အောက်တိုဘာ (၃၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးသထူ(သထုံ)ခရိုင်၊ သထုံမြို့နယ်အတွင်းရှိ ကျေးရွာထဲသို့ အောက်တိုဘာ(၂၉)ရက်နေ့က စစ်အုပ်စု၏ အမှတ်(၄၄)ခြေမြန်တပ်မဌာနချုပ်မှ လက်နက်ကြီးများပစ်ခတ်ရာ စာသင်ကျောင်းနှင့်ဘုန်းကြီးကျောင်းနေရာသို့ ကျရောက်ပေါက်ကွဲပြီး ကလေးငယ်(၁)ဦး ဒဏ်ရာရရှိသွားကြောင်း ကေအဲန်ယူထံမှ သိရသည်။
ယမန်နေ့တွင် စစ်အုပ်စုပစ်ခတ်လိုက်သည့် ၁၂၀ မမ အမျိုးအစား လက်နက်ကြီး(၄)လုံးမှာ ချောင်းစောင့်ကျေးရွာအုပ်စု၊ ချောင်းစောင့်ရွာရှိ ဘုန်းကြီးကျောင်းဝန်းနှင့် စာသင်ကျောင်းခေါင်မိုးပေါ်သို့ (၂)လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး အသက်(၉)နှစ်အရွယ် ကလေးငယ် ဒဏ်ရာရရှိသွားသည်။
ဘုန်းကြီးကျောင်းနှင့်စာသင်ကျောင်းအဆောက်အအုံများ ကျည်စထိမှန်ပျက်စီးမှုရှိသလို ကျန်ရှိလက်နက်ကြီး(၂)လုံးမှာလည်း ချောင်းစောင့်နှင့်မရမ်းကုန်းရွာကြားတွင် ပေါက်ကွဲခဲ့သည်ဟု ကေအဲန်ယူက ဆိုသည်။
ထိုနေ့မတိုင်ခင် အောက်တိုဘာ(၂၈)ရက် ညသန်းခေါင်အချိန်တွင်လည်း ကျိုက်ထိုမြို့နယ်၊ ကျောက်ဖျာရွာအုပ်စု၊ ချောင်းစောက်ရွာထဲသို့ ဂျက်ဖိုက်တာဖြင့် ပေါင်(၃၀၀)ဗုံး နှစ်လုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

“သီတင်းကျွတ်လပြည့်နေ့က လာကြဲမယ်ထင်နေတာ မိုးရွာတော့မလုပ်သွားဘဲ လပြည့်ကျော် နှစ်ရက်နေ့ကမှ ကြဲသွားတယ်။ ဗုံးကျတဲ့ကျင်းအနက်က ကျမတစ်ရပ်စာလောက်ရှိတယ်။ လူတော့ဘာမှမဖြစ်ဘူး။ အဲဒီနေ့မတိုင်ခင်ကလည်း ဒရုန်းတွေတောက်လျှောက်တက်နေတာ” ကျောက်ဖျာရွာရှိ အမျိုးသမီးတစ်ဦးက ပြောသည်။
တပ်မဟာ(၁)နယ်မြေ၊ ဒူးသထူခရိုင်ထဲရှိကျေးရွာများသည် ပြီးခဲ့သည့် စက်တင်ဘာလကတည်းကစ၍ စစ်အုပ်စု၏ပစ်မှတ်ထား တိုက်ခိုက်ခံနေရခြင်းဖြစ်ပြီး အထူးသဖြင့် ကျိုက်ထိုမြို့နယ်ထဲတွင် နေ့စဥ်လိုလို လေကြောင်းရန် ခြိမ်းခြောက်မှုရှိနေသည်။
ယင်းကြောင့် ယနေ့အထိ နေရပ်ပြန်မနေရဲသည့်စစ်ဘေးရှောင်အချို့ ရှိသလို စာသင်ကျောင်းများပုံမှန်ပြန်လည် ပတ်ရန်နှင့် ကျန်းမာရေးဝန်ဆောင်မှု ရရှိရေးအတွက် အခက်အခဲဖြစ်ပေါ်နေသည်ဟု ဒေသခံများက ပြောသည်။
ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက်-KPSN ၏အစီရင်ခံစာအရ ဒူးသထူခရိုင်ထဲတွင် ဇူလိုင်လမှ စက်တင်ဘာလအထိ စစ်အုပ်စုက လေကြောင်းနှင့်လက်နက်ကြီးတိုက်ခိုက်မှု (၁၃၃) ကြိမ် လုပ်ဆောင်ခဲ့သလို အရပ်သား (၅) ဦးသေဆုံးပြီး (၁၈) ဦးဒဏ်ရာရရှိခဲ့ကြောင်းလည်း သိရသည်။


















