Home သတင်း ထားဝယ်ရေဘေးသင့်ဒေသသို့ စစ်ကြောင်းထိုးအပြီး စစ်အုပ်စု လေယာဥ်ဗုံးကြဲမှု ထပ်မံလုပ်ဆောင်

ထားဝယ်ရေဘေးသင့်ဒေသသို့ စစ်ကြောင်းထိုးအပြီး စစ်အုပ်စု လေယာဥ်ဗုံးကြဲမှု ထပ်မံလုပ်ဆောင်

18
Photo: Kathy Soe, MOI

အောက်တိုဘာ (၂) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထားဝယ်ခရိုင်တစ်ခုလုံးအားဖြင့် ရေဘေးသင့်နေသည့်အထဲတွင် သရက်ချောင်းမြို့နယ်ရှိ ကျေးရွာများသို့ ပြီးခဲ့သည့် စက်တင်ဘာ(၂၇)ရက်နေ့မှ (၃၀)ရက်နေ့အထိ စစ်အုပ်စုက စစ်ကြောင်းထိုးခဲ့ခြင်းဖြစ်ပြီး ယမန်နေ့ အောက်တိုဘာ(၁)ရက်နေ့ ညနေပိုင်းက လေယာဥ်ဖြင့်ထပ်မံဗုံးကြဲတိုက်ခိုက်သွားကြောင်း ဒေသခံများက ပြောသည်။

စက်တင်ဘာ(၂၉)ရက်နေ့က ထားဝယ်အရှေ့တောဒေသသို့ လေကြောင်းတိုက်ခိုက်မှုအပြီး သရက်ချောင်းရှိ ရွာ(၃)ရွာကို ယမန်နေ့၊ ညနေ(၃)နာရီဝန်းကျင်တွင် စစ်အုပ်စုက လေယာဉ်ဖြင့်ဗုံးကြဲခဲ့ခြင်းဖြစ်သည်ဟု တနင်္ဿာရီလူ့အခွင့်အရေးမှတ်တမ်းတင်ရေးအဖွဲ့ FE5 တနင်္ဿာရီ ထံမှ သိရသည်။

“စစ်အုပ်စုက ဆင်ကျန်း၊ လဘနဲ့ ပိတိုင် အဲဒီသုံးရွာကို ဗုံး (၅) လုံးမဟုတ်ရင် (၆) လုံးကြား ကြဲတယ်လို့တော့ သိရတယ်” ဟု ၎င်းအဖွဲ့မှ တာဝန်ရှိသူက အတည်ပြုပြောသည်။

စစ်အုပ်စုသည် ညနေ ၃း၁၇ မိနစ်တွင် ပိတိုင်ကျေးရွာသို့ ဂျက်ဖိုက်တာဖြင့် ဗုံး(၂)လုံး၊ လဘရွာသို့ (၂)လုံး လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရွာအပြင်ဘက်တွင်ကျရောက်ခြင်းကြောင့် ထိခိုက်သူမရှိဟုလည်း ကေအဲန်ယူ၏ ခရိုင်သတင်းပြန်ကြားရေးဘက်က ဆိုသည်။

ပြန်ကြားရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူးတာဝန်ရှိသူက “ဗုံးက ရွာအပြင်မှာကျရောက်တဲ့အတွက် လူထိခိုက်သေဆုံးတာနဲ့ အဆောက်အဦးတွေ ပျက်စီးတာမရှိပါဘူး” ဟု ကေအိုင်စီကို ပြောသည်။

Photo: Kathy Soe, MOI

မိုးရေချိန်များပြီးရေကြီးမှုကြောင့် ထားဝယ်ခရိုင်တွင် ရေဘေးသင့်နေသည့်ကာလ စက်တင်ဘာ(၂၇)ရက်နေ့မှ စတင်ကာ စစ်အုပ်စုက သရက်ချောင်းမြို့ပေါ်မှ လဘကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။ ထို့နောက် လဘရွာမှ ၎င်းတို့တပ်စခန်းရှိရာ ဝင်းဝရွာသို့ဆက်သွား၍မရသဖြင့် စက်တင်ဘာ(၃၀)ရက်နေ့တွင် နောက်ကြောင်းပြန်ဆုတ်ခဲ့ပြီးနောက် လေကြောင်းလာရောက်တိုက်ခိုက်ခဲ့ကြောင်းလည်း ကေအဲန်ယူက ဆိုသည်။

ထို့အပြင် ဒေသအတွင်းကယ်ဆယ်ရေးလုပ်ဆောင်နေသည့်အဖွဲ့များမှာ ယမန်နေ့က လေကြောင်းရန်ကြောင့် လုပ်ငန်းစဥ်အဟန့်အတားဖြစ်ခဲ့ရသည်ဟု ဒေသခံအချို့က ပြောဆိုနေကြခြင်းရှိသည်။ ၎င်းအပေါ် ကေအိုင်စီ-ကရင်သတင်းဌာနအနေဖြင့်မူ သီးခြားအတည်ပြုနေဆဲဖြစ်သည်။

ပြည်သူသောင်းနှင့်ချီပြီးရေဘေးသင့်ခဲ့ရသည့် ထားဝယ်ခရိုင်အတွင်း စက်တင်ဘာလ(၂၉)ရက်ကတည်းက ရေကျသွားပြီဖြစ်သည်။ သို့သော် လက်ရှိတွင် တင်ကျန်နေသော ရွှံ့နွံများကိုရှင်းလင်းနေရဆဲအခြေအနေဖြစ်၍ ပြန်လည်ထူထောင်ရေးအတွက် ဆောက်လုပ်ရေး၊ အမိုးအကာ၊ စားနပ်ရိက္ခာနှင့်သောက်သုံးရေများ လိုအပ်ချက်နေကြောင်း လူမှုကူညီရေးအသင်းအဖွဲ့များက ပြောသည်။