်ပြည်နယ်နေ့တွင်ပြုလုပ်မည့် ရွှေခါးပတ်ချန်ပီယံလုပွဲကို ဒိုင်အမှတ်ပေးစနစ်ဖြင့် ပထမဆုံးအကြိမ် အကြီး အကျယ်ပြုလုပ်ရန်ရှိသလို ပြိုင်ပွဲတွင် အမျိုးသားဝိတ်တန်း ၈ ခုနှင့် အမျိုးသမီး ဝိတ်တန်း ၁ ခု ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အမှတ်ပေးစနစ်စတင်ကျင့်သုံးမည့်အပေါ်တွင်လည်း ရိုးရာ လက်ဝှေ့လောကအတွင်း ဝေဖန်သူရော ထောက်ခံသူများပါ ရှိနေသည်။ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလက ကျင်းပခဲ့သည့် (၃၄) ကြိမ်မြောက် တောင်ကလေး ကရင်နှစ်သစ် ကူးပွဲတော်၊ လက်ဝှေ့ပွဲတွင်လည်း နိုင်ငံတကာအဆင့်မီ အမှတ်ပေးစနစ်ကို စတင်အသုံးပြုခဲ့ပြီး ပရိသတ်များ၏ ထောက်ခံမှုရရှိခဲ့ကြောင်း သိရသည်။

လက်ရှိ ပြိုင်ပွဲ၏ ကွာတားဖိုင်နယ် ပွဲစဉ်များကို လာမည့် အောက်တိုဘာ (၃) ရက်မှ (၅) ရက်အထိ၊ ဆီမီးဖိုင်နယ် ပွဲစဉ်များကို အောက်တိုဘာ (၁၀) ရက်နှင့် (၁၁) ရက်တို့တွင် ဖားအံမြို့ရှိ ဇွဲကပင် မိုးလုံလေလုံအားကစားရုံ၌ ကျင်းပသွားမည် ဖြစ်သည်။

ဗိုလ်လုပွဲ ပွဲစဉ်များကို နိုဝင်ဘာ (၇) ရက်မှ (၉) ရက်အထိ ကျင်းပသွားမည်ဖြစ်သလို အထူးစိန်ခေါ်ပွဲများလည်း ထည့်သွင်းကျင်းပမည်ဟု KSLA က ဆိုသည်။

BGF အသွင်ပြောင်း KNA ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ မိသားစုသည် ၎င်းတို့ ထိန်းချုပ်ရာဒေသများတွင် ကရင်ရိုးရာ ယဉ်ကျေးမှုပွဲများနှင့် အားကစားပြိုင်ပွဲများကို ငွေကျပ်သိန်း ထောင်ချီအထိ အသုံးပြု၍ ပြိုင်ပွဲများ ပြုလုပ်လေ့ ရှိသည်။