Home သတင်း တစ်လအတွင်း အရပ်သား ၂ ဦးသေဆုံးပြီး လူနေအိမ် (၃၆) လုံးပျက်စီးခဲ့ဟု ကေအဲန်ယူ-သထုံခရိုင် ဆို

တစ်လအတွင်း အရပ်သား ၂ ဦးသေဆုံးပြီး လူနေအိမ် (၃၆) လုံးပျက်စီးခဲ့ဟု ကေအဲန်ယူ-သထုံခရိုင် ဆို

20
Photo: KNU

အောက်တိုဘာလ (၆) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ သထုံခရိုင်(ဒူးသထူ)၊ တပ်မဟာ (၁) နယ်မြေတွင် စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် စက်တင်ဘာလအတွင်း အရပ်သားပြည်သူ (၂) ဦး သေဆုံးပြီး နေအိမ်(၃၆) လုံးပျက်စီးခဲ့ကြောင်း ခရိုင်၏ လချုပ်မှတ်တမ်းအရ သိရသည်။

စက်တင်ဘာလ (၆) ရက်မှ (၂၉) ရက်နေ့အထိ သထုံခရိုင်၊ ကျိုက်ထိုနှင့် ဘီးလင်းမြို့နယ်တို့တွင် စစ်အုပ်စုက ကျေးရွာများသို့ လက်နက်ကြီး (၁၃) ကြိမ်၊ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု (၉) ကြိမ် နှင့် ဒရုန်းဗုံးကြဲ တိုက်ခိုက်မှု (၂) ကြိမ် စုစုပေါင်း (၂၄)ကြိမ် ပစ်ခတ်မှုလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ယင်းကြောင့် ပြည်သူ(၂)ဦးသေဆုံးသလို (၅) ဦး ဒဏ်ရာရရှိ၍ နေအိမ် အဆောက်အအုံ အပါအဝင် စာသင်ကျောင်း (၁) ကျောင်းနှင့် ကုန်စုံဆိုင် (၂) ဆိုင်လည်း ထိခိုက်ပျက်စီးခဲ့ကြောင်း အဆိုပါမှတ်တမ်းတွင် ဖော်ပြသည်။

စစ်အုပ်စု၏ လေကြောင်း နှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ဒေသခံများ လုပ်ကိုင် စားသောက်နေသည့် လယ်ယာ၊ တောင်ယာများ ထိခိုက်ပျက်စီးခဲ့သည့်အပြင် စစ်ဘေးရှောင်ရာမှ ယနေ့အထိ နေရပ်မပြန်နိုင်သေးသည့်အခြေအနေလည်း ရှိနေသည်ဟု နယ်မြေအုပ်ချုပ်သူအဖွဲ့အစည်းအပါအဝင် ဒေသခံများက ပြောသည်။

ထို့အပြင် ခရိုင်၏ လချုပ်မှတ်တမ်းအရ စက်တင်ဘာလအတွင်း ကျိုက်ထို၊ ဘီးလင်း၊ သထုံနှင့် ဖားအံမြို့နယ်တွင် စစ်အုပ်စုနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တို့ ပူးပေါင်းတပ်ဖွဲ့အကြား တိုက်ပွဲပေါင်း (၁၀) ကြိမ် ဖြစ်ပွားခဲ့သည်။

တိုက်ပွဲအတွင်း စစ်အုပ်စုဘက်က (၁) ဦး သေဆုံးကာ (၃) ဦး ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်ယူက ဆိုထားသော်လည်း ကေအဲန်ယူနှင့်မဟာမိတ်တပ်များ ထိခိုက်သေဆုံးမှုကို ထည့်သွင်းဖော်ပြထားခြင်းမရှိပေ။