Home သတင်း နယ်စပ်ဖြတ်ကျော် လက်နက်ကျည်ကျရောက်မှုကို ဖြေရှင်းရန် မယ့်ကိုကင်းဒေသခံများ ဆန္ဒထုတ်ဖော်

နယ်စပ်ဖြတ်ကျော် လက်နက်ကျည်ကျရောက်မှုကို ဖြေရှင်းရန် မယ့်ကိုကင်းဒေသခံများ ဆန္ဒထုတ်ဖော်

27
Photo: Thai News

အောက်တိုဘာ (၂၇) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်၊ မဟာဝမ် ကျေးရွာအုပ်စုရှိ မယ့်ကိုကင်း ကျေးရွာသို့ မြန်မာနိုင်ငံဘက်မှပစ်ခတ်လိုက်သည့် လက်နက်ကျည်များကျရောက်ပြီး လူထိိခုက်မှုနှင့် အဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုအပေါ် အာဏာပိုင်များက တာဝန်ယူဖြေရှင်းပေးရန် ယနေ့၊ အောက်တိုဘာ(၂၇)ရက် နံနက်ပိုင်းတွင် ဒေသခံများစုပေါင်း ဆန္ဒထုတ်ဖော်ကြကြောင်း ထိုင်းသတင်းအရင်းအမြစ်များမှ သိရသည်။

မယ့်ကိုကင်း ရပ်ကွက် အမှတ် ၁၊ ၂၊ ၄ နှင့် ၉ ရပ်ကွက်တို့မှ ဒေသခံ (၂၀၀) ကျော်မှာ ကျေးရွာ အထက်တန်းစာသင်ကျောင်း အားကစားကွင်းနေရာ၌ စုဝေးပြီး နယ်စပ်မြန်မာဘက်တွင်ဖြစ်ပွားနေသော တိုက်ပွဲများရပ်တန့်ရေးအပါအဝင် အချက်(၅)ချက်ပါ တောင်းဆိုချက်ဖြင့် ဆန္ဒထုတ်ဖော်ကြခြင်းလည်းဖြစ်သည်။

“အခုတစ်နှစ်နီးပါးမှာ မယ့်ကိုကင်းက ရှမ်း(ထိုင်း)အိမ်တွေ၊ လူတွေထိတယ်၊ တောင်ယာလာလုပ်တဲ့သူတွေ သေကြတာမျိုးအထိ ရှိနေတော့ ရှမ်းတွေဆန္ဒပြပြီလေ။ ကျည်တွေဒီဘက်ကမ်းလာမှန်လို့ စစ် ရှောင်ရတာမျိုးဆိုတော့ ထိုင်းအစိုးရကိုဆန္ဒထုတ်ဖော်ကြတာ” ဟု မယ့်ကိုကင်းနေ ရွှေ့ပြောင်းမြန်မာအလုပ်သမားတစ်ဦးက ပြောသည်။

အဆိုပါဆန္ဒထုတ်ဖော်မှုတွင် နယ်စပ်ဖြတ်ကျော် လက်နက်ကျည်ကျရောက်မှုကို တားဆီးကာကွယ်ပေးရန်၊ ထိခိုက်နစ်နာသူများအား လျော်ကြေး၊ နစ်နာ‌ကြေးပေးရန်၊ ကျေးရွာနေထိုင်သူများ၏ ရေရှည်ဘေးကင်းလုံခြုံရေးအတွက် ဘန်ကာများ၊ ဗုံးခိုကျင်းများ တည်ဆောက်ပေးရန်တို့ ပါဝင်သည်။

Photo: Thai News

ထို့အပြင် ထိုင်းပိုင်နက်အတွင်း ဆက်၍ထိခိုက်မှုမဖြစ်ပေါ်စေရေး ထိုင်းအစိုးရအာဏာပိုင်များက သက်ဆိုင်ရာနှစ်ဖက်အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ပေးရန်၊ တိုက်ပွဲသတိပေးစနစ်နှင့် အချက်ပေးစနစ်များတပ်ဆင်ပေးရန်တို့ကိုလည်း မယ့်ကိုကင်းဒေသခံများက ထည့်သွင်းတောင်းဆိုသွားသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်ကုန်ပိုင်းကစ၍ ဖလူး၊ မင်းလက်ပံ အပါအဝင် မြဝတီမြို့တောင်ဘက်တွင် စစ်အုပ်စုနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့များအကြား အပြန်အလှန်ပစ်ခတ်မှုများ သိသိသာသာပြင်းထန်လာခြင်းဖြစ်သည်။

တိုက်ပွဲအတွင်း လက်နက်ငယ်၊ လက်နက်ကြီးအပါအဝင် (ကာမီကာဇေ) အသေခံဒရုန်းများ ထိုင်းဘက် နယ်ကျော်ကျရောက် ပေါက်ကွဲမှု မကြာခဏဖြစ်ပေါ်ခဲ့ရာ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် လူနေအိမ်(၉)လုံး ထက်မနည်းပျက်စီးခဲ့သည်။ ထို့အတူ မြန်မာအမျိုးသမီး(၂)ဦးသေဆုံးမှုနှင့် ထိုင်းနိုင်ငံသားများအပါအဝင် ထိုင်းဘက်နယ်စပ်နေ (၄)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်းလည်း ဒေသခံများထံမှ သိရသည်။

အလားတူ တိုက်ပွဲဖြစ်စဥ်ကြောင့် ဖလူးနှင့် မင်းလက်ပံ၊ အင်ကြင်းမြိုင်၊ ထီးမယ်ဝါးခီးနှင့် လေးကေကော် မြို့သစ်ဘက်မှဒေသခံများမှာ သောင်ရင်းမြစ်ကိုကျော်ဖြတ်၍ မယ့်ကိုကင်းရွာဘက်သို့ ထွက်ပြေးတိမ်းရှောင်လာကြရာ တစ်နှစ်အတွင်း စစ်ဘေးရှောင်(၂၀၀) ကျော်ရှိနေသည်ဟု မယ့်ကိုကင်းနေထိုင်သူအချို့ က ဆိုသည်။