Home သတင်း ခလယ်လွီထူခရိုင်တွင် စစ်အုပ်စုဒရုန်းပစ်ခတ်မှုကြောင့် အသက်(၁၇)နှစ်အရွယ် လူငယ်သေဆုံးပြီး (၆)ဦးဒဏ်ရာရ

ခလယ်လွီထူခရိုင်တွင် စစ်အုပ်စုဒရုန်းပစ်ခတ်မှုကြောင့် အသက်(၁၇)နှစ်အရွယ် လူငယ်သေဆုံးပြီး (၆)ဦးဒဏ်ရာရ

23
Photo: KNU

အောက်တိုဘာ (၆) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ခလယ်လွီထူ(ညောင်လေးပင်)ခရိုင်၊ မူး(မုန်း) မြို့နယ်အတွင်း၊ အောက်တိုဘာ(၁)ရက်နေ့က စစ်အုပ်စုမှဒရုန်းဖြင့်ပစ်ခတ်ခဲ့ရာ အသက်(၁၇)နှစ်အရွယ် အရပ်သားလူငယ်(၁) ဦး သေဆုံးပြီး (၆) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ-ဗဟိုက ယနေ့ အောက်တိုဘာလ (၆) ရက်နေ့တွင် ထုတ်ပြန်သည်။

စစ်အုပ်စုသည် မူးမြို့နယ်၊ ကျောက်ကြီးပေါက်ကျေးရွာအတွင်းသို့ ဒရုန်းဖြင့်(၂)ကြိမ် လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်၍ ဆယ်ကျော်သက်လူငယ်သေဆုံးပြီး အသက်(၄၅)နှစ်နှင့်အထက်ရှိ အမျိုးသမီး(၄)ဦးအပါအဝင် ဒေသခံ(၆)ဦး ထိခိုက်ဒဏ်ရာရသွားသည်ဟု ဆိုသည်။

ထို့အပြင် အောက်တိုဘာလ (၃) ရက်နေ့တွင်လည်း လယ်ဒိုမြို့နယ်၊ အင်ပုရစ်ကျေးရွာအတွင်းသို့ စစ်အုပ်စုက ဒရုန်းဖြင့်ထပ်မံလာရောက်၍ (၃) ကြိမ် ပစ်ခတ်ခဲ့သည့်ဖြစ်စဥ်တွင်‌ ဒေသခံပြည်သူပိုင် နေအိမ်(၅)လုံး ထိမှန်ပျက်စီးသွားကြောင်း ကေအဲန်ယူထုတ်ပြန်ချက်က ဖော်ပြသည်။

Photo: KNU

ကေအဲန်ယူအုပ်ချုပ်နယ်မြေများတွင် အရပ်သားပစ်မှတ်ထားတိုက်ခိုက်ခံရမှုများ အမြဲလိုလိုဖြစ်ပွားနေပြီး နေအိမ်နှင့်ပစ္စည်းဥစ္စာများအပါအဝင် ဘာသာရေး၊ စာသင်ကျောင်း၊ ဆေးရုံနေရာများ ပျက်စီးဆုံးရှုံးမှုမှ လူအသက်သေဆုံးမှုအခြေအနေအထိ ရှိကြောင်း ကရင်အရပ်ဖက်အဖွဲ့များက မကြာခဏ မှတ်တမ်းတင် အစီရင်ခံဖူးသည်။

ပြီးခဲ့သည့် ဇူလိုင်လက ထွက်ရှိလာသည့် ကရင်လူ့အခွင့်အရေးအဖွဲ့-KHRG ၏ အစီရင်ခံစာတွင်လည်း အဆိုပါဖြစ်စဥ်များကို မီးမောင်းထိုးပြထားသလို နယ်မြေထဲရှိစစ်ဘေးရှောင်များမှာ အခြေခံလူ့အခွင့်အရေးမရရှိဘဲ အကြောက်တရားအောက်တွင် ရှင်သန်နေကြရသည်ဟု KHRG က ဆိုသည်။

ထို့အတူ ခလယ်လွီခရိုင်တွင်လည်း ယခုနှစ် ဇန်နဝါရီလမှ စပြီး ဇွန်လကုန်အထိ (၆) လတာအတွင်း စစ်အုပ်စု၏လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများ ဖြစ်ပွားခဲ့ရာ အရပ်သား (၇၃) ဦး သေဆုံးခဲ့ရကြောင်း ကေအဲန်ယူ၊ ညောင်လေးပင်ခရိုင်၏မှတ်တမ်းအရ သိရသည်။