Home သတင်း ကရင်အပါအဝင် တောင်ပိုင်းဒေသတွင် တစ်လအတွင်း အရပ်သား (၅၀) ထက်မနည်း စစ်အုပ်စု ဖမ်းဆီးခံရ

ကရင်အပါအဝင် တောင်ပိုင်းဒေသတွင် တစ်လအတွင်း အရပ်သား (၅၀) ထက်မနည်း စစ်အုပ်စု ဖမ်းဆီးခံရ

22
Photo: KIC (ပုံဟောင်း)

အောက်တိုဘာ (၆) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

မြန်မာနိုင်ငံတောင်ပိုင်းဒေသ၊ ကရင်အပါအဝင် မွန်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် ပြီးခဲ့သည့် စက်တင်ဘာလတစ်လအတွင်း စစ်အုပ်စု၏ ဖမ်းဆီးထိန်းသိမ်းခံရသူ အရပ်သား (၅၄) ဦး ရှိခဲ့ကြောင်း ရာမညအင်စတီကျု လူထုအခြေပြု နိုင်ငံရေးသုတေသနဌာန (RICE) က အောက်တိုဘာ(၅)ရက်နေ့တွင် ထုတ်ပြန်သည်။

RICE သုတေသနအဖွဲ့၏ စက်တင်ဘာလ စစ်ရေးပဋိပက္ခဆိုင်ရာ အစီရင်ခံစာအရ ကရင်ပြည်နယ်၊ ဖားအံ ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီး တို့အပါအဝင် တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်နှင့် မွန်ပြည်နယ် (၁၀) မြို့နယ်အတွင်း ဖမ်းဆီးခံရသူ (၅၄) ဦးရှိခဲ့ပြီး စစ်မှုထမ်းစေခိုင်းရန် စစ်အုပ်စုက အဓမ္မဖမ်းဆီးသွားသူ (၃၆)ဦး ပါဝင်သည်။

၎င်းတို့အများစုကို လမ်းမကြီးများတွင် ဂိတ်ချထားသည့် စစ်တပ်၊ ရဲနှင့် ပျူစောထီးများက ခြိမ်းခြောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ကျန်ရှိ(၁၃)ဦးမှာ စစ်အုပ်စု စစ်ကြောင်းထိုးစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်၍ ထိုအထဲတွင် (၁၂) ဦး ပြန်လည်လွတ်မြောက်ခဲ့ပြီးဖြစ်ကြောင်းလည်း အစီအရင်ခံစာအရ သိရသည်။

ထို့အပြင် တော်လှန်ရေးအဖွဲ့များထံသတင်းပေးမှု စွပ်စွဲချက်ဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က) ဖြင့် စစ်အုပ်စုက ဖမ်းဆီးအရေးယူထားသည့် အရပ်သား(၂)ဦးအပါအဝင် အခြားအကြောင်းအရင်းများဖြင့် စုစုပေါင်း(၅)ဦး ဖမ်းဆီးခံခဲ့ရသည်ဟု ဆိုသည်။

စစ်အုပ်စုက အရပ်သားများကို ဖိနှိပ်နေမှုအခြေအနေအပေါ် ကရင်လူ့အခွင့်အရေးအဖွဲ့-KHRG ပြောရေးဆိုခွင့်ရှိသူ စောအဲလ်ဘတ်က “အခုလို ဖမ်းဆီးတာ၊ ပစ္စည်းတွေ အတင်းအဓမ္မ သိမ်းဆည်းတာမျိုး စစ်အုပ်စုက လုပ်နေတဲ့အပေါ် တရားဝင်မှုမရှိသလို နိုင်ငံတကာရဲ့ ဥပဒေအရ လူ့အခွင့်အရေး ချိုးဖောက်ရာ ရောက်ပါတယ်။ သူတို့ကိုယ်တိုင် ပြဋ္ဌာန်းထားတဲ့ ဥပဒေနဲ့ လူထုကို ဖိနှိပ်နေတာဖြစ်ပါတယ်” ဟု မှတ်ချက်ပေးသည်။

နိုင်ငံတကာက မြန်မာနိုင်ငံအပေါ် အာရုံစိုက်မှုလျော့နည်းနေချိန်တွင် အရပ်သားပြည်သူများ၏ရပိုင်ခွင့်ကို စစ်အုပ်စုက ပွင့်လင်းမြင်သာစွာ ချိုးဖောက်နေခြင်းဖြစ်ပြီး ပြည်သူများ၏ စားဝတ်နေရေးနှင့် လုံခြုံရေးအတွက်ပါ ခြိမ်းခြောက်ခံနေရကြောင်းလည်း စောအဲလ်ဘတ်က ဖြည့်စွက်သုံးသပ်သည်။

RICE ၏ အစီရင်ခံစာအရ တောင်ပိုင်းဒေသ၌ စက်တင်ဘာလအတွင်း စစ်အုပ်စု၏ လေကြောင်းသုံး တိုက်ခိုက်မှု (၇) ကြိမ်၊ လက်နက်ကြီး ပစ်ခတ်မှု (၂၇) ကြိမ်နှင့် ဒရုန်းတိုက်ခိုက်မှု (၄) ကြိမ် ဖြစ်ပွားခဲ့၍ စုစုပေါင်း အရပ်သား (၄) ဦး သေဆုံးခဲ့ပြီး(၈) ဦး ဒဏ်ရာရရှိခဲ့သည်။ အထူးသဖြင့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး အုပ်ချုပ်သည့် တပ်မဟာ(၁)နယ်မြေ၊ ကျိုက်ထိုမြို့နယ်တွင် တိုက်ခိုက်မှုအများဆုံးခံရပြီး အရပ်သားထိခိုက်သေဆုံးမှုလည်း အမြင့်ဆုံးဖြစ်နေသည်။

တဆက်တည်းမှာပင် ဘီးလင်းမြို့နယ်ရှိ ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန (KECD) လက်အောက်ရှိ စာသင်ကျောင်း (၂) ကျောင်းနှင့်အရပ်သားနေအိမ် (၄၂) လုံး ပျက်စီးခဲ့ရကြောင်း RICE ၏ အစီရင်ခံစာက ဖော်ပြထားသည်။

ထို့အတူ စစ်အုပ်စုအာဏာသိမ်းထားသည့် ငါးနှစ်ကျော်ကာလအတွင်း ဖမ်းဆီးခြင်းခံခဲ့ရသည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ စုစုပေါင်း (၃၂,၀၀၀) ကျော် ရှိခဲ့ရာတွင် (၉,၃၀၀) ဝန်းကျင်သာ ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) က မှတ်တမ်းတင်ထားခြင်းရှိသည်။